နို့တိုက်မေမေများတွင် ကြုံတွေ့နိုင်သော သားမြတ် (နို့သီးခေါင်း) ဆိုင်ရာပြသာနာများ
သားမြတ် (နို့သီးခေါင်း) များသည် တခြားကိုယ်အစိတ်အပိုင်းများနဲ့မတူဘဲ ပိုပြီးထိခိုက်လွယ်ပါတယ်။ နို့တိုက်မေမေ အများစုမှာကြုံတွေ့လေ့ရှိတာတွေကတော့ နို့သီးခေါင်းယားယံတာ၊နို့သီးခေါင်းထိပ်အက်ပြီးရောင်ရမ်းတာ (Nipple Crack)၊ နို့သီးခေါင်းမှာကွဲကြောင်းဖြစ်ပြီးသွေးထွက်တာ (Nipple Fissure) တွေပါ။
သားမြတ် (နို့သီးခေါင်း) ထိပ်အက်ပြီးရောင်ရမ်းတာ (Nipple Crack) နဲ့ သားမြတ် (နို့သီးခေါင်း) မှာ ကွဲကြောင်းဖြစ်ပြီး သွေးထွက်တာ (Nipple Fissure) က မတူပါဘူး။ သားမြတ်ထိပ်အက်ပြီးရောင်ရမ်းတာ (Nipple Crack) က နာမည်အတိုင်း သားမြတ် (နို့သီးခေါင်း) ထိပ်ဖူးနဲ့ နို့သီးခေါင်းလည်တိုင်တို့မှာဖြစ်တတ်ပါတယ်။
အက်ပြီးရောင်ရမ်းနေပေမယ့် ကလေးကို နို့ဆက်တိုက်လို့ ရပါတယ်။ ကလေးနို့စို့ချိန်မှာတော့ ဖိအားနဲ့ စုပ်အားကြောင့် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ နာကျင်မှုကို ခံစားနေရပေမယ့် ကလေးကိုနို့ဆက်တိုက်ပါ။
နာကျင်မှုသက်သာအောင် နို့မတိုင်ခင်နဲ့ နို့တိုက်အပြီးမှာ နို့တင်းနေတာတွေရှိရင် ညှစ်ထုတ်ပေးပါ။ ရေနွေးဖတ်ကပ်ပါ။ နို့တိုက်နေစဉ်မှာ ကလေးက နို့သီးခေါင်းကို ကိုက်ဆွဲတာမျိုး အဖြစ်နည်းအောင် ကိုယ်နေဟန် (နို့တိုက်ပုံစံ) ကို မကြာခဏပြောင်းပေးပါ။
နို့သီးခေါင်းအက်ခြင်းဖြစ်ပါက နို့သီးခေါင်းလိမ်းခရင်မ်နှင့် နူးညံ့ပျော့ပျောင်းသည့် ဆီလီကွန်ဖြင့် ပြုလုပ်ထားကာ ထိပ်ပိုင်းတွင် အပေါက်ကလေးများပါသည့် နို့သီးခေါင်းအုပ်ကာပစ္စည်း (Nipple Shield) တွေကိုအသုံးပြုပေးခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒီလိုနည်းတွေနဲ့မသက်သာပါက ဆေးခန်းပြပြီး ပိုးသေဆေးသောက်ဖို့လိုနိုင်ပါတယ်။
သားမြတ် (နို့သီးခေါင်း) အက်ကြောင်း Nipple Fissure ကတော့ နို့သီးထိပ်ရဲ့ အခြေနေရာမှာ ဖြစ်လေ့ရှိပါတယ်။ နာတယ်။ သွေးထွက်နိုင်တယ်။ နို့သီးခေါင်းအက်ကြောင်း Nipple Fissure ဖြစ်ရင်တော့ ကလေးကိုဖြစ်နေတဲ့ဖက်နဲ့ နို့မတိုက်သင့်ပါ။ တဖက်တည်းဖြစ်တာဆိုရင် တခြားကောင်းတဲ့ဖက်နဲ့တိုက်ပါ။နှစ်ဖက်လုံးဖြစ်တာဆိုရင်တော့ နို့ဗူးတိုက်ပါ။
နို့ကို ရိုးရိုးရေနဲ့ ဆေးကြောပေးပါ။ ဆပ်ပြာမသုံးပါနဲ့။ ပြီးရင် သေချာခြောက်သွေ့အောင်လုပ်ပါ။ နို့သီးခေါင်းထိပ်ဖျားမှာ စိုစွတ်မနေပါစေနဲ့။ အတွင်းခံ သန့်တာ မကြာမကြာလဲပေးပါ။ နို့သီးထိပ်လေးတွေ နေ့တိုင်း လေသလပ်ခံပါ။ နို့သီးခေါင်းလိမ်း Cream (ခရင်) လိမ်းနိုင်ပါတယ်။ Nipple Pad သုံးနိုင်ပါတယ်။
ဒီလိုနည်းတွေနဲ့ မသက်သာပါက ဆရာဝန်နဲ့ပြသပြီး ပိုးသေဆေးသောက်ဖို့လည်း လိုနိုင်ပါတယ်။
Dr 528