ကလေးများနှင့် ပန်းနာရင်ကျပ်ရောဂါ
ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ ကလေးလူကြီး မည်သူမဆိုဖြစ်ပွားခံစား ရတတ်သည့် မကူးစက်နိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုးဖြစ်သည်။ အဆုတ်အတွင်းရှိ လေပြွန်များ ရောင်ခြင်း၊ သေးလာခြင်းနှင့် ၎င်းတို့အတွင်း ချွဲသလိပ်များ စုလာခြင်းကြောင့် အသက်ရှူရခက်စေသော ရောဂါတမျိုးဖြစ်သည်။
လူကြီးများထက် ပန်းနာရင်ကျပ်ရောဂါရှိသော မိသားစုအတွင်းမှ ကလေးများနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များတွင် ပိုမိုတွေ့ရလေ့ရှိသည်။ လူကြီး/လူငယ် များတွင် ရောဂါလက္ခဏာများကို အလွယ်တကူ သိရှိ ကုသနိုင်သော်လည်း ငယ်ရွယ်သော ကလေးများတွင် ပန်းနာရင်ကျပ်ရောဂါဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်ရန် ခက်ခဲသည်။ ကလေး ချောင်းဆိုးခြင်း၊ အသက်ရှူရာတွင် တရွှီရွှီမည်နေခြင်းနှင့် အသက်ကို ရှိူက်၍ ရှူနေရခြင်းများသည် ကလေးပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများဖြစ်သည်။
အချို့ကလေးများတွင် အနည်းငယ် နေထိုင်မကောင်းရုံသာ အသက်ရှူရ ကျပ်သော်လည်း အချို့ကလေးများတွင် ဆော့ကစားနိုင်ခြင်း မရှိနိုင်သည်မှ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်သည်။ သင့်တော်သော ဆေးဝါးများဖြင့် ကုသမှုခံယူလျှင် အခြားကလေးများ နည်းတူ ပုံမှန်လှုပ်ရှား ဆော့ကစားနိုင်သော်လည်း အချိန်မီ ကုသမှု ခံယူနိုင်ခြင်း မရှိလျှင် အသက်သေဆုံးခြင်းအထိ ဖြစ်စေနိုင်သဖြင့် စိုးရိမ်ရန်လိုသည့် ရောဂါတမျိုးဖြစ်သည်။
ရောဂါဖြစ်ပေါ်/စတင်စေနိုင်သော အကြောင်းအရာများ
ပန်းနာရောဂါရှင်ကလေးငယ်များအနေနှင့် သာမန်ကာလများတွင် မည်သို့သော ရောဂါလက္ခဏာမျှ ခံစားရခြင်းမရှိပဲလည်း ရှိနေနိုင်သော်လည်း အောက်ဖော်ပြပါ အခြေအနေများတွင် ရောဂါ လက္ခဏာများ ချက်ခြင်းဖြစ်ပေါ်ခံစားရစေနိုင်သည်။ ဝေဒနာရှင်တဦးစီအလိုက် ရောဂါ စတင်ဖြစ်ပေါ်စေသော အကြောင်းအရာမတူညီ နိုင်သော်လည်း အဆိုပါ ရောဂါဖြစ်ပွားစေသော အကြောင်းအရာနှင့် ထိတွေ့မိလျှင် ရောဂါစတင်ပုံခြင်းမှာမူ အားလုံးတူညီကြသည်။ အတွေ့များသော ရောဂါ ဖြစ်ပေါ်စေသည့် အကြောင်းများမှာ-
– ပန်းဝတ်မှုန်၊ တိရိစ္ဆာန်အမွှေး စသည်တို့နှင့် ဓာတ်မတည့်ခြင်း၊
– အချို့သော ရေမွှေးနံ့နှင့် အမွှေးအကြိုင်များ၊
– ခြင်းဆေးခွေ၊ အမွှေးတိုင်စသည်တို့မှထွက်သော အငွေ့များ၊
– ဆေးလိပ်ငွေ့နှင့် မီးခိုးငွေ့များ၊
