အမျိုးသမီးသားကြောဖြတ်ခြင်းအကြောင်း
အမျိူးသမီးသားကြောဖြတ်ခြင်းဆိုတာက တားဆေးသောက်တာ၊ ထိုးတာ၊ ကွန်ဒုံးသုံးတာ စတဲ့ သားဆက်ခြားနည်းလမ်းတွေထဲက နည်းလမ်းတစ်ခု ပဲဖြစ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင် သန္ဓေအောင်ရန်(ကလေးရရန်) အတွက် မမျိုးဥတစ်ခု(Ovum)ဟာ သားဥပြွန်ကို ဖြတ်သန်းသွားရပြီး သားအိမ်တွင် သုက်ကောင်နဲ့တွေ့ရပါတယ်။
သားကြောဖြတ်တယ်ဆိုတာက ထိုမမျိူးဥဖြတ်သန်းသွားရသောလမ်းကြောင်းဖြစ်သည့် သားဥပြွန်လေးတွေကို (Fallopian Tubes) ကို ဖြတ်တောက်ပြီး ထုံးထားလိုက်တာ ဖြစ်ပါတယ်။ ဒီလိုဖြတ်တောက် ထုံးထားလိုက်တဲ့အတွက် မမျိူးဥဟာ သုက်ကောင်နဲ့ မတွေ့နိုင်တော့တာကြောင့် ကိုယ်ဝန်လည်း မရနိုင်တော့ပါဘူး။
သားကြောဖြတ်တာကို ဗိုက်ခွဲပြီး သားဥပြွန်တွေကို ဖြတ်တောက်ထုံးခြင်းဖြင့် လုပ်နိုင်သလို အခုနောက်ပိုင်း ခေတ်မှီလာတာနဲ့အမျှ
-Hysteroscopic Method
-Electrocautery/diathermy
-Laser
-Clips
-Fallope ring စတဲ့နည်းလမ်းတွေနဲ့လည်း လုပ်နိုင်ပါတယ်။
သားကြောဖြတ်တယ်ဆိုတာက သားအိမ်ကိုပါ ထုတ်လိုက်တာ မဟုတ်တဲ့အတွက် ပုံမှန်ရာသီသွေးကတော့ တစ်လတစ်ခါပေါ်ရမှာပါ။ သို့သော် သားကြောဖြတ်ပြီး ရာသီသွေးမပေါ်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဥပမာ- ကလေးမွေးရင်းနဲ့ တစ်ခါတည်း သားကြောဖြတ်ခဲ့သော မွေးပြီးကလေးကိုလည်း မိခင်နို့တိုက်နေသော အမျိုးသမီးဆိုရင် လေးလနဲ့ ခြောက်လလောက်ထိ ရာသီသွေး မပေါ်ဘဲ ရှိနေတတ်တယ်။ ဒါက သားကြောဖြတ်လိုက်လို့ ရာသီမလာတာ မဟုတ်ပါ။ ကလေးမွေးပြီး ကလေးကို မိခင်နို့တိုက်နေလို့ ရာသီမလာတာပါ။
နောက်ပြီး သားကြောဖြတ်တဲ့အချိန်က သွေးဆုံးတော့မယ့် အချိန်နဲ့ တိုက်ဆိုင်သွားတဲ့ အခါကျရင်လည်း ဖြတ်ပြီးရင် ရာသီမပေါ်တတ်ပါဘူး။ အဲ့လိုမျိုး အခါမှာ တချို့လူတွေက သားကြောဖြတ်လို့ ရာသီမလာတော့ဘူးဆိုပြီး အထင်မှားတတ်ပါတယ်။ (ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပေါ့)
