မင်္ဂလာပါလို့ OnDoctor က နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ G6PD enzyme ချို့တဲ့ ရောဂါအကြောင်းလေးပဲ ဖြစ်ပါတယ်။ G6PD ရောဂါလို့ လူသိများကြပါတယ်။ G6PD ရောဂါဟာ ကျွန်မတို့ မြန်မာနိုင်ငံသာမကဘဲ အာဖရိကနိုင်ငံတွေ ၊ မြေထဲပင်လယ်နိုင်ငံတွေ နဲ့ အာရှနိုင်ငံတွေမှာပါ ဖြစ်တတ်ပါတယ်။
ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကတော့ ခန္ဓာကိုယ်မှာ မွေးကတည်းက G6PD enzyme မပါလာခဲ့လို့ ဖြစ်ပါတယ်။ G6PD ဆိုတဲ့ enzyme ဟာ ကျွန်မတို့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးနီ ဖွဲ့စည်းထုတ်လုပ်တဲ့ အဆင့်တွေမှာ ပါဝင်ပါတယ်။ ဒီ G6PD မရှိခဲ့ရင် သွေးနီဥ ဖွဲ့စည်းပုံ မမှန်တဲ့အတွက် G6PD ရောဂါရှိသူရဲ့ သွေးနီဥတွေဟာ ပုံမှန်လူတစ်ယောက်မှာရှိတဲ့ သွေးနီဥနဲ့ယှဉ်ရင် ပိုပြီး ပျက်စီးလွယ်နိုင်ပါတယ်။
G6PD ရောဂါဟာ ယောင်္ကျားလေးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ယောင်္ကျားလေးမှာဖြစ်ခဲ့ရင် အမေဘက်က မျိုးရိုးဗီဇ ပါလာတာကြောင့်ဖြစ်ပြီး မိန်းကလေးမှာဆိုရင်တော့ အမေဘက်ကရော အဖေဘက်ကပါ မျိုးရိုးဗီဇ ရနိုင်ပါတယ်။ အမေဘက်က ဦးလေးတွေမှာ G6PD ရောဂါ ရှိခဲ့တယ်ဆိုရင် သားယောင်္ကျားလေးမှာ G6PD ဖြစ်လာနိုင်ချေရှိတယ် ဆိုတာကို သိထားသင့်ပါတယ်။ မိန်းကလေးမှာ ဘာကြောင့်အဖြစ်နည်းရသလဲ ဆိုတာကတော့ သူဟာ X –linked recessive လို့ခေါ်တဲ့ ပုံစံနဲ့ မျိုးရိုးလိုက်တာကြောင့်မို့ ပါပဲ။
နားလည်အောင် ရှင်းပြရရင်တော့ သန္ဓေသားဖြစ်ဖို့အတွက် အမျိုးသမီးတစ်ယောက်ရဲ့ မမျိုးဥကို အမျိုးသားသုက်ပိုးက လာပေါင်းရတယ်။ ဒါမှ zygote လို့ခေါ်တဲ့ သန္ဓေသားလေး ဖြစ်လာတယ်။ ဒါ့ကြောင့် သန္ဓေသားမှာ အမြဲတမ်း အဖေဆီက မျိုးရိုးဗီဇတစ်ဝက် အမေဆီက မျိုးရိုးဗီဇတစ်ဝက် ပါပါတယ်။ recessive ဆိုတာ တိမ်ငုတ်နေသော လို့ဆိုလိုတယ်။ ကလေးက မိန်းကလေးဆိုရင် မျိုးရိုးဗီဇက XX ဖြစ်တယ်။ တိမ်ငုတ်နေတဲ့ပုံစံနဲ့ မျိုးရိုးလိုက်တာ ဖြစ်တဲ့အတွက် အမေဘက်က ဖြစ်စေ အဖေဘက်က ဖြစ်စေပါလာမယ့် X တစ်လုံးမှာ ဗီဇပါလာရုံမျှနဲ့ ရောဂါလက္ခဏာ မပြတတ်တာ ဖြစ်ပါတယ်။
ယောင်္ကျားလေးတွေရဲ့ မျိုးရိုးဗီဇကတော့ XY ဖြစ်တဲ့အတွက် အမေဘက်ကပါလာတဲ့ X တစ်လုံးမှာ ဗီဇပါလာရုံနဲ့ ရောဂါဖြစ်ရတာ ဖြစ်တယ်။ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်ခုဖြစ်တဲ့အတွက် ဒီရောဂါဟာ မိသားစုထဲမှာ ရှိတယ်ဆိုရင် ကိုယ့်ရဲ့နောက်မွေးလာမယ့် မျိုးဆက်မှာ ဘယ်လောက်ထိ ရောဂါပါလာနိုင်ချေနှုန်း ရှိမယ်ဆိုတဲ့ အကြောင်း နည်းနည်းသိထားဖို့တော့ လိုပါလိမ့်မယ်။
နောက်ထပ်တစ်ခုကတော့ ဒီရောဂါ ပါလာခဲ့တယ်ဆိုရင် ဘာလက္ခဏာတွေပြနိုင်သလဲပေါ့ … G6PD ရောဂါရဲ့ ကောင်းတဲ့ အချက်တစ်ခုကတော့ သူဟာမတည့်တဲ့ အရာဝထ္ထုတွေနဲ့ ထိတွေ့တဲ့အခါမှ လက္ခဏာပြတယ်။ သာမန်အချိန်တွေမှာ သူဟာ လူကောင်းတစ်ယောက်လိုပဲ နေနိုင်တာပါပဲ။
