အမျိုးသမီးများ နှင့် မီးယပ်ပြသာနာများ အပိုင်း၂ (မီးယပ်သွေးလွန်ခြင်း)
အမျိုးသမီးများဟာ အပျိုဖော်ဝင်သည့်အချိန်မှစပြီး သွေးဆုံးချိန်ထိ ကြားကာလတလျှောက်လုံး တချိန်ချိန်မှာ မီးယပ်ပြသာနာတခုမဟုတ် တခုနဲ့ကြုံတွေ့ရနိုင်ပါတယ်။ အရင် အပိုင်း ၁ မှာ မီးယပ်သွေးချုပ်ခြင်းနဲ့ မီးယပ်သွေးငုပ်ခြင်းအကြောင်းကိုရေးသားတင်ပြခဲ့ပါတယ်။ အခုအပိုင်း ၂ မှာတော့ မီးယပ်သွေးလွန်ခြင်းအကြောင်းကို ရေးသားတင်ပြပေးပါမယ်။
မီးယပ်သွေးလွန်ခြင်းကို ဆေးပညာအရ Heavy Menstural Bleeding(HMB) လို့ခေါ်ပါတယ်။ အရင်တုန်းကတော့ Menorrhagia လို့ခေါ်ခဲ့ပါတယ်။ သုတေသနတွေအရ ပုံမှန်အားဖြင့်ဆိုရင် အပျိုဖော်ဝင်ပြီးတဲ့ အမျိုးသမီးတွေဟာ တလတကြိမ်သွေးပေါ်ရာမှာ ကြာချိန်အနေနဲ့တော့ ၂ ရက် ကနေ ၈ ရက်ကြာအထိပေါ်လေ့ရှိနိုင်ပြီး တလတကြိမ်ပေါ်တဲ့ သွေးပမာဏစုစုပေါင်းအနေနဲ့တော့ ၃၀ မီလီလီတာ ကနေ ၈၀ မီလီလီတာ အထိရှိနိုင်ပါတယ်။
မီးယပ်သွေးလွန်ခြင်းဖြစ်တယ်ဆိုပြီ းဘယ်အချိန်မှာ သတ်မှတ်လဲဆိုရင်တော့ တလတကြိမ်ပေါ်တဲ့ သွေးပမာဏစုစုပေါင်းက ၈၀ မီလီလီတာအထက်များနေတဲ့အခါမှာ သတ်မှတ်ပါတယ်လို့ ဆေးစာအုပ်ထဲမှာရေးသားထားပါတယ်။
ဒါဟာစာတွေ့အနေနဲ့ပြောရလွယ်ပေမယ့် လက်တွေ့မှာကျ တလတကြိမ်သွေးဆင်းတဲ့ သွေးပမာဏစုစုပေါင်းဟာ ၈၀ မီလီမီတာထက်ကျော်နေလား မကျော်ဘူးလားဆိုတာ သေချာသိဖို့က မလွယ်ပါဘူး။
သွေးဆင်းများလို့လာပြတဲ့ အမျိုးသမီးတွေကိုလည်း တကယ်သွေးဆင်းများပြီး မီးယပ်သွေးလွန်တာဖြစ်နေလားဆိုတာ သိဖို့အတွက် စလာတဲ့ရက်ကနေ နောက်ဆုံးရက်ထိ တရက်တရက်ဆင်းခဲ့တဲ့သွေးပမာဏတွေကို ချိန်တွယ်ထားခိုင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။
ဒီတော့လက်တွေ့မှာ
– ပုံမှန်သွေးပေါ်နေကျပမာဏထက်ပိုများပြီး ဆင်းတဲ့အထဲမှာ အတုံးအခဲတွေပါလာတာ မျိုးရှိမရှိ၊
– ၂ ရက် ၃ ရက် ဆင်းနေကျသူက ၅ ရက် တပတ်လောက် ရက်ရှည်ဆင်းတာရှိမရှိ၊
ခါတိုင်းရာသီဆင်းတဲ့အခါမှာ လစဉ်သုံးဂွမ်းထုပ်ကသိပ်မစိုဘဲ အခုခါကျမှ တထုပ်လုံးရွှဲရွှဲစိုပြီး အတွင်းခံမှာပါပေတာမျိုးရှိမရှိ စတဲ့အချက်တွေနဲ့ပဲ မီးယပ်သွေးလွန်ခြင်း ဟုတ်မဟုတ်ကို အကြမ်းအားဖြင့်သတ်မှတ်လေ့ရှိပါတယ်။ အဲ့အချက်တွေရှိတယ်ဆိုရင်တော့ မီးယပ်သွေးလွန်ခြင်းရှိတယ်လို့ အကြမ်းအားဖြင့်သတ်မှတ်နိုင်ပါတယ်။
