ကလေးတွေကိုထိန်းသိမ်းစောင့်ရှောက်ရတာဟာမလွယ်တဲ့အလုပ်ပါ။ မွေးစကနေ ခြောက်လလောက်ထိပဲ ကလေးလေးတွေဟာ မိခင်ထားတဲ့နေရာမှာ ငြိမ်ငြိမ်နေပါတယ်။ ခြောက်လပြည့်လို့ကျော်သွားတာနဲ့ ထားတဲ့နေရာမှာငြိမ်ငြိမ်မနေဘဲ ဟိုလှိမ့်ဒီလှိမ့် စလှိမ့်ပါပြီ။ ၉လပြည့်တာနဲ့ မှောက်လျက်တွားတွားစသွားပါပြီ။
၁နှစ်ဆိုရင် ခုံတွေ၊စားပွဲတွေကို ဆွဲပြီးအားယူကာ မတ်တပ်ရပ်နိုင်ပါတယ်။အမှီတခုခုကိုမှီပြီးလမ်းလည်းလျှောက်နိုင်ပါပြီ။ ၁နှစ်ခွဲဆိုရင် ကုလားထိုင်တွေ၊စားပွဲတွေပေါ်ကို စတက်ပါပြီ။ ၂နှစ်ဆိုရင်လှေကားထစ်တွေစတက်ပြီး ၃နှစ်ဆိုရင် သုံးဘီစက်ဘီးလေးတွေစစီးပါပြီ။ ခြောက်လကျော်ကနေ၃နှစ်အရွယ်ဟာ အမေ ထားထားတဲ့နေရာမှာမနေဘဲ ဟိုလှိမ့်ဒီလှိမ့်သော်လည်းကောင်း၊တွားသွားသော်လည်းကောင်း၊လမ်းလျှောက်သော်လည်းကောင်း၊လျှောက်သွားနေနိုင်တဲ့အရွယ်ဖြစ်ပြီး မျက်စိရှေ့တွေ့သမျှ အရာရာကိုစတင်စူးစမ်းနေတဲ့အရွယ်ဖြစ်ပါတယ်။
ဒါကြောင့် ဒီခြောက်လကျော်ကနေ သုံးနှစ်အတွင်းအသက်အရွယ်ဟာ အိမ်မှာနေရင်းနဲ့ထိခိုက်ဒဏ်ရာအရတတ်ဆုံး အသက်အရွယ်လည်းဖြစ်ပါတယ်။
ရတတ်လေ့ရှိတဲ့ထိခိုက်ဒဏ်ရာရမှုအမျိုးအစားတွေကတော့
၁။အမြင့်တနေရာကနေပြုတ်ကျလို့ ခေါင်းပေါက်ခြင်း၊နဖူးပေါက်ခြင်း
လှိမ့်တတ်တဲ့အရွယ်ဆို လှိမ့်ရင်းလှိမ့်ရင်းနဲ့ကုတင်ပေါ်ကနေ သို့မဟုတ် ခုံပေါ်ကနေ သို့မဟုတ် မေမေတင်ထားတဲ့အမြင့်တနေရာကနေ ပြုတ်ကျပြီး ခေါင်းပေါက်၊နဖူးပေါက်တာ
တွားသွားတတ်တဲ့အရွယ်၊လမ်းလျှောက်ခါစအရွယ်တွေဆိုရင် လှေခါး ကနေပြုတ်ကျပြီး ခေါင်းပေါက်၊နဖူးပေါက်တာ တွေဖြစ်နိုင်ပါတယ်။
၂။ချွန်နေတဲ့စားပွဲထောင့်စွန်း၊ပရိဘောဂထောင့်စွန်းတွေနဲ့ထိမိပြီး ပေါက်ပြဲဒဏ်ရာရတာ
ချွန်နေတဲ့ စားပွဲထောင့်၊ပရိဘောဂထောင့်တွေနဲ့ ကလေးငယ်တွေဟာ တွားသွားရင်း၊လမ်းလျှောက်ရင်း၊ပြေးလွှားဆော့ကစားရင်းနဲ့ မတော်တဆဆောင့်မိထိုးမိတတ်ပါတယ်။အဲ့အခါမှာ ပေါက်ပြဲဒဏ်ရာတွေရနိုင်ပါတယ်။
၃။တွေ့ကရာပစ္စည်းတွေကို ပါးစပ်ထဲလျှောက်ထည့်မိခြင်းကြောင့် အသက်ရှုလမ်းကြောင်းပိတ်ဆို့တာ၊အဆိပ်ဖြစ်တာ
