ကလေးများနှင့် အိုင်တီပစ္စည်းများ
လူနာကိုကြည့်လိုက်တော့ အသက် (၁၀) နှစ်ပင် မပြည့်တတ်သေး။ မျက်တောင် ကလေးပုတ်ခတ် ပုတ်ခတ်ဖြင့် မျက်လုံးတွင်လည်း မျက်ရည်ကလေး ဝိုင်းနေသည်။ သူကားယနေ့ ဆေးခန်းကိုလာသည့် ကလေးလူနာလေးပင်ဖြစ်သည်။ “ညနေ ကျောင်းက ပြန်လာကတည်းက ဒီလိုဖြစ်နေတာပဲ ဆရာရေ” ဟု မိခင်ဖြစ်သူက ပြောသည်။
ကလေးက မျက်မှန်တပ်တယ်မဟုတ်လားဟု မေးသော် မိခင်မှ ဟုတ်ကဲ့ဆရာ ဟုဆိုကာ အိတ်အတွင်းမှ ကလေးတပ်အရွယ် မျက်မှန်ကလေးတခု ထုတ်ပြသည်။ ပါဝါ ဘယ်လောက်ရှိသလဲ မေးသော် တဖက်ကို “၇၅” ပါ ဆရာဟု ပြန်ပြော၏။
ခုက ဘယ်ကစဖြစ်တာလဲမေးမှ မိခင်ဖြစ်သူမှ ကလေး၏ရောဂါအကျဉ်းကို စီကာပတ်ကုံး ပြောပြ၏။ ကလေး၏ အသက်မှာ (၈)နှစ်ခွဲဖြစ်ပြီး ပုဂ္ဂလိက ကျောင်းတခုတွင် ပညာသင်ကြားနေသူဖြစ်ကြောင်း၊ လွန်ခဲ့သော (၃)နှစ်ခန့် ကလေး ကျောင်းစတက်သည့် အချိန်မှစ၍ ကလေးကျောင်းပျော်စေရန် Tablet တခုနှင့် ဖုန်းနာရီ (Smart Watch)တခု ဝယ်ပေးခဲ့ကြောင်း၊ ဝယ်ပေးပြီး တနှစ်ပင်မပြည့်သေး မျက်တောင် မကြာခဏ ခတ်သည်ကို သတိထားမိ၍ ကလေးပါရဂူတဦးနှင့် ပြသရာမှစပြီး မျက်မှန် တပ်ခဲ့ရကြောင်း ပြောသည်။ ယခုမူ ကလေးမှာ ကျောင်းကပြန်လာကတည်းက မျက်စိ ပူသည်ဟုဆိုကာ မျက်ရည်များလည်း ကျလျက်ရှိပြီး ပါးစပ်နှင့် ပါး ရွဲ့သွားမတတ် မျက်တောင်ခတ်လျက် ရှိသဖြင့် ဆေးခန်းသို့ လာခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
ယနေ့ခေတ်သည် သတင်းအချက်အလက်နှင့် နည်းပညာများကို တွင်ကျယ်စွာ အသုံးပြုနေသည့် အိုင်တီ (IT) ခေတ်ဖြစ်သလို ၎င်းတို့သည်လည်း အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့် ခေတ်ပင်ဖြစ်သည်။ အသုံးပြုသူ၏ အသက်အရွယ်နှင့် ဆင်ခြင်နိုင်စွမ်း၊ အသုံးချနိုင်စွမ်းကို လိုက်၍ ကောင်းခြင်း၊ ဆိုးခြင်းများ ဖြစ်ပွားလျက် ရှိသည်ကိုလည်း မျက်မြင်ပင်ဖြစ်သည်။ အထူးသဖြင့် မိမိကိုယ်မိမိ ထိန်းချုပ်ဆင်ခြင် နိုင်စွမ်းနည်းပါးသည့် ကျောင်းနေ အရွယ်ကလေးများအတွက် ကျန်းမာရေးရှု့ထောင့် တမျိုးတည်းကကြည့်လျှင် အကောင်းထက် အဆိုးကို ပိုမိုဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိ လာရသည်။
