အဖြူမဆင်းဘဲ မိန်းမကိုယ်ယားခြင်း
တစ်ခါတစ်ရံမှာ အမျိုးသမီးတစ်ချို့တွေ အဖြူဆင်းတာ ဘာမှမရှိဘဲလည်း မိန်းမကိုယ်ယားတာတွေ ဖြစ်လာတတ်ကြပါတယ်။ အဖြူမဆင်းဘဲလည်း မိန်းမကိုယ်ယားနိုင်တဲ့အကြောင်းတွေ အများကြီးပါ အသက်ကြီးငယ်မရွေးဖြစ်နိုင်ပါတယ်။
အဖြူမဆင်းဘဲ မိန်းမကိုယ်ယားတာအများစုက သားအိမ်နဲ့ မိန်းမကိုယ်ပိုင်းတွေနဲ့ သိပ်မဆိုင်တတ်ကြပါဘူး။ ဒါပေမယ့် အသက်ကြီးပိုင်းတွေမှာတော့ သားအိမ် မွေးလမ်းကြောင်း မိန်းမကိုယ်တွေမှာ အလိုလို အသားခြောက်လာတတ်ပြီး ယားတာတွေဖြစ်လာနိုင်ပါတယ်။
တစ်ချို့တွေမှာကျတော့ မိန်းမကိုယ်တင်မကဘဲ ကိုယ်ခန္ဓာတစ်ခုလုံးယားတတ်ကြပါတယ်။ အသည်းနဲ့ဆိုင်တတ်တဲ့ ဘီလီရူဘင် bilirubin များနေတဲ့အခါတွေမှာလည်းဖြစ်နိုင်ပါတယ်။ Primary billiary cirrhosis ရောဂါလိုမျိုးတွေမှာလည်းဖြစ်နိုင်တယ်။ ကျောက်ကပ်ဓာတ်တစ်မျိုးဖြစ်တဲ့ urea များတာတို့ ဆေးမတည့်တာတွေတို့မှာလည်းဖြစ်နိုင်ပါတယ်။ ဒီရောဂါတွေမှာတော့ ယားတာတွေအပြင် ရောဂါအခံရဲ့ လက္ခဏာတွေပါရှိနေတတ်ပါတယ်။ အရေပြားရောဂါတစ်ချို့မှာလည်း မိန်းမကိုယ်တင်မကဘူး ကိုယ်ခန္ဓာတစ်ခုလုံးယားနိုင်သေးတယ်။ ဝဲလိုမျိုး ဆိုရီးယပ်စ်စစ်လိုမျိုးတွေပါ။ ဒါပေမယ့် ဒီလိုရောဂါဆိုရင်လည်း အရေပြားတွေမှာ ဖြစ်တဲ့ရောဂါအလိုက် အရည်ကြည်ဖုတွေအကွက်တွေ ရှိတတ်ပါတယ်။
တစ်ချို့တွေမှာတော့ မှိုနဲ့ သန်ကောင်တွေကနေတဆင့် စအိုယားတာကနေမိန်းမကိုယ်ပါ တွဲဖြစ်လာတတ်ပါတယ်။ စအိုတစ်ဝိုက်မှာဖြစ်တတ်တဲ့ လိပ်ခေါင်းရောဂါ စအိုကွဲနာရောဂါနဲ့ ဝမ်းမထိန်းနိုင်တဲ့ရောဂါတွေကြောင့်လည်း စအိုယားယံနေတာကနေ တဆင့် မိန်းမကိုယ်ပါယားလာတတ်ပါတယ်။
တစ်ခါတစ်လေမှာတော့ ကိုယ်ခန္ဓာထဲမှာ တစ်ချို့တစ်ချို့သော ဓာတ်တွေ လိုအပ်တဲ့ပမာဏထိမရှိဘဲ နည်းနေတယ်ဆိုရင်လည်း အသားယားတာတွေဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ဗီတာမင် အေ နဲ့ ဘီအုပ်စု ဖောလစ်အက်ဆစ် သံဓတ် စသဖြင့်ပါ။ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောရက်ရှည်ဖြစ်နေတတ်တဲ့အခါတွေ အစားစားပြီးစားသလောက်အာဟာရမဖြစ်တဲ့ malabsorption ရောဂါသမားတွေမှာ ဖြစ်လေ့ရှိတတ်ပါတယ်။
တစ်ချို့တွေမှာတော့ ရေအိမ်သုံးပစ္စည်းတွေ မသန့်ရှင်းတာကနေလည်းဖြစ်လာတတ်တယ်။ ဆပ်ပြာတွေသန့်စင်ရည်တွေ ပြင်းလွန်းတာတွေကြောင့် မိန်းမကိုယ်အသားတွေခြောက်ပြီးယားယံလာတတ်တယ်။ တင်းကျပ်လွန်းတဲ့ အတွင်းခံတွေ ဘောင်းဘီတွေဝတ်ဆင်တာ အချိန်ကြာမြင့်လွန်းလည်းဖြစ်တတ်တယ်။ အဝတ်တွေလျှော်ပြီး နေပူထဲတန်းတွေနဲ့လှမ်းဖို့လည်းလိုပါတယ်။ တစ်ချို့နေရာဒေသတွေမှာ အဝတ်တွေကို အောက်မှာချခင်းပြီးနေပူပြတတ်ကြတယ်။ ဒါဆိုလျှော်ထားတာလည်းအလကားပါပဲ လှမ်းတာကနေ ဖုန်တွေအညစ်အကြေးတွေပြန်ပေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ အဝတ်အစားတွေကို မဝတ်ခင်မှာလည်း သေချာခါဖို့ လိုအပ်ရင်မီးပူပြန်တိုက်ဖို့လိုပါတယ်။ တစ်ချို့ ဆီးချိုရောဂါရှိသူတွေမှာလည်း ဆီးချိုကြောင့် မိန်းမကိုယ်ယားတာတွေဖြစ်လာနိုင်ပါတယ်။ ဆီးချိုများနေတယ်ဆို ပိုပြီးသိသိသာသာယားပါတယ်။
တစ်ချို့တွေကျတော့ ဘာရောဂါမှမရှိဘဲ စိတ်ကြောင့် ယားတယ်လို့ အလိုလိုထင်နေပြီး အမြဲကုတ်ဖြစ်နေတာပါ။ ကုတ်တာကနေ တစ်ခါပြန်ယား ယားတာကိုပြန်ကုတ်နဲ့ သံသရာလည်နေတတ်ပါတယ်။ စိတ်ကျတာစိတ်ညစ်နေတဲ့ အခါတွေ ပိုဖြစ်တတ်ပါတယ်။
အဖြူမဆင်းဘဲ မိန်းမကိုယ်ယားနေတာတွေမှာ မိန်းမကိုယ်မှာ အနာလို အလုံးလို အဖုတွေရှိနေရင်တော့ မပေါ့စေချင်ပါဘူး။
မိန်းမကိုယ်ကင်ဆာမှာလည်း ဖြစ်တတ်တာလေးတွေရှိတာကြောင့်တော့ သက်ဆိုင်ရာ ဆရာဝန်တွေ နဲ့ တိုင်ပင်ကုသဖို့လိုအပ်ပါတယ်။ တစ်ခြားသောရောဂါတွေကြောင့် အဖြူမဆင်းဘဲ မိန်းမကိုယ်ယားနေတာတွေဖြစ်လာတယ်ဆိုရင် ရောဂါအရင်းခံကို လိုက်ရှာပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူဖို့ လိုအပ်ပါတယ်။
Dr. CST