မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အဖြစ်အများဆုံးသော ရောဂါဟု ဆိုလျှင် ဝမ်းပျက်ဝမ်းလျောရောဂါဟုပင် ဆိုနိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အသက် (၅)နှစ်အောက် ကလေးများ ရောဂါကြောင့် သေဆုံးရခြင်းတွင် ဝမ်းပျက်ဝမ်းလျော ရောဂါကြောင့် သေဆုံးရခြင်းကို ဒုတိယအများဆုံးတွေ့ရသည်။ အထူးသဖြင့် ကိုယ်ခံအား စနစ်ကောင်းစွာ ဖွံ့ဖြိုးခြင်း မရှိသေးသော ကလေးငယ်များ၊ တကိုယ်ရည် သန့်ရှင်းမှု အားနည်းသော ကလေးငယ်များနှင့် အဟာရချို့တဲ့သည့် ကလေးများတွင် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားပြီး အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။
ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားစေသော ရောဂါပိုးမွှားများ များစွာရှိသည်။ အလွယ်တကူ ကူးစက်ပြန့်ပွားစေတတ်ခြင်း၊ ထိန်းချုပ်ရန် ခက်ခဲခြင်းနှင့်၊ ဖြစ်ပွားရသော ရောဂါပိုး တမျိုးခြင်းစီကို လိုက်၍ ခံစားရသော လက္ခဏာများ မတူသလို ကုသမှု ပုံစံများ မတူသဖြင့် ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားလျှင် နားလည် တတ်ကျွမ်းသော ဆရာဝန်နှင့် အမြန်ဆုံး သွားရောက်ပြသကာ ကုသမှုခံယူရန်လိုသည်။
ကလေးများတွင်ဖြစ်သောဝမ်းပျက်ဝမ်းလျောရောဂါ
အသက် (၆)လအထက် ကလေးများတွင် ဝမ်းအရေကျဲကျဲ(သို့)ဝမ်းပျော့ပျော့ တနေ့တာအတွင်း (၃)ကြိမ်နှင့်အထက် သွားလျှင် ဝမ်းပျက်သည်ဟု ခေါ်ဆိုနိုင်သည်။ နို့တိုက်နေသော ကလေးများတွင်လည်း ပုံမှန်သွားနေကျ ဝမ်းထက် ပို၍သွားခြင်း၊ ပုံမှန်မဟုတ်သော အနံ့ရခြင်းနှင့် ဝမ်းအရေကျဲကျဲသွားသည်ဟု သတိထားမိလျှင် ဝမ်းပျက်သည်ဟု ခေါ်ဆိုနိုင်သည်။ ဝမ်းပျက်ခြင်းနှင့်အတူ အန်ခြင်းပါ တပါတည်း ခံစားရနိုင်ပြီး အချိန်မီ ထိရောက်သော ကုသမှုခံယူရန်လိုသည်။
ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံရှိ ကလေးငယ်တဦးသည် တနှစ်လျှင် (၃)ကြိမ်မှ (၆)ကြိမ်ခန့်ထိ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားခံစားရနိုင်သည်။ ရောဂါဖြစ်ပွားရသော အကြောင်းအရင်းကို လိုက်၍ အလွယ်တကူ သက်သာ ပျောက်ကင်းသွားနိုင်သော ရောဂါမျိုးရှိသော်လည်း အချို့သော ရောဂါပိုးမွှားများကြောင့် ဖြစ်ပွားရခြင်းများတွင် လိုအပ်သော ကုသမှုကို အချိန်မီ ခံယူနိုင်ခြင်းမရှိပါက အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။
ရောဂါဖြစ်ပွားရသော အကြောင်းအရင်းများ
