ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း
ကိုယ်ဝန်ဆောင်စဉ်မှာ လိင်ဆက်ဆံလို့ရမရဆိုတဲ့ မေးခွန်းဟာ အိမ်ထောင်သည် အမျိုးသား အမျိုးသမီးတွေ အတော်များများမေးလေ့ရှိတဲ့ မေးခွန်းပါ။
ကိုယ်ဝန်ဆောင်စဉ်မှ တင်းရင်းဖွံ့ဖြိုးလာတဲ့ မိမိရဲ့ မိန်းမကိုကြည့်ပြီး အမျိုးသားတွေအနေနဲ့ အတူနေဆက်ဆံချင်တဲ့ စိတ်တွေဟာ သာမန်အချိန်ထက်ပိုဖြစ်တတ်သလို
အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်ဝန်ဆောင်စဉ်မှာ တင်ပဆုံထဲက မျိုးပွားအင်္ဂါတွေဆီ သွေးစီးဆင်းမှုများလာတဲ့အတွက် အမျိုးသားနဲ့အတူနေဆက်ဆံချင်တဲ့စိတ် ပိုဖြစ်တတ်ပါတယ်။
သို့သော် အတူနေဆက်ဆံလိုက်လို့ရှိရင် မိမိရဲ့ ရင်သွေးလေး ထိခိုက်သွားမလားဆိုပြီး အမျိုးသားရော အမျိုးသမီးပါ စိုးရိမ်ပူပန်တတ်ကြပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေဆိုရင် ကိုယ့်အမျိုးသားက သူလိုချင်တဲ့အရာကို ကိုယ့်ဆီကအချိန်အတော်ကြာမရတဲ့အခါမှာ တခြားအမျိုးသမီးတယောက်ယောက်နဲ့များ ဖောက်ပြန်သွားမလား။ ဆိုတဲ့အချက်ကိုပါ တွေးမိကာ ပိုမိုစိုးရိမ်ပူပန်ရပါတယ်။
အကြမ်းအားဖြင့် ဖြေရမယ်ဆိုရင်တော့ ကိုယ်ဝန်စရှိစဉ်ကနေ မွေးခါနီးအထိလိင်ဆက်ဆံလို့ရပါတယ်။
ဘာလို့လဲဆိုတော့ အတူနေတဲ့အခါမှာ အမျိုးသားလိင်တံဟာ သားအိမ်ခေါင်းကိုကျော်ပြီးသားအိမ်ထဲကို မရောက်နိုင်သလို ဆက်ဆံတဲ့အခါသုံးတဲ့အားရဲ့ဒဏ်ကိုလည်း သန္ဓေသားဆီမရောက်အောင် သားအိမ်အတွင်းမှာရှိတဲ့ ရေမွှာရည်က ကာကွယ်ပေးထားလို့ပါ။
သို့သော် ကိုယ်ဝန်ဆောင်စဉ် အတူနေဆက်ဆံတဲ့အခါ ဆက်ဆံပုံဆက်ဆံနည်းကို ပြုပြင်ဖို့ ဒါမှမဟုတ် ဆက်ဆံတာကို ရှောင်ရှားဖို့ လိုအပ်တဲ့ အခြေအနေတချို့လည်း ရှိပါသေးတယ်။
ကိုယ်ဝန်ဆောင်စဉ် အတူနေဆက်ဆံတဲ့အခါမှာ ဆက်ဆံတဲ့အနေအထားပုံစံက နှစ်ဦးနှစ်ယောက်လုံးအတွက် သက်တောင့်သက်တာ အရှိဆုံးအနေထားပုံစံ ဖြစ်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် သက်တောင့်သက်တာဖြစ်စေမယ့်အနေအထားပုံစံကို ဦးစားပေးရွေးချယ်သင့်ပါတယ်။
ကိုယ်ဝန်လရင့်လို့ ဗိုက်ထွက်လာတာနဲ့အမျှ အတူနေဆက်ဆံတဲ့အနေအထားပုံစံကို လိုက်ပြောင်းလဲဖို့လိုနိုင်ပါတယ်။
ဆက်ဆံတဲ့အခါမှာလည်း အရမ်းကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဖို့လိုပါတယ်။
နောက်ပြီး ဓမ္မတာအတိုင်း ပုံမှန်အတိုင်း ဆက်ဆံခြင်းမျိုးမဟုတ်တဲ့ စအိုပေါက်နဲ့ဆက်ဆံတာမျိုးကို ရှောင်ရပါမယ်။ ပါးစပ်နဲ့ ဆက်ဆံတာမျိုးကတော့ ရပေမယ့် ပါးစပ်နဲ့ဆက်ဆံအချိန်မှာ မိန်းမကိုယ်ထဲလေမှုတ်သွင်းတာမျိုးကိုတော့ ရှောင်ဖို့လိုပါတယ်။ အဘယ်ကြောင့်ဆိုသော် မိန်းမကိုယ်ထဲလေမှုတ်သွင်းရာကတဆင့် သွေးကြောအတွင်းလေဝင်ရောက်သွားနိုင်ပြီး ကလေးရော မိခင်အတွက်ပါ အန္တရာယ်ရှိနိုင်လို့ပါ။
ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံတဲ့အခါ အမျိုးသမီးအနေနဲ့ ဆက်ဆံနေစဉ်နဲ့ဆက်ဆံပြီးခါစအချိန်တွေမှာ နာကျင်မှုကို ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်တာဟာမစိုးရိမ်ရပါဘူး။ ဖြစ်လေ့ရှိပါတယ်။
သို့သော် မိနစ် အနည်းငယ်ကြာတဲ့ အထိ နာကျင်ခြင်း မပျောက်ဘူး သို့မဟုတ် မိန်းမကိုယ်က သွေးယိုစီးလာမယ်ဆိုရင်တော့ ဆေးခန်းပြသဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသားနဲ့ အတူနေဆက်ဆံတာကို လုံးဝရှောင်ရမယ့် အခြေအနေတွေလည်းရှိပါတယ်။ အဲ့ဒါတွေကတော့
– ကိုယ်ဝန်ပျက်ဖူးတဲ့ ရာဇဝင်ရှိခြင်း
– လမစေ့ဘဲမွေးဖွားဖူးသည့် ရာဇဝင်ရှိခြင်း
– အချင်းရှေ့ရောက်နေခြင်း
– ရေမြွှာရေစိမ့်နေခြင်း
– အမြွှာကိုယ်ဝန်ဖြစ်နေခြင်း
– အကြောင်းရင်းရှာမတွေ့ဘဲ သွေးဆင်းတာ၊ အဖြူဆင်းတာနဲ့ ကိုက်ခဲတာတွေရှိခြင်း
– ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း သို့မဟုတ် ကိုယ်ဝန်ဆိပ်တက်ခြင်း စတဲ့အခြေအနေတွေပဲဖြစ်ပါတယ်။
Dr. 528