ဒီအခြေအနေတွေ မရှိဘဲနဲ့ သားကြောဖြတ်ပြီးနောက် ရာသီသွေး မပေါ်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ တချို့တလေမှာ သားကြော ဖြတ်ထားလျက်နဲ့ အထဲမှာ ပြေသွားပြီး ပြန်ဆက်သွားတာမျိုးလည်း ဖြစ်တတ်တယ်။ ဒါက စစ်တမ်းတွေအရ အယောက် ၂၀၀ မှာ တစ်ယောက်နှုန်းလောက်ပဲ ဖြစ်တတ်ပါတယ်။ တကယ်ကို ရှားရှားပါးပါးပါပဲ။ ရှားပေမယ့် အဲ့တစ်ယောက်က ကံဆိုးစွာနဲ့ ကိုယ်လည်းဖြစ်နေနိုင်ပါတယ်။
သားကြောဖြတ်ခြင်းရဲ့ကောင်းကျိုးတွေကတော့ တခြားသန္ဓေတားနည်းတွေဖြစ်တဲ့ တားဆေးသောက်တာ၊ ဆေးထိုးတာတို့လို ဟော်မုန်းရဲ့ ဆိုးကျိုးတွေကို မခံစားရဘူးပေါ့။ ဒါ့အပြင် တခြားတားနည်းတွေထက် ကလေးမရဖို့ ပိုစိတ်ချရပါတယ်။
ဆိုးကျိုးအနေနဲ့ကတော့ ခွဲစိတ်တဲ့အခါမှာ ကြုံရတဲ့ ထုံဆေး၊ မေ့ဆေးအန္တရာယ်ရှိနိုင်တယ်။ သားကြောဖြတ်ရင်းနဲ့ အဲ့နားတဝိုက်က အစိတ်အပိုင်းတွေကို ထိခိုက်မှုလည်း ရှိနိုင်တယ်။ တစ်ခုအကြံပေးချင်တာကတော့ ဒီတစ်သက်မှာ ဘယ်လို အကြောင်းကြောင်းကြောင့်မှ ကလေးထပ်မယူတော့ဘူးလို့ အခိုင်အမာ ဆုံးဖြတ်ချက် ချထားတဲ့သူတွေသာ သားကြောဖြတ်ပြီး သန္ဓေတားတဲ့နည်းလမ်းကိုရွေးချယ်သင့်တယ်လို့ ထင်တယ်။ ဖြတ်ပြီးရင် ပြန်ဆက်လို့ မရတတ်လို့ပါ။
အသက်ငယ်တဲ့ အမျိုးသမီးတွေ၊ ကလေးတစ်ယောက်ပဲရှိတဲ့ အမျိုးသမီးတွေဆို မဖြတ်သင့်ဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အသက်ကငယ်တဲ့ အမျိုးသမီးဆိုရင် ကလေးဘယ်နှစ်ယောက်ပဲရှိရှိ ပထမအိမ်ထောင်နဲ့ကွဲခဲ့လို့နောက်ထပ် အိမ်ထောင်ပြုတာမျိုး၊ တပင်လဲလို့တပင်ထူတာမျိုးဆိုရင် ပထမယောကျာ်းနဲ့က ကလေး ဘယ်နှယောက်ပဲရှိရှိ ကလေး ထပ်လိုချင်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ကလေးတစ်ယောက်ပဲရှိတဲ့ အမျိုးသမီးဆိုရင်လည်း မမျှော်လင့်ဘဲ ကိုယ်မွေးထားတဲ့ ကလေးက မတော်တဆ ထိခိုက်မှုတွေကြောင့် ဆုံးပါးသွားမယ်ဆိုရင် ကလေး ပြန်လိုချင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
သားကြောဖြတ်တာ (sterilization)က အမျိုးသမီးတွေမှာပဲ လုပ်လို့ရတာမဟုတ်ပါ။ အမျိုးသားတွေမှာလည်း sterilization လုပ်တာရှိပါတယ်။ အဲ့ဒါကိုကျ male vasectomy လို့ခေါ်ပါတယ်။ သို့သော် တည်ဆဲဥပဒေတွေအရ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အမျိုးသားတွေ သားကြောဖြတ်တာကို လုံး၀ ခွင့်မပြုထားပါ။