ဗိုင်းရပ်စ်ပိုးများကြောင့် အများဆုံး ဖြစ်ပွားရခြင်းဖြစ်ပြီး အခြားသော ဘတ်တီးရီးယားပိုးမွှားများနှင့် ကပ်ပါးပိုးများကြောင့်လည်း ဝမ်းပျက် ဝမ်းလျောရောဂါ ဖြစ်ပွားစေနိုင်သည်။ကိုယ်ခံအားနည်းခြင်း၊ အဟာရ ချို့တဲ့ခြင်း၊ ကာကွယ်ဆေးများ ပြည့်စုံအောင် ထိုးနှံထားမှု မရှိခြင်း၊ ခုခံအားကျရောဂါ ခံစားနေရခြင်းနှင့် အသက်(၆)လအောက် ကလေးငယ်များတွင် မိခင်နို့တမျိုးတည်းသာ တိုက်ကျွေးမှုမရှိခြင်း စသည့် အခြေအနေ များတွင် ရောဂါပိုး အလွယ်တကူ ကူးစက်ခံရနိုင်သည်။
နို့ဘူး၊ ချိုလိမ် စသည်တို့အား စနစ်တကျ ပိုးသတ်မှု မရှိခြင်း၊ အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ပြောင်စင်အောင် မဆေးခြင်းနှင့် မသန့်ရှင်းသော သောက်သုံးရေကို သုံးစွဲနေရခြင်း စသည်တို့ကြောင့် အစာလမ်းကြောင်း မှတဆင့် ပိုးမွှားများ ဝင်ရောက်နိုင်ပြီး ဝမ်းပျက်ခြင်းကို ဖြစ်ပွားစေနိုင်သည်။မည်သို့ပင်ဖြစ်စေ အစာသန့်၊ ရေသန့်၊ လက်သန့်၊ အိမ်သာသန့် ဟူသော သန့်(၄)သန့် အားနည်းခြင်းသည်သာ အဓိကဖြစ်ပွားရသော အကြောင်းအရင်းဖြစ်သည်။
ဝမ်းပျက်ဝမ်းလျောရောဂါ ခံစားရလျှင်
ကလေးငယ်များ ဝမ်းပျက်ဝမ်းလျောရောဂါ ခံစားရလျှင် ကုန်ဆုံးသွားသော ရေဓာတ်နှင့် ဆားဓာတ်များ ပြန်လည်ဖြည့်တင်းခြင်းကို အမြန်ဆုံး ပြုလုပ်ရန်လိုသည်။ ဝမ်းပျက်ဝမ်းလျောရောဂါ၏ နောက်ဆက်တွဲဖြစ်သည့် အသက်အန္တရာယ် ရှိသော လက္ခဏာများ ကိုလည်း သိရှိထားရန်လိုပြီး အကယ်၍ တွေ့ရှိ ခံစားရလျှင်လည်း ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသ ကုသမှုခံယူရမည်။
ရောဂါပြင်းထန်ခြင်းမရှိသော ကလေးများအတွက်
ဆောင်ရန်
ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားသော ကလေးငယ်အတွက် အလွယ်ကူဆုံးနှင့် အသက်သာဆုံးကုသမှုမှာ ဓာတ်ဆားရည်တိုက်ကျွေးခြင်းပင်ဖြစ်သည်။ ဓာတ်ဆားရည် တိုက်၍ မရသော ကလေးငယ်များကိုလည်း ဆန်ပြုတ်ငန်ငန် တိုက်ကျွေးခြင်း၊ ဒိန်ချဉ်တွင် ဆားအနည်းငယ် ထည့်၍တိုက်ကျွေးခြင်း၊ စွပ်ပြုပ်ရည်တွင် ဆားထည့်ပြီး တိုက်ကျွေးခြင်း ပြုလုပ်ပေးနိုင်သည်။ သန့်ရှင်းသောရေ၊ ရေကျက်အေး၊ ဆန်ပြုတ်နှင့် စွပ်ပြုပ်ရည် ပေါ့ပေါ့ကိုလည်း ကလေး၏ အခြေအနေအရ တိုက်ကျွေးနိုင်သည်။
ဝမ်းပျက်သော ကလေးငယ်၏ ဝမ်းအရည်များကို ယင်လုံအိမ်သာတွင် စနစ်တကျ စွန့်ပစ်ရမည်ဖြစ်ပြီး ကလေးကိုလည်း ဝမ်းသွားပြီးတိုင်း ပိုးသတ်ဆပ်ပြာဖြင့် သန့်ရှင်းရေး ပြုလုပ်ပေးရမည်ဖြစ်သည်။ အဝတ်အစားများကိုလည်း ပိုးသတ်ဆပ်ပြာ (သို့) ရေနွေးပူပူဖြင့် လျှော်ဖွတ်ကာ နေပူလှန်းပြီးမှ အသုံးပြုရမည်။
ရှောင်ရန်
