ကျွန်တော်တို့တွေဟာ ပုထုဇဉ်လူသားတွေဖြစ်တဲ့အလျောက် ရယ်မောစရာရှိရင် ရယ်မောပြီး ဒေါသထွက်စရာရှိရင် ဒေါသထွက်ကာ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းကြပါတယ်။
သို့သော် တိုးတက်လာတဲ့ လူနေမှုအဆင့်အတန်း ယဉ်ကျေးမှုတွေအရ ကိုယ့်လက်ရှိ ဂုဏ်သိက္ခာအဆင့်အတန်းအရ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်အခြေအနေအရ ရာထူးအရ လူအတော်များများဟာ ဒီခေတ်မှာ မိမိခံစားချက်(စိတ်ခံစားမှုတွေ)ကို ချုပ်တည်းနေရတာ များလာတာကိုတွေ့ရပါတယ်။
ဥပမာအနေနဲ့ပြောရရင် ရုံးမှာ မိမိမမှားဘဲနဲ့မိမိကို အထက်လူကြီး သို့မဟုတ် သူဌေးကပြောတယ်ဆိုပါတော့ ရာထူးအနေနဲ့ မိမိရဲ့အထက်ဖြစ်တဲ့အတွက် မိမိမှာမကျေနပ်သော်လည်း အလုပ်ပြုတ်မှာစိုးလို့ မိမိရဲ့မကျေနပ်မှုကိုမြိုသိပ်လိုက်ရတာမျိုး
နောက်တခုအနေနဲ့ပြောရရင်တော့ ကိုယ်က ဆရာဝန် သို့မဟုတ် ကျောင်းဆရာ ဆရာမတွေဆိုပါတော့ ကိုယ်ကဘာအမှားမှမလုပ်ထားသော်လည်း ကံဆိုးချင်ပြီး လူရမ်းကား လူမိုက်က ကိုယ့်ကိုအသားလွတ်ဆဲတယ် မိုက်မိုက်ရိုင်းရိုင်းပြောတယ်ဆိုပါတော့ အဲ့အခါမှာကိုယ့်အနေနဲ့ မကျေနပ်ဒေါသထွက်သော်လည်း ဆရာဂုဏ် သမားဂုဏ် ပညာတတ်ဆိုတဲ့ဂုဏ်တွေ ရှိသောကြောင့် လူရမ်းကား လူမိုက်နဲ့ပြိုင်ဖြစ်နေရင် ပတ်ဝန်းကျင်အမြင်အရ မသင့်တော်တဲ့အတွက် ကြိတ်မှတ်သည်းခံလိုက်ရတာမျိုးတွေပါ။
ဒီဥပမာနှစ်ခုကတော့ ဒေါသကိုမြိုသိပ်တာနဲ့ ဆိုင်တယ်လို့ ပြောလို့ရပါတယ်။
စိတ်ခံစားမှုကို မြိုသိပ်ခြင်းဆိုရာမှာ
ဒေါသကိုမြိုသိပ်တာအပြင် မိမိမှာဝမ်းနည်းစရာ စိတ်မကောင်းစရာရှိနေသော်လည်း မိမိဘေးနားကတခြားသူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ရွှင်ပြတဲ့ပုံစံဟန်ဆောင်ပြီး ဝမ်းနည်းမှုကို မြိုသိပ်တာ သို့မဟုတ် မိမိမှာတအားပျော်စရာရှိသော်လည်း မိမိရောက်နေတဲ့ ပတ်ဝန်းကျင်အနေထားအရ မိမိရဲ့ ပျော်ရွှင်မှုကို မြိုသိပ်ထားရတာ တွေလည်းပါပါတယ်။
စိတ်ပိုင်းဆိုင်ရာ သုတေသနပညာရှင်တွေ လေ့လာချက်အရ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပါများလာတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ ကျွန်တော်တို့ တွေးထင်ထားတာထက်တောင် ဆိုးဝါးပါတယ်တဲ့။