အမျိုးသမီးတွေ သားကြောဖြတ်တာတောင်မှ သတ်မှတ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီဖို့လိုပါတယ်။
ကိုက်ညီမှသာ ဗဟိုအမျိုးသမီးဆေးရုံမှာ လျှောက်လွှာဝယ်ပြီး လျှောက်လွှာတင်လို့ ရပါတယ်။ တင်ထားတဲ့ လျှောက်လွှာတွေကို တစ်လတစ်ခါ စိစစ်ရေးဘုတ်အဖွဲ့က စိစစ်ပြီး ခွင့်ပြုသင့်တဲ့ မူဝါဒနဲ့ကိုက်ညီတဲ့ လျှောက်လွှာတွေကို ခွင့်ပြုချက်ပေးပါတယ်။
စိစစ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိမှသာ တရားဝင်ခွဲစိတ်နိုင်မှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရပြီး ငါးနှစ်အတွင်း တရားဝင်ခွဲစိတ်နိုင်ပါတယ်။ အခုလက်ရှိထုတ်ပြန်ထားတဲ့ သားကြောဖြတ် မူဝါဒဆယ်ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
သားကြောဖြတ်မူဝါဒ (၁၀) ချက်
၁။ ယခင် အလျားလိုက်ခွဲစိတ်အမာရွတ်နှစ်ခုရှိသော ကိုယ်ဝန်ဆောင်သည်
၂။ သားအိမ်တွင် ဒေါင်လိုက်ခွဲစိတ်ထားသောအမာရွတ်ရှိ ကိုယ်ဝန်ဆောင်သည်
၃။၅ယောက်မြောက်ကိုယ်ဝန်နဲ့ ၅ယောက်အထက်ကိုယ်ဝန်ဆောင်သည်
၄။အသက်၃၅နှစ် တိတိပြည့်ပြီး လက်ရှိအသက်ရှင်လျက် ကလေး၃ယောက်ရှိသောအမျိုးသမီး
၅။အသက်၃၈နှစ် တိတိပြည့်ပြီး လက်ရှိအသက်ရှင်လျက် ကလေး၂ယောက်ရှိသောအမျိုးသမီး
၆။အသက်၄၀နှစ် တိတိပြည့်ပြီး လက်ရှိအသက်ရှင်လျက် ကလေး၁ယောက်ရှိသောအမျိုးသမီး
၇။ယခင်မွေးထားသောကလေးတွင် မျိုးရိုးဗီဇနဲ့ဆိုင်သော ရောဂါတစ်ခုခုပါလာပြီး နောက်ကိုယ်ဝန်တွင်လည်း ထိုရောဂါ ထပ်ဖြစ်နိုင်ချေများသော အမျိုးသမီး
၈။သမားတော်ကြီး သို့မဟုတ် ခွဲစိတ်အထူးကုဆရာဝန်ကြီးမှ ထောက်ခံချက်ပေးသော နောက်ထပ်ကိုယ်ဝန်မဆောင်သင့်သည် နာမကျန်းရောဂါတခုခုရှိသူများ
၉။ကိုယ်ဝန်ဆောင်ပါက မိမိမှာရှိသော မီးယပ်ရောဂါသည် မိမိအသက်ကို ဒုက္ခပေးနိုင်တဲ့အဆင့် ရောက်သွားနိုင်တဲ့ မီးယပ်ရောဂါအခံရှိသောအမျိုးသမီးများ
၁၀။ယခင်မီးဖွားစဉ်ကအရေးပေါ်အခြေအနေရှိခဲ့သူများ(ဥပမာ အကြောင်းတစ်ခုခုကြောင့် သားအိမ်ကွဲလို့ချုပ်ခဲ့ရတာမျိုး)
ဒီ ၁၀ချက်ထဲက တစ်ချက်ချက်နဲ့ကိုက်ညီရင် ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ လျှောက်လွှာတင်ပြီး ခွင့်ပြုချက်ကျပါက သားကြောဖြတ်ခြင်းကို တရားဝင်ဆောင်ရွက်နိုင်ပါတယ်။
Author : Dr. 528