အမျိုးသမီးများ နှင့် မီးယပ်ပြသာနာများ အပိုင်း၁ (မီးယပ်သွေးချုပ်ခြင်းနဲ့ မီးယပ်သွေးငုပ်ခြင်း)
အမျိုးသမီးများဟာ အပျိုဖော်ဝင်သည့် အချိန်မှစပြီး သွေးဆုံးချိန်ထိ ကြားကာလတလျှောက်လုံး တချိန်ချိန်မှာ မီးယပ်ပြဿနာတခု မဟုတ် တခုနဲ့ကြုံတွေ့ရနိုင်ပါတယ်။
အဖြစ်များတဲ့ မီးယပ်ပြသာနာတွေကတော့ မီးယပ်သွေးချုပ်ဖြစ်တာ၊ မီးယပ်သွေးငုပ်ဖြစ်တာ၊ မီးယပ်သွေးလွန်ဖြစ်တာ၊ မီးယပ်သွေးဆုံးကိုင်ဖြစ်တာ၊ အရွယ်မတိုင်မီ မီးယပ်သွေးဆုံးဖြစ်တာတွေပါ။
အခုတပတ်ဆောင်းပါးမှာတော့ မီးယပ်သွေးချုပ်ခြင်းနဲ့ မီးယပ်သွေးငုပ်ခြင်းအကြောင်းကို ရေးသားတင်ပြချင်ပါတယ်။
မီးယပ်သွေးချုပ်ခြင်းဆိုတာက မိန်းကလေးတယောက် အပျိုဖော်ဝင်ချိန် (ပုံမှန်ဓမ္မတာစပေါ်ရမည့်အရွယ်နဲ့အချိန်) တွင် လုံးဝသွေးမပေါ်ခြင်း ကိုဆိုလိုတာပါ။ အများအားဖြင့် ဒီဘက်ခေတ်မှာ မိန်းကလေးတယောက် ပုံမှန်ရာသီပေါ်လေ့ရှိတဲ့အရွယ်ဟာ ၁၄ နှစ်ဖြစ်ပါတယ်။ တချို့သွေးအားနည်းတဲ့ မိန်းကလေးတွေ၊ ပိန်လွန်းတဲ့မိန်းကလေးတွေ၊ အားကစားအပြင်းအထန်လိုက်စားတဲ့ မိန်းကလေးတွေမှာတော့ ရာသီစပေါ်ချိန်ဟာ နောက်ကျတတ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ မိန်းကလေးတယောက်ဟာ အသက် ၁၆ နှစ်ရောက်လို့မှ ရာသီစမပေါ်ခဲ့ရင်တော့ မီးယပ်သွေးချုပ်ဖြစ်နေတယ်လို့ သတ်မှတ်ရပါမယ်။ မီးယပ်သွေးချုပ်တာကို ဖြစ်စေတဲ့ အဓိကအကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ မွေးရာပါ မမျိုးပွားအင်္ဂါတွေချို့ယွင်းမှုရှိနေတာ (ဥပမာ – မအင်္ဂါဖွံ့ဖြိုးမှုနည်းတာ သို့မဟုတ် မပါတာ သို့မဟုတ် မအင်္ဂါအခန်းနှစ်ကန့်ဖြစ်နေတာ၊ သားအိမ်မပါတာ၊ အပျိုမြှေးထူလွန်းပြီးပိတ်နေတာ (Imperforate Hymen)
၂။ ဟော်မုန်းနဲ့ ဆိုင်တဲ့ ရောဂါတွေရှိနေတာ (ဥပမာ ဟော်မုန်းအားနည်းတာ၊ သိုင်းရွက်ဟော်မုန်းများတဲ့ရောဂါဖြစ်နေတာ၊ Turner’s syndrome ရောဂါဖြစ်နေတာ၊ ဦးနှောက်ထဲက ဟိုက်ပိုသားလမတ်နဲ့ ပစ်ကျူထရီနေရာမှာရောဂါဖြစ်နေတာ) တွေပါ။
ဒါကြောင့် မိန်းကလေးတယောက် အသက် ၁၆ နှစ်ပြည့်လို့မှ ရာသီစမပေါ်ဘူးဆိုရင် ဒီအကြောင်းရင်းနှစ်ခုထဲက ဘာဖြစ်တာလဲသိဖို့ အိုဂျီနဲ့ပြသစစ်ဆေးပြီး ကုသမှုခံယူရပါမယ်။ မီးယပ်သွေးချုပ်ခြင်းဖြစ်တဲ့သူ အရေအတွက်ကတော့ မီးယပ်သွေးငုပ်ခြင်းဖြစ်တဲ့သူ အရေအတွက်ထက်စာရင် အများကြီးနည်းပါတယ်။
မီးယပ်သွေးငုပ်ခြင်းက အမျိုးသမီးတွေမှာ အဖြစ်များဆုံး မီးယပ်ပြဿနာပါ။ မီးယပ်သွေးငုပ်တယ်ဆိုတာကတော့ ကာလ၊ အတ္ထ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ စတဲ့တခုခု လွန်၊ ယုတ်၊ လွဲမှား မှုကြောင့် ပုံမှန်သွေးပေါ်နေကျရက်တွင် သွေးမပေါ်ခြင်း၊ သို့မဟုတ် ပေါ်နေကျအတိုင်းမဟုတ်ဘဲ နည်းနည်းပဲပေါ်ပြီး ရပ်သွားခြင်းကို ဆိုလိုပါတယ်။
