ကလေးတွေကို အားဖြည့်အချိုရည် တိုက်သင့်လား။
တကမ္ဘာလုံးရှိ လူအတော်များများဟာ အားဖြည့်အချိုရည်တွေကိုကြိုက်နှစ်သက်ကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာအားဖြည့်အချိုရည်မျိုးစုံကို အသက်အရွယ် ကျားမ မရွေး သောက်သုံးနေကြပါတယ်။
အထူးသဖြင့် ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ အများဆုံးနှစ်ခြိုက်စွာသောက်သုံးနေကြပါတယ်။ အားဖြည့်အချိုရည်တွေဟာ ဖျော်စပ်ပြီး အသင့်သောက်သုံးနိုင်တဲ့သံဗူးတွေ၊ ပလတ်စတစ်ဗူးပုံစံတွေနဲ့လာသလို မိမိဘာသာရေနဲ့ရောစပ်ပြီးဖျော်သောက်ရတဲ့ အမှုန့်ထုပ်လေးတွေပုံစံနဲ့လည်းလာပါတယ်။
အားဖြည့်အချိုရည်ကြေညာတွေကိုကြည့်ပြီး လူအများစုအနေနဲ့ အားဖြည့်အချိုရည်တွေသောက်ရင် လန်းဆန်းတက်ကြွတယ်။ အိပ်ရေးပျက်ခံနိုင်တယ်။ အားရှိတယ် စတဲ့ ကောင်းကျိုးတွေပဲရမယ် လို့ထင်နေကြပါတယ်။
တကယ်တမ်းမှာတော့ ဆိုးကျိုးတွေလည်းရှိပါတယ်။ အားဖြည့်အချိုရည်တွေသောက်ရင် လန်းဆန်းတက်ကြွတယ်၊ အိပ်ရေးပျက်ခံနိုင်တယ် ဆိုတာက အားဖြည့်အချိုရည်တွေမှာ ပါတဲ့ ကဖိန်းဓါတ်ကြောင့်ဖြစ်ပါတယ်။
နိုင်ငံခြားကသုတေသနစာတမ်းတွေအရ အားဖြည့်အချိုရည်အများစုမှာ နှလုံးသွေးကြော၊အာရုံကြောနဲ့အစာချေဖျက်မှုလမ်းကြောင်းတို့ကို ထိခိုက်စေနိုင်သော ကဖိန်းဓါတ် ပမာဏဟာ မြင့်မားစွာပါဝင်နေကြောင်း တွေ့ရှိရပါတယ်။ အကြမ်းအားဖြင့်ပြောရရင် အားဖြည့်အချိုရည် တဗူးသောက်တာဟာ ကော်ဖီ ၄ခွက်သောက်တာနဲ့ညီမျှပါတယ်။ အားဖြည့်အချိုရည်တံဆိပ်အမျိုးအစားပေါ်မှုတည်ပြီးတော့ ကွဲလွဲမှုတော့ရှိနိုင်ပါတယ်။
ဒီလိုကဖိန်းဓါတ်ပမာဏမြင့်မားစွာပါဝင်တာကြောင့် အားဖြည့်အချိုရည်တွေကို သောက်ကောင်းကောင်းနဲ့အများကြီးသောက်မိပါက ချက်ချင်းအနေနဲ့ ရင်တုန်တာ၊ အိပ်မပျော်တာ၊ စိုးရိမ်မှုတွေလွန်ကဲလာတာ၊ နေမထိထိုင်မသာဖြစ်တာတွေခံစားရနိုင်ပြီး ရေရှည်မှာဆိုရင် ဆီးချိုဖြစ်တာ၊ နှလုံရောဂါနဲ့သွေးတိုးရောဂါတွေဖြစ်တာ၊ အူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်တာ စသဖြင့် ဖြစ်လာနိုင်ပါတယ်။
အမေရိကန်နိုင်ငံက ဆေးသုတေသနပညာရှင်တဦးက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်များသည် ကိုယ်ခံအားလည်းနည်းကာ ဖွံ့ဖြိုးစအရွယ်လည်းဖြစ်သည့်အတွက် အားဖြည့်အချိုရည်တွေ မသောက်သင့်ကြောင်းအကြံပြုထားပါတယ်။
တခြားကျန်းမာရေးပညာရှင်တွေကလည်း ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမလုပ်မီနဲ့ လုပ်နေစဉ်အတွင်းမှာ အားဖြည့်အချိုရည်မသောက်ဖို့ လမ်းညွန်ထားပါတယ်။
Dr 528