ပညာရှိတို့အမျက် အပြင်မထွက်နဲ့။ အောင်မြင်ချင်ရင် သင့်ရဲ့ စိတ်ခံစားချက်ကို သင့်မျက်နှာပေါ်မှာ မပေါ်အောင်ထိန်းချုပ်နိုင်ဖို့လိုတယ် ဆိုတဲ့ စကားပုံတွေကိုကြားဖူးမှာပါ။ ဒီစကားပုံတွေဟာ ဂုဏ်သိက္ခာထိန်းဖို့နဲ့ အောင်မြင်ဖို့အတွက် မှန်ကောင်းမှန်နိုင်ပေမယ့် စိတ်ပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်တွေအရ အရွယ်မတိုင်မှီ သေဆုံးသူတွေထဲမှာ
စိတ်ခံစားမှုအမျိုးမျိုးကို မြိုသိပ်ခံစားတတ်တဲ့သူတွေဟာ မိမိရဲ့စိတ်ခံစားမှုကို ပွင့်ပွင့်လင်းလင်းဖော်ပြတတ် တခြားသူတွေနဲ့မျှဝေတတ်တဲ့သူတွေထက် ပမာဏ ထက်ဝက်လောက်နီးပါးပိုများနေပါတယ်တဲ့။
ဒီလိုမျိုးစိတ်ခံစားမှုရဲ့ ပယောဂကြောင့် သေဆုံးကြသူတွေ အထဲမှာမှ နှလုံးရောဂါကြောင့် သေဆုံးရသူတွေဟာ အခုခေတ်မှာ ၄၈ ရာခိုင်နှုန်းလောက် တိုးလာပြီး ကင်ဆာကြောင့် သေဆုံးသူတွေကတော့ ၇၀ ရာခိုင်နှုန်းလောက်အထိ တိုးလာပါတယ်။
စိတ်ခံစားမှုကို မြိုသိပ်နေခြင်း သို့မဟုတ် တနုံ့နုံ့တွေးကာ ပြန်ပြန်ခံစားနေခြင်းတွေဟာ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကိုပါ ထိခိုက်နိုင်ပြီး အသက်ကိုတိုစေနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာပညာရှင်များအနေနဲ့ ကျန်းမာရေးစောင့်ကြည့် စစ်ဆေးမှုအဖွဲ့ကို လာရောက်အသင်းဝင်ထားတဲ့ ပျှမ်းမျှအသက် ၄၀ ကနေ ၅၀ ကြားရှိ အမျိုးသားအမျိုးသမီးပေါင်း ၈၀၀ နီးပါးကို ၁၉၉၆ ခုနှစ်မှာ လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲ့လေ့လာမှုရဲ့ မေးခွန်းမေးတဲ့ကဏ္ဍတခုမှာ ပါဝင်စမ်းသပ်ခံသူတွေဟာ သူတို့ရဲ့စိတ်ကို ဘယ်လောက်များချုပ်တည်း နှိပ်ကွပ်ခဲ့ကြသလဲဆိုတဲ့မေးခွန်းတွေပါဝင်ပါတယ်။
ဥပမာ ငါစိတ်တိုတဲ့အချိန်တုန်းက အနီးနားကလူတွေကို ပေးသိခဲ့လား။ဒါမှမဟုတ် မိမိဘေးနားက ပတ်ဝန်းကျင်ကလူတွေကို အနှောင့်အယှက်မဖြစ်အောင် ဒေါသထွက်မှုကို ဖုံးကွယ်ပြီး ရွှင်ပြတဲ့ပုံမျိုး ဟန်ဆောင်ခဲ့လား စသဖြင့်ပါ။