တလနှစ်လလောက်ငုပ်သွားတာရှိသလို တချို့တွေမှာသုံးလေးလလောက် ငုပ်တာလည်းရှိပါတယ်။ မီးယပ်သွေးငုပ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းတွေကတော့
၁။ ကိုယ်ဝန်ရှိခြင်း (အခုခေတ်မှာ မိန်းကလေးတယောက် ပုံမှန်ရာသီပေါ်နေကျရက်မှာ ရာသီမပေါ်ဘူးဆိုရင် ကိုယ်ဝန်ရှိနိုင်ခြေကို ဦးစားပေးအနေနဲ့ထည့်စဉ်းစားဖို့လိုပါတယ်)
၂။ ရာသီပေါ်ခါနီး သို့မဟုတ် ပေါ်နေစဉ်တွင်အအေးခံလွန်းခြင်း၊ စိတ်ဖိစီးမှုများခြင်း
၃။ အေး၊ ချဉ်၊ ဖန် အရသာရှိသောအစားသောက်များ တရားလွန်စားခြင်း
၄။ ရာသီသွေးပေါ်ခါနီး သို့မဟုတ် ပေါ်နေစဉ်တွင် ကြောက်ရွံ့ထိတ်လန့်ဖွယ်မြင်ကွင်းများအား မြင်ခြင်း၊ ကြားခြင်း
၅။ အချိန်မတိုင်မှီသွေးဆုံးခြင်း
(အမျိုးသမီးအတော်များများဟာ အသက် ၄၇ နဲ့ ၅၅ အကြားမှာ လစဉ်ပေါ်နေကျ ဓမ္မတာ မပေါ်တော့ဘဲ သွေးဆုံးလေ့ရှိပါတယ်။ သို့သော် အသက် ၃၀ သို့မဟုတ် ၃၅ လောက်မှာပဲ သွေးဆုံးတဲ့အမျိုးသမီးတွေလည်းရှိပါတယ်။ ဒီလိုအသက် ၄၀ မတိုင်မှီမှာသွေးဆုံးရင်ကျ အရွယ်မတိုင်မှီသွေးဆုံးခြင်း (Premature Menopause) လို့ ဆေးပညာမှာသတ်မှတ်ပါတယ်။ ဒီလိုအရွယ်မတိုင်မှီသွေးဆုံးရတာက မျိုးရိုးလိုက်လို့လည်းဖြစ်နိုင်တယ်။ နောက်ပြီး ဟော်မုန်းဆိုင်ရာပြသာနာတွေကြောင့်လည်း ဖြစ်နိုင်သလို အကြောင်းအမျိုးမျိုးကြောင့် သားဥအိမ်နှစ်ဖက်လုံးဖြတ်ထုတ်ရတာ၊ သားအိမ်ထုတ်လိုက်ရတာ တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။)
၆။ သွေးအားနည်းရောဂါ၊ ဟော်မုန်းနဲ့ဆိုင်တဲ့ရောဂါ၊ သားဥအိမ်မှာ အရည်အိတ်တည်တဲ့ရောဂါ စတဲ့ရောဂါတခုခုရှိနေတာ
၇။ အချို့သော ဆေးများ (စိတ်ရောဂါကုဆေး၊ အစာအိမ်ဆေး၊ ဟော်မုန်းဆေး စတာတွေ) ကို ရေရှည်စွဲသောက်နေရတာစသဖြင့် မီးယပ်သွေးငုပ်ခြင်းကိုဖြစ်စေတဲ့အကြောင်းတွေအများကြီးရှိပါတယ်။
ဒါကြောင့် မီးယပ်သွေးငုပ်ခြင်းဖြစ်ပါက ဘာကြောင့်ဖြစ်လဲသိရအောင် အိုဂျီနဲ့ပြသပြီး သွေးစစ်တာ၊ အာထရာဆောင်းရိုက်တာ၊ စတဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ကြည့်ဖို့ လိုပါတယ်။မီ းယပ်သွေးငုပ်ခြင်းဖြစ်ပွားနိုင်ခြေကို နည်းအောင်ကတော့သံဓါတ်ပါတဲ့အစားစာများ ကိုများများစားပါ။ရာသီလာခါနီးနဲ့လာနေစဉ်မှာ ရေအေးချိုးတာ၊ အအေးခံတာ၊ နေ့အချိန်အလွန်အမင်းအိပ်စက်တာ တွေကိုရှောင်ပါ။
အေး၊ ချဉ်၊ ဖန် အရသာရှိသောအစားစာများကိုရှောင်ပြီး ပူ၊ ခါး၊ စပ် အရသာရှိသော အစားစာများကိုစားပေးပါ။ အသား ငါး ဟင်းရွက်မျှတအောင်စားပါ။
Dr 528