Hand,foot and mouth (HFDM)disease ဟုခေါ်သော လက်-ခြေ-ပါးစပ်ရောဂါသည် ကလေးများတွင် တွေ့ရတတ်သော ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ၎င်းရောဂါသည် Coxsackie A-16 နှင့် enterovirus-17 ဟုခေါ်သော virus ပိုးများကြောင့် ဖြစ်ရခြင်း ဖြစ်ပါတယ်။ ကလေးငယ်များတွင်သာမက လူကြီးများတွင်လည်း ဖြစ်ပွားနိုင်သော်လည်း အသက်၁၀နှစ်အောက် ကလေးများတွင် အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။ မူကြိုတက်နေသောကလေးများ၊ ကျောင်းနေရွယ် ကလေးများမှာ တွေ့ကြုံခံစားရလေ့ရှိပါတယ်။
ထိုရောဂါ၏ ပြန့်ပွားပုံမှာ အသက်ရှူလမ်းကြောင်းမှထွက်သော အရည်များဖြစ်သည့် တံတွေး၊ နှာရည်တို့မှတစ်ဆင့် ကူးစက်နိုင်ခြင်း၊ ရောဂါဖြစ်နေသော ကလေးငယ်များနှင့် ထိတွေ့ကစားခြင်း၊ အညစ်အကြေးများကို ကိုင်တွယ်ခြင်း စသည်တို့မှ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာများမှ ရောဂါပိုးကူးစက်ခံရပြီး ၃ရက်မှ ၅ရက်အတွင်း တွေ့ကြုံခံစားရနိုင်ပါတယ်။
ရောဂါလက္ခဏာများမှာ
– ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း
– လည်ချောင်းနာခြင်း
– ဝမ်းပျက်ခြင်း၊ နုံးခြင်း၊ ငိုနေခြင်း
– အစားအသောက်ပျက်ခြင်း
– ဖျားပြီး ၂ရက်အကြာတွင် လက်ဖဝါး၊ ခြေဖဝါးတို့တွင် အနီစက်များပေါ်လာခြင်း
– အနီစက်များဖြစ်ပြီးနောက် မီးလောင်ဖုကဲ့သို့ အဖုများပေါ်လာခြင်း
– တင်ပါးနှင့် လိင်အင်္ဂါများတွင်လည်း အဖုများပေါက်လာခြင်း စသည်တို့ တွေ့ကြုံခံစားရတတ်ပါတယ်။
၎င်းအဖုများမှာ ၃ရက်ကနေ ၅ရက်အတွင်း သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ သို့သော် virus ပိုးသည် မစင်အညစ်အကြေးနှင့် ကလေးများ၏ တံတွေးထဲတွင် ရက်ပေါင်းများစွာခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်နေသော ကလေးငယ်မှ အခြားကလေးများသို့ မကူးစက်နိုင်စေရန် ကာကွယ်ထားဖို့ လိုအပ်ပါတယ်။
လက်-ခြေ-ပါးစပ်ရောဂါသည် ရောဂါဖြစ်ပွားပြီး ၇ရက်ကနေ ၁၀ရက်အထိ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ သို့သော် ရောဂါခံစားရနေချိန် သက်သာစေရန် ဆေးများသောက်သုံးနိုင်ပါတယ်။ ကိုယ်ပူကျစေရန် ရေပတ်တိုက်ပေးပါ။ paracetamol တိုက်ပေးလို့ရပါတယ်။ အနာများယားယံလျှင် Calamine lotion လိမ်းပေးနိုင်ပါတယ်။ ကိုယ်ပူအရမ်းကြီးနေလျှင် နီးစပ်ရာ ဆေးခန်းသို့ အချိန်မီပြသပေးပါ။