G6PD ရောဂါရှိကြောင်းကိုတော့ တစ်ခါတစ်လေ မွေးကင်းစ ကလေးဘဝကတည်းက အသားဝါရာကနေ စသိတာတွေလည်း ရှိတယ်။ ပုံမှန်ဆိုရင် မွေးပြီးပြီးချင်း တစ်ရက်လောက်အတွင်းမှာ ကလေးအသားဝါတာက ရှားတယ်။ အဲဒီအခါ ရောဂါရှာကြည့်လိုက်တော့ G6PD သွားတွေ့တယ်ပေါ့လေ ။ အဲဒီအခါမှာ လတ်တလော အသားဝါတာအတွက်လည်း မီးပြရတာ သွေးလဲရတာကို လိုအပ်သလို ကုသပေးလိုက်တတ်ပါတယ်။ ပြီးတော့ ကလေးနဲ့ ဘာတွေမတည့်တာ ဘယ်လို စောင့်ရှောက်ရမယ်ဆိုတာကိုလည်း ပြောပြပေးလိုက်တတ်ပါတယ်။
ကလေးကြီးလာပြီဆိုရင် ပြတတ်တဲ့ လက္ခဏာကတော့ မတည့်တဲ့အရာတွေနဲ့ ထိတွေ့မိတာအခါမှာ သွေးနီဥတွေ ပေါက်မယ်။ ဒီအခါ သွေးအားနည်းတယ်၊ အသားဝါလာတယ်။ ဆီးထဲမှာ ကိုကာကိုလာအရောင်မှာ ဆီးနီနီတွေပါမယ် အစရှိသဖြင့် ဖြစ်တယ်။
မတည့်တာ အရာတွေနဲ့ ထိတွေ့မိတာဆိုရာမှာ တစ်ခါတစ်လေ စားလိုက်မိတဲ့ အစားအစာကြောင့်လည်း ဖြစ်နိုင်တယ်။ တစ်ခါတစ်လေ G6PD ရှိနေတာကို မသိဘဲ နေမကောင်းဖြစ်တဲ့အခါ ဆေးသောက်လိုက်မိတာကလည်း ဖြစ်နိုင်တယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်သည်ဆိုပါစေ အပေါ်ကပြောပြထားသလို လက္ခဏာတွေပေါ်လာခဲ့ရင် ဆေးရုံကို အချိန်မီ ရောက်သွားဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လိုအပ်ရင်အချိန်မီ သွေးသွင်းနိုင်ဖို့ ဖြစ်ပါတယ်။
G6PD က အပေါ်ကပြောခဲ့တဲ့ အတိုင်းပဲ မတည့်တဲ့ အရာဝထ္ထုတွေနဲ့ ထိတွေ့တဲ့အခါမှ လက္ခဏာပြတဲ့အတွက် မတည့်တဲ့ အရာတွေကို သိထားပြီး ရှောင်နိုင်ဖို့က အရေးကြီးပါတယ်။
မတည့်တဲ့ အရာတွေကတော့ အကြမ်းဖျင်းပြောပြရရင် လူသုံးကုန်ပစ္စည်းထဲက ပရုတ်လုံးပါပါတယ်။ အစားအသောက်ထဲမှာ အရေးအကြီးဆုံးကတော့ တောင်ကြီးပဲကြားပါပဲ။ ပဲတိုင်းကို ရှောင်စရာမလိုပါဘူး ၊ ပဲကြားကိုပဲ ရှောင်စားဖို့ လိုပါမယ်။
နောက်ထပ်မတည့်တာ တစ်ခုကတော့ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေ ပါပါတယ်။ ဒါ့ကြောင့် နေမကောင်းဖြစ်တဲ့အခါ စပ်ဆေးတွေ ဝယ်မသောက်ဖို့က အရေးကြီးပါတယ်။ ဆရာဝန်နဲ့ သွားပြမယ်ဆိုရင်တောင်မှ G6PD ရှိကြောင်းကို သတိပေးဖို့ လိုပါလိမ့်မယ်။ နောက်ထပ်တစ်ခုကတော့ အားဆေးသောက်မယ် ဆိုရင်တော့ vitamin K ပါတဲ့ အားဆေးကို ရှောင်သောက်ဖို့ လိုပါလိမ့်မယ်နော်။
ကဲ ဒီနေ့တော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ G6PD ရောဂါအကြောင်းပြောပြပေးလိုက်ပါတယ်။ ဒါလေးကိုဖတ်ရင်း ကိုယ့်ရဲ့မိသားစုမှာ G6PD ရောဂါရှိသူရှိနေရင် စောင့်ရှောက်ပေးမယ်လို့ ယုံကြည်ရင်း ဒီနေ့တော့ ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နော်… နောက်တစ်ကြိမ် ပြန်ဆုံကြမယ်နော်…
Author : Dr. မွှေး