ယခင်အချိန်များက ကျောင်းပိတ်ရက်နှင့် အားလပ်ချိန်များတွင် စာဖက်ခြင်းနှင့် ကလေးများစု၍ ဆော့ကစားကြခြင်း၊ ရေကူးခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ် ကြံ့ခိုင် သန်စွမ်းကြပြီး ဗဟုသုတလည်း ကြွယ်ဝကြသည်။ ယနေ့အချိန်တွင်မူ ဖုန်း, Tablets, Smart Watch, TV စသည့် IT ပစ္စည်းများအရှေ့တွင် ကလေးများ၏ အားလပ်ချိန်များ ပိုမို ကုန်ဆုံးလာသဖြင့် ယနေ့ခေတ် ကလေးများတွင် မျက်စိနှင့်ဆိုင်သော ရောဂါများ၊ အာရုံစူးစိုက်မှုနှင့် ဆိုင်သော ရောဂါများနှင့် အဝလွန်ခြင်းကဲ့သို့သော ယခင်ကာလ များက ကလေးများတွင် တွေ့ရခဲ့သည့် ရောဂါများ ပိုမိုဖြစ်ပွားလာကြကြောင်း တွေ့ရှိရသည်။
ထိန်းချုပ်ဆင်ခြင်နိုင်စွမ်းနည်းပါးသည့် ကလေးများဖြစ်သည့်အတွက် အဆိုပါ ရောဂါ ပြဿနာများအတွက် အဓိက တာဝန်ရှိသူမှာ မိဘ၊ အုပ်ထိန်းသူများပင်ဖြစ်သည်။ မိဘ အုပ်ထိန်းသူများအနေနှင့် မွေးဖွားလာမည့်ကလေးတွင် မျက်စိစွေခြင်း၊ မျက်စိမှုန်ခြင်း၊ စာပေသင်ကြားရာတွင် အခက်အခဲရှိခြင်းနှင့် မွေးရာပါ ရောဂါများ ပါလာမည်ကို စိုးရိမ်ကြသော်လည်း မွေးဖွားပြီးနောက်ပိုင်း IT ပစ္စည်းများကြောင့် ဖြစ်ပွားစေနိုင်သည့် ရောဂါများအတွက်ကိုမူ စိုးရိမ်တတ်ခြင်း နည်းပါးတတ်ကြသဖြင့် ယနေ့ခေတ်တွင် အဆိုပါရောဂါများ ပိုမိုဖြစ်ပွားလာခြင်းဖြစ်သည်။
အထူးသဖြင့် မြို့ပေါ်စာသင်ကျောင်းများရှိ ကလေးများတွင် မျက်မှန်တပ်ရသည့် ကျောင်းသားဦးရေ၏အချိုးသည် ယခင်ကာလများထက် ပိုများလာကြောင်း တွေ့ရှိလာရသလို စာပေသင်ကြားရာတွင်လည်း အာရုံစူးစိုက်မှု နည်းပါးလာကြောင်း ပညာရေးဝန်ထမ်းများမှတဆင့် သိရသည်။
မလိုအပ်ပဲ ကလေးများကို အိုင်တီ (IT) ပစ္စည်းများ အသုံးပြုစေခြင်းဖြင့် ငွေကုန် ကြေးကျ ရှိစေနိုင်သလို ၎င်းမှတဆင့် ရရှိခံစားရသော ရောဂါဝေဒနာများကြောင့် အချိန်ကုန်/ငွေကုန် ဖြစ်စေနိုင်ရုံသာမက အချို့သော ကုသပျောက်ကင်းနိုင်ခြင်း မရှိသည့် ရောဂါများ ဖြစ်ပွားလာလျှင်လည်း ကလေး၏ဘဝတလျောက် စိတ်ရောကိုယ်ပါ ခံစားရစေနိုင်သည်။
ထို့အတွက်ကြောင့် မိဘအုပ်ထိန်းသူများအနေနှင့် ကလေးငယ်များတွင် IT ပစ္စည်းများ အသုံးပြုမှုကို ထိန်းချုပ်သွားကြရန်လိုသည်။ ထို့အပြင် ကလေးငယ်များတွင် အလားတူလက္ခဏာများ ဖြစ်ပေါ်ခံစားရကြောင်း သိလျှင်လည်း ကလေးပါရဂူများထံတွင် အမြန်ဆုံးကုသမှု ခံယူရမည်ဖြစ်ကြောင်း အကြံပြုပြောကြားလိုသည်။
တင့်တယ်