၎င်းရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးမှာ ရေဓာတ်ဆုံးရှုံးခြင်းပင် ဖြစ်ပါတယ်။ ပါးစပ်၊ အာခေါင်တစ်ဝိုက်တွင် အနာများပေါက်နေပြီး လည်ချောင်းနာခြင်းကြောင့် အစာစားခြင်း၊ ရေသောက်ခြင်းတို့မှာ အနှောင့်အယှက် ဖြစ်တတ်ပါတယ်။ သို့သော် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် ရေများများတိုက်ပေးပါ။ အကယ်၍ ကလေးမှာ ရေမသောက်နိုင်ဘဲ အရမ်းနုံးနေပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီ ပြသပါ။
တခြားနောက်ဆက်တွဲရောဂါများဖြစ်သော အဆုတ်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်တို့မှာ ဖြစ်နိုင်သော်လည်း ဖြစ်ပွားနိုင်သည့်နှုန်းမှာ အလွန်နည်းပါးပါတယ်။ ဒါ့အပြင် လက်သည်းခွံ၊ ခြေသည်းခွံလေးတွေလည်း ကွာကျတတ်ပါတယ်။
လက်-ခြေ-ပါးစပ်ရောဂါ မဖြစ်စေရန် ကာကွယ်နိုင်သည့် နည်းလမ်းများကိုလည်း သိထားသင့်ပါတယ်။ ၎င်းတို့မှာ-
– လက်ကို သေချာစွာဆေးကြောပါ။ အထူးသဖြင့် အိမ်သာတက်ပြီးသည့်အချိန်၊ အညစ်အကြေးများကို ကိုင်ပြီးသည့်အချိန်နှင့် အစားအစာမစားခင် လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ။ Antiseptic Hand Gelများကိုလည်း အသုံးပြုနိုင်ပါတယ်။
– ကလေးများကို မူကြိုကျောင်းနှင့် စာသင်ကျောင်းများသို့ မပို့မီ ဖျားနာခြင်းရှိ၊ မရှိသေချာကြည့်ပြီးမှ ကျောင်းလွှတ်ပါ။ အကယ်၍ မိမိကလေးတွင် ကိုယ်ပူပြီး အနာများပေါက်နေပါက လုံးဝသက်သာတဲ့အထိ ကျောင်းသို့မလွှတ်ဘဲ အိမ်မှာပဲ ထားပါ။ လက်-ခြေ-ပါးစပ်ရောဂါသည် ကလေးတစ်ယောက်မှ တစ်ယောက်သို့ ကူးစက်နိုင်သောကြောင့် ရောဂါဖြစ်နေသော ကလေးကို သီးသန့်ထားစေတာ ပိုကောင်းပါတယ်။
– ကလေးများကို သန့်သန့်ရှင်းရှင်းနေထိုင်ရန် လေ့ကျင့်ပေးပါ။ အရာဝတ္ထုတစ်ခုခုကို မကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးတိုင်း လက်ဆေးရန်လေ့ကျင့်ပေးသင့်သည့်အပြင် ကလေးများကစားထားသော နေရာများ၊ ကစားစရာများကိုလည်း သန့်ရှင်းစွာ ဆေးကြောသင့်ပါတယ်။ ထိုမျှသာမက ပါးစပ်ထဲသို့ လက်ထည့်တတ်သည့် အကျင့်မဖြစ်အောင်လည်း လေ့ကျင့်ပေးရပါမယ်။
– နောက်ဆုံးတစ်ချက်အနေနှင့် ရောဂါဖြစ်ပွားနေသော ကလေးငယ်များကို ရေနှင့်အရည်များများတိုက်ပေးပါ။ ၆လအောက် ကလေးငယ်များကိုလည်း နို့ဆက်လက်တိုက်ကျွေးပါ။ ထိုမှသာ ရောဂါ အမြန်ဆုံးသက်သာနိုင်မှာ ဖြစ်ပါတယ်။ ကလေးဖျားနာနေလျှင် ပေါ့ပေါ့ဆဆ မနေဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီပြသဖို့လည်း လိုအပ်ပါကြောင်း ထပ်မံသတိပေးရင်း အဆုံးသတ်လိုက်ပါရစေ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
Dr.သီတာလှိုင်(ဆေး-၂)