– အခန်းအတွင်းနှင့် အပြင်ရှိ ဖုန်မှုန့်များ၊
– အအေးမိခြင်း၊ တုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊
– ပူပြင်းခြင်း၊ စိုစွတ်ထိုင်းမှိုင်းခြင်းနှင့် အချို့သော ရာသီဥတုအခြေအနေများ၊
– လေချဉ်တက်ခြင်းနှင့်
– အချို့ကလေးများတွင် ကိုယ်လက်လှုပ်ရှားမှုပြုခြင်းသည်လည်း ပန်းနာရင်ကျပ် ရောဂါ ဖြစ်ပွားစေသော အကြောင်းအရာတရပ် ဖြစ်နေနိုင်သည်။
ပန်းနာရင်ကျပ်ရောဂါနှင့်ပတ်သတ်၍ အရေးအကြီးဆုံးအချက်မှာ ကလေးနှင့် မတည့်သော အကြောင်းအရာကို သိရှိထားရန်လိုပြီး လုံးဝထိတွေ့မှုမရှိစေရေးအတွက် ဂရုပြုရန်ဖြစ်သည်။
ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများ
ရောဂါဖြစ်ပွားစေသော အကြောင်းအရာတခုခုကို ထိတွေ့/ ဖြစ်ပွားမှု ရှိလျှင် အောက်ဖော်ပြပါရောဂါ လက္ခဏာများ ရုတ်တရက် ခံစားရစေနိုင်သည်။
– အသက်ရှူရခက်ခဲခြင်း
– ရင်ဘတ်မလှုပ်ပဲ အသက်ရှူရုံသာ ရှူနေခြင်း
– အသက်ရှူရာတွင် တရွှီရွှီ မည်သံထွက်နေခြင်း
– ချောင်းဆိုးခြင်း
– အသက်ရှူမြန်ခြင်း စသည့် လက္ခဏာများ ခံစားရနိုင်သည်။
ပန်းနာရင်ကျပ်ရှိသော ကလေးငယ်၏ မိဘများအနေနှင့်
(၁) ဓာတ်မတည့်မှုဖြစ်စေသော အကြောင်းအရာများကို သိရှိအောင်ပြုလုပ်ရမည်ဖြစ်ပြီး ကလေးနှင့် ထိတွေ့မှု မဖြစ်စေရအောင် ဂရုပြုရပါ။
(၂) နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်သော ဆေးဝါးများ (ရှူဆေး / သောက်ဆေး) ဆောင်ထားပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။
(၃) ရောဂါလက္ခဏာများ မသက်သာလျှင် အမြန်ဆုံး ကုသမှုခံယူပါ။
အချို့ကလေးများတွင် ရုတ်တရက် ပြင်းထန်ခြင်း မရှိသော်လည်း လိုအပ်သော ဆေးဝါးကုသမှုမရှိလျှင် ရောဂါ လက္ခဏာများ ပိုပိုဆိုးလာနိုင်သဖြင့် ရောဂါ လက္ခဏာ ခံစားရသည့် ကလေးတိုင်းကို ဆရာဝန်နှင့် တိုင်ပင်ပြသပြီး လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ကာ ညွှန်ကြားချက်အတိုင်း ဆေးဝါးကုသမှု ခံယူရမည်ဖြစ်သည်။
ကလေးများတွင် ဖြစ်ပွားတတ်သည့် မည်သည့်ရောဂါမဆို ဆေးမြီးတိုများ တိုက်ကျွေးခြင်း၊ နီးစပ်ရာဆေးဆိုင်မှ ဆေးများဝယ်တိုက်ခြင်း၊ ဆရာဝန် ညွှန်ကြားချက်အရ တိုက်ကျွေးသော ဆေးဝါးများကို ရောဂါပျောက်လိုဇောနှင့် ပို၍ တိုက်ကျွေးခြင်း စသည်တို့ကြောင့် ရောဂါမသက်သာစေရုံသာမက ဆေးယဉ်ပါးခြင်းနှင့် ဆေးဝါးများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ကလေးငယ်များ ခံစားရနိုင်ကြောင်း မိဘတိုင်း သတိပြုရမည်ဖြစ်သည်။
တင့်တယ်