တွားသွားသွားတတ်တဲ့အရွယ်တွေဟာ သူတို့မြင်သမျှအရာပစ္စည်းတွေကို ပါးစပ်ထဲကောက်ထည့်တတ်ကြလေ့ရှိပါတယ်။
အဲ့အခါမှာ ပစ္စည်းကကြီးပြီး လည်ချောင်းမှာတစ်နေရင် အသက်ရှုကြပ်လာကာ အရေးပေါ်အခြေအနေဖြစ်ပြီးဆေးရုံရောက်နိုင်ပါတယ်။
ဒါ့အပြင်ကောက်ထည့်လိုက်တဲ့ပစ္စည်းက ကလေးနဲ့မသင့်တော်တဲ့ ဆေးဝါး(ဥပမာ ကြွက်သတ်ဆေး၊ပိုးသတ်ဆေး)၊အရက်ပြန်လို ပစ္စည်းတွေဖြစ်ခဲ့ရင် အဆိပ်သင့်ခြင်းကိုဖြစ်စေပြီး ဆေးရုံကိုချက်ချင်းတက်ရနိုင်ပါတယ်။
၄။ရေနွေးပူလောင်ခြင်း၊မီးပူလောင်ခြင်း၊ဖန်ကွဲရှခြင်း
ခုံတွေ၊စားပွဲတွေကို ဆွဲပြီးအားယူကာ မတ်တပ်ရပ်တတ်တဲ့အရွယ်၊စလမ်းလျှောက်တဲ့အရွယ်တွေမှာ မီးပူ၊ရေနွေးပူလောင်တာဟာအရမ်းအဖြစ်များပါတယ်။တခုခုကိုလက်နဲ့လှမ်းဆွဲလေ့ရှိတာကြောင့် တခါတလေမှာအခန့်မသင့်ရင် စားပွဲပေါ်ကရေနွေးဓါတ်ဘူးကိုဆွဲမိပြီး ရေနွေးပူလောင်တာ၊မပိတ်ရသေးတဲ့လျှပ်စစ်မီးဖိုမျက်နှာပြင် သို့မဟုတ် အပူရှိန်မသေသေးတဲ့လျှပ်စစ်မီးဖိုမျက်နှာပြင်ကို သွားဆွဲ သွားကိုင်မိပြီး မီးပူလောင်တာတွေဖြစ်နိုင်ပါတယ်။
နောက်ပြီး စားပွဲပေါ်က ပန်းအိုး သို့မဟုတ် ဖန်ခွက်စတဲ့ကွဲရှစေနိုင်တဲ့ပစ္စည်းတွေကိုလှမ်းဆွဲမိရင်လည်း ထိုပစ္စည်းတွေကျကွဲတဲ့အခါမှ ထွက်လာတဲ့ဖန်၊မှန် ကွဲစတွေနဲ့ထိမိပြီး ပြတ်ရှဒဏ်ရာရှနိုင်ပါတယ်။
၅။တံခါးနဲ့လက်ညှပ်မိခြင်း
ကလေးတွေအတော်များများဟာအိမ်ထဲကတံခါးတွေကို အဖွင့်အပိတ်လုပ်ပြီးဆော့ရတာကိုနှစ်သက်ကြပါတယ်။ ဆော့ရင်းနဲ့ တံခါးကို ဂျိုင်းခနဲပိတ်လိုက်မိတဲ့အခါမျိုးမှာ အခန့်မသင့်ရင် ကလေးရဲ့လက်ချောင်းလေးတွေညှပ်မိသွားတတ်ပါတယ်။
၆။ဓါတ်လိုက်ခြင်း
လျှပ်စစ်အန္တရာယ်ဖြစ်တဲ့ဓါတ်လိုက်ခြင်းဟာလည်း ကလေးတွေအတွက်ကြီးမားတဲ့ အိမ်တွင်းအန္တရယ်တခုပါပဲ။သေစေနိုင်သည်အထိအန္တရာယ်ရှိပါတယ်။
တချို့အိမ်တွေက ပလပ်ခေါင်းပေါက်တွေကို အိမ်နံရံတွေရဲ့အခြေနားလေးမှာထားလေ့ရှိတတ်ပါတယ်။အဲ့အခါမှာကလေးက လက်လှမ်းမီတဲ့အတွက် စူးစမ်းပြီး ပလက်ပေါက်ထဲလက်နဲ့သွားနှိုက်တတ်ပါတယ်။