မီးယပ်သွေးလွန်ခြင်းရှိရင်တော့ ဖြစ်တဲ့အကြောင်းရင်းကို ရှာပြီးကုသဖို့လိုပါတယ်။
အဲ့လိုမှမဟုတ်ရင်တော့ သွေးဆင်းများတာရဲ့ နောက်ဆက်တွဲအနေနဲ့ နည်းနည်းလှုပ်လှုပ်ရှားရှားလုပ်တာနဲ့ မောတာ ရင်တုန်တာ နွမ်းနယ်နေတာ ဖြူဖျော့နေတာစတဲ့ သွေးအားနည်းရောဂါလက္ခဏာတွေဖြစ်နိုင်ပါတယ်။
သွေးဆင်းတာ ပမာဏတအားများရင်လည်း သွေးဆင်းပြီးမူးခနဲ မိုက်ခနဲဖြစ်ကာ သတိလစ်တာ၊ နှလုံးခုန်မြန်ပြီး သွေးပေါင်ကျကာ ခြေဖျားလက်ဖျားအေးစက်နေတာတွေ ဖြစ်နိုင်ပြီး ရှော့ခ်ရကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။
မီးယပ်သွေးလွန်ခြင်းဖြစ်တဲ့အကြောင်းတွေကတော့အများကြီးပါ။
အဲဒါတွေကတော့
– ပူ၊ စပ်၊ ချဉ်အရသာတွေကို အများကြီးစားတာ
– ထိခိုက်ဒဏ်ရာရတာ
– အလေးအပင်မတာများတာ
– ရာသီလာနေစဉ် ခရီးကြမ်းသွားရတာများတာ၊
– ရာသီလာနေစဉ်မှာ လင်ယောက်ျားအလိုကိုလိုက်မိတာ၊
– အကြောင်းတခုခုကြောင့်သွေးကျဲဆေး Warfarin စွဲသောက်နေရတာ စတဲ့အချက်တွေကြောင့်အပြင်
– သားအိမ်မှာအသားလုံးရှိတာ (Fibroids)
– တင်ပဆုံကွင်းထဲကအင်္ဂါတွေပိုးဝင်ပြီးရောင်ရမ်းတာ (PID)
– သားအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာတွေရှိတာ (Endometrial/Cervical Carcinoma)
– သိုင်းရွက်ဟော်မုန်းနဲ့ဆိုင်တဲ့ရောဂါတွေရှိတာ (Thyroid disease)
– သွေးခဲမှုဖြစ်စဉ်ကမောက်ကမဖြစ်တဲ့ရောဂါရှိတာ (Coagulation disorders,e.g. von Willebrand’s disease) စတဲ့ရောဂါအခံတွေရှိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါ့အပြင် သားအိမ်အတွင်း သားဆက်ခြားပစ္စည်းထည့်ထားပါကလည်း အခန့်မသင့်ရင် မီးယပ်သွေးလွန်ခြင်းဖြစ်နိုင်ခြေရှိပါတယ်။
ဒီတော့ အမျိုးသမီးများအနေနဲ့ မိမိမှာ သွေးဆင်းများတယ်လို့ သံသယရှိပါက မီးယပ်သွေးလွန်ခြင်းဟုတ်မဟုတ် သေချာသိဖို့အတွက် သားဖွားမီးယပ်ဆရာဝန် (အိုဂျီ) တယောက်ယောက်နဲ့ ပြသဆွေးနွေးဖို့လိုပါတယ်။
တကယ် မီးယပ်သွေးလွန်ခြင်းဖြစ်တယ်ဆိုရင်တော့ ဖြစ်ရတဲ့အကြောင်းကိုရှာဖို့အတွက် သွေးစစ်တာ၊ အာထရာဆောင်းရိုက်တာ၊ ဆီးစစ်တာ စတဲ့စစ်ဆေးမှုတွေလုပ်ဖို့လိုပြီး သေချာကုသဖို့လိုပါတယ်။
Dr 528