ရင်သွေးငယ်လေးများကိုကိုနို့တိုက်ပြီးချိန်မှာဆိုရင် မိခင်တွေရဲ့ရင်သားဟာအများအားဖြင့်ပျော့ပျောင်းသွားလေ့ရှိပါတယ်။
သို့သော် တချို့မိခင်တွေမှာ ရင်သွေးငယ်က နို့ကို အပြည့်အဝမစို့လို့ရှိရင် နို့တိုက်ပြီးချိန်မှာ မိခင်ရဲ့ရင်သားဟာ ပျော့ပျောင်းမသွားဘဲ တင်းနေတတ်ပါတယ်။တခါတရံမှာအရမ်းတင်းလွန်းတာကြောင့် နာကျင်မှုကိုပါခံစားရနိုင်ပါတယ်။
အဲ့အခါမှာဆိုရင် ကလေးမစို့နိုင်လို့ကျန်နေတဲ့ နို့ရည်များကို ညှစ်ထုတ်ရပါမယ်။
ဒါမှသာ နို့အကြွင်းအကျန်တွေထွက်ပြီး နို့ရည်အပြည့်ပြန်ဖြစ်လာပြီး နို့ထွက်ကောင်းလာမှာပါ။
အဲ့လိုမညှစ်ထုတ်ဘူးဆိုရင် နို့ကျန်ရှိနေတဲ့အတွက် အသစ်ပြန်ပြည့်မယ့်နို့ရည်ပမာဏာဟာနည်းသွားပြီး ကြာလာရင် နို့ရည်ထွက်နှုန်းနည်းလာတာမျိုးဖြစ်နိုင်ပါတယ်။
ဒါကြောင့် အဲ့လိုမျိုးကျန်ရှိနေတဲ့အခါဘယ်လိုညှစ်ထုတ်ရမလဲဆိုတာကို ရေးသားတင်ပြချင်ပါတယ်။
နို့ကျန်ကိုညှစ်ထုတ်တော့မယ်ဆိုရင် မညှစ်ခင်မှာ အရင်ဆုံး မိမိလက်ကို ဆပ်ပြာနဲ့သန့်စင်အောင် ဆေးကြောရပါမယ်။
ညှစ်ထုတ်တဲ့နို့ကို ကလေးအားပြန်တိုက်လို့ရပါတယ်။ဒါကြောင့် အလေအလွင့်မဖြစ်အောင် ခွက်သန့်သန့် တလုံးနဲ့ ထည့်ရန်အတွက် ခွက်သန့်တလုံးကို အနားမှာယူထားပါ။
ဘယ်ဘက်နို့အုံကိုညှစ်ဖို့အတွက် ညာဘက်လက်ကိုအသုံးပြုပါ။သားမြတ်(နို့သီးခေါင်း)နဲ့ နို့သီးခေါင်းဘေးပတ်လည်ရှိ အညိုကွင်းနေရာကို လက်မနဲ့ လက်ချောင်းတွေကြားထဲမှာထားပါ။(ဆိုလိုတာက အညိုကွင်းအပေါ်မှာလက်မထားပြီး ကျန်လက်ချောင်းများကို အညိုကွင်းအောက်မှာထားပါ)
ထို့နောက် လက်မနဲ့လက်ချောင်းများကို အတွင်းဘက်သို့ဖိညှစ်ပါ။ညှစ်လိုက်လျှော့လိုက်လုပ်ပေးပါ။
နို့ကျန်ကိုညှစ်ထုတ်ခြင်းအား စစလုပ်ချင်းမှာ အကျင့်မရှိသေးသောကြောင့် နို့ကျန်ထွက်ချင်မှ ထွက်ပါလိမ့်မယ်။သို့သော် တအားမစိုးရိမ်ပါနဲ့။နေရာလေးနည်းနည်းရွှေ့ပြီး နှစ်ကြိမ် သုံးကြိမ်လောက်ထပ်ညှစ်ပါ။ညှစ်လိုက်လျှော့လိုက်လည်းလုပ်ပါ။နို့ရည်ထွက်လာပါလိမ့်မယ်။
ညာဘက်နို့အုံကိုလည်း ဘယ်လက်အသုံးပြုပြီး အပေါ်မှာပြောထားသလိုပဲ ဆက်ညှစ်ပါ။
နို့အုံတဖက်ကို တခါညှစ်ရင် အနည်းဆုံး ငါးမိနစ်ခန့်လောက်ညှစ်ပေးပါ။
အခုဖော်ပြထားသလိုကို မရှင်းလို့ နားမလည်လို့ မလုပ်တတ်ပါကလည်း ကိစ္စမရှိပါဘူး။ဒီခေတ်မှာ နို့ရည်စုပ်ယူကိရိယာ ခေါ် Breast Pump တွေပေါ်နေပါပြီ။ဆေးဆိုင်ကြီးတွေ ကလေးပစ္စည်းဆိုင်တွေမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။
အသုံးပြုပုံကလည်းရှင်းပါတယ်။လက်တဖက်နဲ့ရင်သားကိုထိန်းထားပြီး ကျန်လက်တဖက်က နို့ရည်စုပ်ယူကိရိယာကိုကိုင်ထားပါ။ နို့ရည်စုပ်ယူကိရိယာရဲ့စုပ်ခွက်ကို သားမြတ်(နို့သီးခေါင်း)နဲ့အညိုကွင်း ပေါ်ကိုအုပ်မိအောင်ကပ်ထားပြီး စုပ်ခွက်နဲ့တွဲထားတဲ့ရော်ဘာဘုလုံးလေးကိုညှစ်လိုက်လျှော့လိုက်လုပ်ပါ။
ရင်သားတအားတင်းလို့နာကျင်တာခံစားရပါက မညှစ်ခင်မှာ ရေနွေးဖတ်ကပ်တာ ရေနွေးပုလင်းလေးကို အဝတ်နဲ့ထုပ်ပြီး လှိမ့်တာတွေ လုပ်နိုင်ပါတယ်။
Dr 528