အချိုရည်တံဆိပ်မျိုးစုံနှင့် အသင့်သောက် ဖျော်ရည်များ၊ ကော်ဖီ၊ လဖက်ရည် တိုက်ကျွေးခြင်းကို လုံးဝရှောင်ကျဉ်ရမည်။ ဆရာဝန်မညွှန်ကြားပဲ ပိုးသတ်ဆေးများ တိုက်ကျွေွးခြင်းနှင့် အခြားကလေးကို ဆရာဝန်မှ တိုက်ကျွေးထားသော ဆေးဝါးများအား မိမိသဘောဖြင့် မိမိကလေးအား တိုက်ကျွေးခြင်းမျိုး လုံးဝ(လုံးဝ) ရှောင်ကျဉ်ရမည်။
ဆေးရုံ/ဆေးခန်းတွင် ကုသမှုခံယူခြင်း
အန္တရာယ်ရှိသော လက္ခဏာများဖြစ်သည့် ဝမ်းသွားရက်(၃)ရက်ကျော်လာခြင်း၊ ဝမ်းအရည်ပိုပို၍များလာခြင်း၊ မကြာခဏ အန်ခြင်း၊ ရေငတ်သည့် လက္ခဏာများ တွေ့ရခြင်း၊ ရေ/ဓာတ်ဆားရည်ကို ပုံမှန်ထက်ပို၍ အလွန်အမင်းသောက်ခြင်း၊ ရေလုံးဝ မသောက်တော့ခြင်း၊ ကလေးမှိန်းလွန်းခြင်း၊ ကလေး ကယောင်ကတမ်းဖြစ်ခြင်း၊ အစာ လုံးဝမစားခြင်း၊ ဖျားခြင်းနှင့် ဝမ်းသွားရာတွင် သွေးပါလာခြင်းများ တွေ့ရှိရလျှင် အသက် အန္တရာယ် ရှိသည့်အတွက် နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးသွားရောက် ကုသမှု ခံယူရမည်။
ကလေးငယ်တွင် ခံစားနေရသော ရောဂါလက္ခဏာကို လိုက်၍ Probiotics ကဲ့သို့သော ဆေးများ၊ ဝမ်းပိတ်ဆေးနှင့် အအန် ပျောက်ဆေးများဖြင့် ကုသမှု ခံယူရ နိုင်သည်။ လိုအပ်မှသာ ပဋိဇီဝပိုးသတ်ဆေးများ အသုံးပြုရမည်ဖြစ်ပြီး ကလေး၏ ရောဂါ အခြေအနေအရ နှာခေါင်းပိုက်မှရေနှင့် အစာထည့်ခြင်း၊ သွေးကြောအတွင်း ဆေးသွင်းခြင်း ပြုလုပ်ရနိုင်သဖြင့် ၎င်းအခြေအနေမျိုး ဖြစ်မလာစေရန်အတွက် ဝမ်းပျက် ဝမ်းလျော မဖြစ်ပွားစေရေး ကာကွယ်ရမည်ဖြစ်သလို ဖြစ်ပွားလာပါကလည်း ဓာတ်ဆားရည်အပါအဝင် ရေနှင့် အစာ လုံလောက်အောင် အမြန်ဆုံး တိုက်ကျွေး/ ဖြည့်တင်းထားရမည်ဖြစ်သည်။
ရောဂါကာကွယ်ခြင်း
ဝမ်းပျက်ဝမ်းလျောရောဂါနှင့် အဟာရချို့တဲ့သော ရောဂါသည် အပြန်အလှန် ဖြစ်ပွားစေနိုင်ရုံသာမက ဖြစ်ပွားပါကလည်း ကုသရန်ခက်ခဲနိုင်သည့်အတွက် ကလေး ငယ်များတွင် ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေး အဟာရ ပြည့်ဝ နေရန် အရေးကြီးသည်။ မိမိနှင့် မိမိပတ်ဝန်းကျင်တွင်လည်း သန့်(၄)သန့် ဆောင်ပုဒ် အတိုင်း အမြဲ သန့်ရှင်းနေစေရေး ပြုလုပ်ထားရမည်ဖြစ်ကာ အထူးသဖြင့် အစားမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ဆေးရန် ကလေးကို ငယ်ငယ်ကတည်းက လေ့ကျင့် ပေးထားရမည်။
ဝက်သက်ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးများ ပြည့်စုံအောင် ထိုးနှံ/ တိုက်ကျွေးထားရမည်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျောခြင်း အတွက် ယခုအချိန်တွင် ကာကွယ်ဆေးများ ကြိုတင် ထိုးနှံထားနိုင်ပြီဖြစ်သဖြင့် ကာကွယ် လိုသည့် မိဘတိုင်း မိမိကလေးကို ကြိုတင်ထိုးနှံပေးထားခြင်းဖြင့် ဝမ်းပျက်ဝမ်းလျော ရောဂါကို ကာကွယ်နိုင်မည်ဖြစ်သည်။
ကလေးများအားလုံး ဝမ်းပျက်ခြင်း ကင်းဝေးကြပါစေ။
တင့ျတယျ