ကလေးများတွင်အဖြစ်များသော နို့ပွေး
နို့ပွေးဟာ အရေပြားပေါ်မှာဖြစ်တဲ့ အနီကွက်ပုံစံ အဖုကလေးတွေဖြစ်ပါတယ်။ ထိုအနီကွက်အဖုကလေးများဟာ ခြောက်သွေ့ကြမ်းတမ်းပြီးယားယံတတ်ပါတယ်။ ကလေးများတွင် အဖြစ်များသော ပြသာနာတခုဖြစ်ပါတယ်။ အသက် ၅ နှစ်အောက်မှာ အများဆုံးဖြစ်တတ်ပြီး နို့စို့ကလေးအရွယ်ဖြစ်တဲ့ အသက် ၂ လကနေ ၆ လ အတွင်းမှာ ပိုအဖြစ်များပါတယ်။
နို့ပွေးအဖြစ်များဆုံးနေရာတွေကတော့ လက်၊ မျက်နှာ၊ လည်ပင်း၊ တံတောင်ဆစ်နဲ့ ဒူးအတွင်းပိုင်း (ဒကောက်ကွေး)နေရာတွေပဲဖြစ်ပါတယ်။ နို့ပွေးကို Infantile eczema လို့ခေါ်သလို Atopic dermatitis လို့လည်းခေါ်ပါတယ်။ Atopic Dermatitis လို့ပြောရတဲ့အကြောင်းရင်းကတော့ နို့ပွေးပေါက်တဲ့ကလေးဟာ အခြားဓါတ်မတည့်လို့ဖြစ်တဲ့ Asthma (ပန်းနာရင်ကြပ်ရောဂါ)၊ Hay fever စတဲ့ရောဂါတွေပါ ဖြစ်နိုင်ခြေများလို့ပါ။
နို့ပွေးဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ အခုထိသေချာတိကျစွာမသိသေးပါ။ သို့သော်လေ့လာခဲ့တဲ့ သုတေသနတွေအရတော့ မျိုးရိုးဗီဇနဲ့ ဆိုင်နိုင်ခြေများတယ်လို့သိရပါတယ်။ ဆိုလိုတာက ကလေးရဲ့အဖေ သို့မဟုတ် အမေမှာ ငယ်ငယ်တုန်းက နို့ပွေးဖြစ်ဖူးရင် သူတို့ကနေမွေးလာတဲ့ကလေးမှာလည်း နို့ပွေးဖြစ်နိုင်ခြေများပါတယ်။ မျိုးရိုးလိုက်တဲ့ သဘောပေါ့။
အရေပြားမှာအကြောင်းတခုခုကြောင့် အဆီဆဲလ် (Fatty cells) တွေနည်းလာကာ ရေဓါတ်ဆုံးရှုံးပြီး အရေပြားခြောက်သွေ့တဲ့အခါမှာလည်း နို့ပွေး ဖြစ်နိုင်ပါတယ်။ နို့ပွေးပေါက်နေတုန်းမှာ ကိုယ်တိုက်ဆပ်ပြာမွှေးတွေ၊ အဝတ်လျှော်ဆပ်ပြာတွေ၊ ရေမွှေးတွေနဲ့ထိတွေ့တာ၊ ဖုန်မှုန့်၊ စီးကရက်အငွေ့စတဲ့ အငွေ့အမှုန်တွေနဲ့ထိတွေ့မှုများတာ သိုးမွှေးအကျီဝတ်တာ၊ နွားနို့၊ မြေပဲ၊ ကြက်ဥတွေကျွေးတာ စတဲ့အကြောင်းအရာတွေရှိခဲ့ရင် နို့ပွေးကိုပိုဆိုးစေနိုင်ပါတယ်။
ဒါကြောင့် နို့ပွေးပေါက်နေစဉ်မှာ
ကလေးရဲ့အကျီတွေကိုလျှော်တဲ့အခါ အမွှေးနံမပါတဲ့ ရွှေဝါ သို့မဟုတ် ကာဘော်လစ်ဆပ်ပြာနဲ့တာလျှော်ပါ။ ကလေးကိုရေချိုးပေးတဲ့အခါမှာလည်း ဆပ်ပြာအမွှေးခဲတွေမသုံးဘဲ ကလေးသုံးအမွှေးနံ့မပါတဲ့ဆပ်ပြာကိုသာသုံးပါ။ ကလေးကိုချည်အကျီလိုလေဝင်လေထွက်ကောင်းတဲ့ အကျီမျိုးကိုသာဝတ်ဆင်ပေးပါ။ သိုးမွှေးအကျီဝတ်ပေးတာ မျိုးကိုရှောင်ပါ။ ကလေးငယ်ကို ရေချိုးပြီးကာစ အချိန်တွင် ရေဓာတ်ပါသော လိုးရှင်းများ၊ အနံ့မပါသော cream ၊ အဆီများလိမ်းပေးခြင်းဖြင့် နို့ပွေးကိုသက်သာစေနိုင်ပါတယ်။
နို့ပွေးပေါက်ရင်အလွန်ယားယံတတ်ပါတယ်။
ယားလို့ ထိုအနီကွက်အဖုလေးတွေကို ကလေးက လက်နဲ့သွားပွတ်တာ၊ ကုတ်တာတွေလုပ်မိရင် အနီကွက်အဖုလေးတွေကနေ အရည်ထွက်တာ၊ သွေးထွက်တာတွေဖြစ်ပြီး ပိုးဝင်ကာ ပြည်တည်နိုင်ပါတယ်။ ဒါကြောင့် နို့ပွေးဖြစ်သော အကွက်အား ကလေးငယ်မှ မကုတ်မိစေရန် သတိထားပါ။ ကလေးရဲ့ လက်သည်းများကို တိုတိုညှပ်ထားပေးပါ။ တတ်နိုင်လျှင်ကလေးလက်အိပ်စွပ်လေးများစွပ် ပေးထားပါ။
နို့တိုက်တဲ့အခါ နို့ရည်ကလေးအရေပြား (အထူးသဖြင့် ပါး) မှာ ပေကျန်နေတာမျိုးရှိရင် အဝတ်သန့်အစို (Wet tissue) လေးနဲ့သုတ်ပြီးသန့်စင်ပေးပါ။ နို့ပွေးပေါက်တာက အများအားဖြင့် ကျောင်းနေအရွယ်မတိုင်ခင်မှာ သူ့ဘာသာသူအလိုအလျောက် ပျောက်ကင်းသွားတတ်ပါတယ်။ သို့သော် ကလေးကသွားကုတ်မိရာကနေ ပိုးဝင်တာ၊ ပြည်တည်တာတွေဖြစ်ရင် အရေပြားကယားယံတာဖြစ်ရုံမက နာကျင်တာပါဖြစ်လာရင် ကလေးက နို့ပွေးကြောင့် ညစဉ်ရက်ဆက် အိပ်ရေးပျက်တာများလာပြီး နေမထိထိုင်မသာဖြစ်လာရင် တော့ ဆေးခန်းပြသဖို့လိုအပ်ပါတယ်။
Dr 528