ဒါ့အပြင် ထိုပလက်ပေါက်ကို ထိုးဆက်ထားတဲ့ဝါယာကြိုးရှိရင် ထိုဝါယာကြိုးကိုပါးစပ်ထဲထည့်ကိုက်တာတွေလုပ်တတ်ပါတယ်။
ဒါတွေကတော့ ကလေးတွေအိမ်နေရင်းနဲ့ထိခိုက်ဒဏ်ရာရတတ်တဲ့အကြောင်းတွေပါ။
ဒီလိုအဖြစ်များတဲ့အိမ်တွင်းထိခိုက်ဒဏ်ရာရာမှုတွေ ဖြစ်ပွားနိင်ခြေ နည်းအောင်ကတော့ မိဘများအနေနဲ့ အောက်ပါအကြံပြုချက်များကို လိုက်နာကြဖို့ တိုက်တွန်းအကြံပေးလိုပါတယ်။
၁။ကလေးငယ်လေးတွေကို စားပွဲပေါ် သို့မဟုတ် ခုံရှည်ပေါ်တွေချထားတာတွေကိုရှောင်ပါ။အိမ်အပေါ်ထပ်မှာနေတဲ့သူတွေဆိုပါက အတက်အဆင်းလှေကားနေရာမှာ ကလေးလုံခြုံရေးတံခါး(Baby Safety Gate) သို့မဟုတ် အကာအကွယ်တခုခုတပ်ထားပါ။
၂။ရေနွေးဓါတ်ဘူး၊မီးဖို၊မီးပူ စတဲ့အပူလောင်နိုင်တဲ့ပစ္စည်းများကို ကလေးတွေလက်လှမ်းမမှီတဲ့နေရာမှာထားပါ။
၃။ အရက်ပြန်၊ကြွက်သတ်ဆေး၊ပိုးသတ်ဆေး စတဲ့ ကလေးတွေကောက်ပြီးပါးစပ်ထဲထည့်နိုင်တဲ့ ကလေးတွေနဲ့မသင့်တော်တဲ့ပစ္စည်းတွေကို ကလေးတွေလက်လှမ်းမမှီ နိုင်တဲ့နေရာမှာသေချာသိမ်းဆည်းပါ။
၄။ပန်းအိုး၊ဖန်ခွက်စတဲ့ကွဲရင်ရှနိုင်တဲ့ပစ္စည်းများကို ကလေးတွေရဲ့အဝေးမှာသေချာစနစ်တကျထားပါ။
၅။စားပွဲထောင့်စွန်းတွေ၊ပရိဘောဂထောင့်စွန်းတွေကချွန်နေရင် အဲ့ဒီထောင့်နေရာတွေမှာ စက္ကူဂျပ်ထူ သို့ျွဟုတ် အဝတ်ထူလေးတွေနဲ့အုပ်ကပ်ထားပါ။
၆။ကလေးက တံခါးကိုဆော့ရင်းနဲ့ ဂျိုင်းခနဲ့တံခါးပိတ်မိတဲ့အခါမှာ တံခါးလက်ညှပ်မိနိုင်ခြေနည်းအောင် Door slam prevention guard သို့မဟုတ် Door Stopper လေးတွေကို တံခါးမှာတွဲပေးထားပါ။
၇။လျှပ်စစ်ပလပ်ပေါက်တွေကို အမြင့်နေရာမှာတပ်ဆင်ပါ။အနိမ့်မှာတပ်ထားပြီးဖြစ်ပါက မသုံးတဲ့အချိန်မှာ ပလပ်ပေါက်ကို ကလေးမနှိုက်နိုင်အောင် Electric oulet cover(မီးပလပ်ပေါက်ကာ)တပ်ထားပါ။ လုံးဝမသုံးတော့တဲ့ပလပ်ပေါက်တွေဆိုရင် မီးကပ်တဲ့တပ်တဲ့လုံအောင်ကပ်ထားတာတွေလုပ်ပါ။
၈။ကြမ်းပြင်ပေါ်မှာ ပလစ်စတစ်အမှိုက်စတွေ၊ပဲစေ့အဆန်စတာတွေကျမနေအောင်ဂရုတစိုက်လှဲကျင်းပါ။
Dr 528