ဒီလေ့လာမှု သုတေသနမှာ ပါဝင်ခဲ့တဲ့သူတွေကို နောက် ၁၂ နှစ်အကြာမှာ ပြန်လေ့လာကြည့်ခဲ့ပါတယ်။ အဲ့အချိန်မှာတော့
ပါဝင်သူ အယောက်၈၀၀နီးပါးအနက် အယောက်၁၀၀နီးပါးဟာသေဆုံးနေပြီဖြစ်ပါတယ်။သေဆုံးသူ၁၀၀ကိုပြန်လေ့လာတဲ့ဆန်းစစ်ကြည့်တဲ့အခါမှာ စိတ်ခံစားမှုကိုမြိုသိပ်ထားတတ်တဲ့သူတွေအရေအတွက်က ပိုများနေပါတယ်။
ဆက်စပ်နေတာနောက်တခုကတော့ အဲ့ဒီလိုမိမိစိတ်ခံစားမှုကိုမြိုသိပ်လေ့ရှိတဲ့သူတွေဟာ သူတို့ရဲ့စိတ်ကို အရက်၊ဆေးလိပ်၊ရယ်ဒီမိတ်အစားအစာ နဲ့ဆီကြော်အစားအစာတွေကိုလည်း အများကြီးစားသုံးခြင်းရှိကြပါတယ်တဲ့။အဲ့ဒီအမူအကျင့်တွေကလဲ သူတို့အသက်တိုဖို့ကိုဖြစ်စေတဲ့နေရာမှာ တစိတ်တပိုင်းအနေနဲ့ပါဝင်နေပါတယ်။
နောက်တချက်ကတော့ စိတ်ခံစားမှုတွေကိုမြိုသိပ်ပါများလာတာနဲ့အမျှ ရေရှည်မှာစိတ်ဖိအားများလာပါတယ်။စိတ်ဖိအားများလာရင် အပျက်သဘောဆောင်တဲ့ အတွေးတွေ၊မကောင်းမြင်စိတ်တွေကို လွယ်လွယ်နဲ့ဖြစ်ပေါ်စေနိုင်ပါတယ်။
သိပ်မကြာသေးခင်ကတွေ့ရှိခဲ့တဲ့လေ့လာမှုတခုအရ ဒေါသထွက်ခြင်း၊စိတ်ခံစားမှုတွေကိုဖွင့်ထုတ်ခြင်းတွေဟာ အပျက်သဘောဆောင်တဲ့အတွေးအမြင်တွေ၊ဖိအားတွေကို လျော့ကျစေပါတယ်တဲ့။
စိတ်တိုခြင်း၊ဒေါသထွက်ခြင်း၊အသံထွက်ပြီး ဟက်ဟက်ပက်ပက်ရယ်မောခြင်း၊အားရပါးရငိုခြင်းတွေစတဲ့ စိတ်ခံစားမှုပေါက်ကွဲခြင်းတွေဟာ ဦးနှောက်ရဲ့အရှေ့ဘက်ခြမ်းက သွေးလည်ပတ်နှုန်းကို မြန်စေပြီး အဲ့ဖြစ်စဉ်မှာ စိတ်ဖိအားလျော့ကျစေပြီး ကိုယ်ခန္ဓာအတွက် ကောင်းကျိုးပြုတဲ့လုပ်ငန်းစဉ်ရလဒ်တွေ ထွက်ပေါ်လာစေပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင်တော့ စိတ်ထောင်းလျှင်ကိုယ်ကြေ၊စိတ်ပျိုလျှင်ကိုယ်နု ဆိုတဲ့စကားအတိုင်း ရခဲလှပြီးတိုတောင်းတဲ့ လူ့ဘဝမှာ ဖြစ်သင့်တာတွေကိုပဲ စဉ်းစားပြီး ဖြစ်သင့်တဲ့အတိုင်းပဲ လုပ်မနေဘဲ တခါတရံမှာ ကိုယ်ဖြစ်ချင်တာတွေကိုလည်းလုပ်ပါ။စိတ်ခံစားမှုတွေကို တအားမြိုသိပ်မထားပါနဲ့။တခါတလေမှာ ဘာမှသိပ်စဉ်းစားမနေဘဲ စိတ်ခံစားမှုတွေကို ဖွင့်ထုတ်ပေးဖို့လိုပါတယ်။ဒါမှသာ စိတ်ဖိအားနည်းပြီး စိတ်ပျိုကိုယ်နုကာ အသက်ရှည်ရှည်နေရမှာပါ စာဖတ်ပရိသတ်တို့။
Author: သီတာနွယ်(အမရပူရ)