ကလေးငယ်များအိမ်တွင်လည်းကောင်း၊ ကျောင်းတွင်လည်းကောင်း ဆော့ကစားရာမှ မတော်တဆထိခိုက်မိပြီး အရိုးများကျိုးတတ်ပါသည်။ အမြင့်မှပြုတ်ကျခြင်း၊ ခလုတ်တိုက်မိခြင်းတို့ကြောင့်လည်း အရိုးကိုထိခိုက်တတ်ပါ သည်။ ကလေးငယ်အရိုးကျိုးသွားသည်ဟု ထင်ရပါက မပေ့ါဆဘဲနီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့အမြန်သွား ရောက်ကုသမှုခံယူရပါမည်။
အရိုးကျိုးနိုင်ခြေရှိသော အခြေအနေများ
ကလေးငယ်များမတော်တဆ လဲကျခြင်းကြောင့် အော်ငိုနေပါက ၎င်းတို့၏ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ဖြစ်သည့် လက် (သို့) ခြေထောက်တွင်တစ်ခုခု ကျိုးသွားခြင်းရှိ၊ မရှိစစ်ဆေးရန်လိုအပ်ပါသည်။ ကလေးငယ်လဲ ကျသွားသောအချိန်တွင် ခွပ်ခနဲဆိုသော အသံတစ်ခုကြားလိုက်ရပါက အရိုးကျိုးနေသည်ဟုယူဆနိုင်ပါသည်။ ကလေးဒဏ်ရာရရှိသောနေရာတွင် ရောင်ခြင်းနှင့်သွေးခြေဥခြင်း၊ ဒဏ်ရာရရှိသောနေရာအား ကိုင်တွယ်၊ ထိမိပါ ကနာခြင်းနှင့် ထိုအစိတ်အပိုင်းအပေါ် အားပြုလိုက်ခြင်းကြောင့် ပို၍နာလာခြင်းများရှိပါကလည်း အရိုးကျိုးနိုင် ခြေရှိ၍ သတိထားရပါမည်။
ရှေးဦးသူနာပြုစုခြင်း
ကလေးအရိုးကျိုးသွားသည်ဟုထင်ပါက ဒဏ်ရာရနေသောနေရာ အဝတ်များကိုဖယ်ရှားရပါမည်။ ရေအေးပတ် (သို့) ရေခဲအိတ်ကပ်ပေးရပါမည်။ ကပ်ထူပြားမာမာ (သို့) သစ်သားပြားချပ်တစ်ခုခုကို အသုံးပြု၍စတင်တွေ့မည့် မူလပုံစံ လက် (သို့) ခြေထောက်အနေအထားအတိုင်း မလှုပ်အောင်အဝတ်စ၊ ပတ်တီးစ (သို့) တိပ်ကြီးကြီးဖြင့် စည်းပေး၊ ထိန်းပေးရပါမည်။ ထိုသို့ မစည်းမိပါက ဒဏ်ရာအနီးတဝိုက်တွင် အဝတ်ပျော့ပျော့ (သို့) သစ်သားကိုခံ ၍စည်းပေးရပါမည်။
ကုသခြင်း
ကလေးငယ်များအရိုးကျိုးသည်ဟု ယူဆရပါက ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပြီးနီးစပ်ရာဆေးရုံ၊ ဆေးခန်းကြီး များသို့ ပို့ဆောင်ကုသရပါမည်။ ကုသရာတွင် မေ့ဆေးပေးခြင်းများလိုအပ်ခြင်းကြောင့် ကလေးကို ထိခိုက်ဒဏ် ရာရချိန်မှစ၍ မည်သည့်အစာမျှကျွေးခြင်း မပြုလုပ်သင့်ပါ။
အကြံပြုချက်
အိမ် (သို့) ကျောင်းတွင်ကလေးများမတော်တဆ ထိခိုက်ရခြင်းမဖြစ်စေရန် အန္တရာယ်ရှိမည့် ပစ္စည်းများကိုဖယ် ရှားရပါမည်။ ကလေးငယ်များအရိုးကျိုးသည်ဟု ယူဆပါက ရှေးဦးသူနာပြုစုခြင်းကို လျှင်မြန်စွာပြုလုပ်ပြီးတတ် ကျွမ်းနားလည်သော ဆရာဝန်များနှင့်ပြသပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသသင့်ကြောင်းအကြံပြုအပ်ပါ သည်။
Author – ဒေါက်တာကောင်းစံ (Vol-7 / No-2) Healthcare Journal