သားသားမီးမီးတို့ဖျားပြီဆိုရင် ဖေဖေမေမေတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် စိုးရိမ်သောကရောက်ရပါတယ်။
အခုခေတ်မိဘအများစုအနေနဲ့ ကလေးတွေဖျားတဲ့အခါ ပါရာစီတမောအရည်တိုက်ရမှန်းတာ့သိပေမယ့် ဘာကျွေးရမလဲ ရေချိုးပေးလို့ရမရ အကျီထူဝတ်ပေးရမလားစတဲ့အချက်တွေကိုတော့ သိပ်သေချာမသိကြပါဘူး။
ဒါကြောင့်အခုတပါတ်မှာ ကလေးတွေဖျားတဲ့အခါ ဘယ်လိုပြုစုသင့်သလဲဆိုတဲ့အချက်တွေကို သိသလောက်ရေးသားတင်ပြပေးချင်ပါတယ်။
ပထမဆုံးအချက်အနေနဲ့ကတော့ မိဘတွေအမေးများဆုံးဖြစ်တဲ့ ကလေးနေမကောင်းတဲ့အခါ အစာကျွေးရမလား ရပ်ရမလားဆိုတာကိုပြောပါမယ်။
ကလေးတွေနေမကောင်းဖြစ်တဲ့အခါအစာမစားခိုင်းတာ၊အစာမကျွေးတာတွေမလုပ်ပါနဲ့။
နို့စို့ကလေးဆိုရင်လည်း နို့ပုံမှန်တိုက်လို့ရသလို အစားအသောက်ကျွေးနေတဲ့ကလေးကြီးတွေဆိုရင်လည်း ကျွေးနေကျအတိုင်းပုံမှန်ဆက်ကျွေးလို့ရပါတယ်။
သို့သော် အဖျားကရက်ရှည်လျှင်(အဖျား၇ရက်ထက်ကျော်လျှင်)တော့ အူရောင်ငန်းဖျားရောဂါဖြစ်နိုင်သဖြင့်ကလေးကို ဆရာဝန်နဲ့ပြသစမ်းသပ်သင့်ပါတယ်။
အူရောင်ငန်းဖျားဆိုရင်တော့ အစာမာတွေကျွေးတာရှောင်ရပါမယ်။
အကြမ်းအားဖြင့်ခြုံပြောရရင်တော့ နေမကောင်းဖြစ်တဲ့ကလေးတွေကို ပုံမှန်ကျွေးနေကျအတိုင်းဆက်ကျွေးတာအပြင် အရည်များများလည်းတိုက်ဖို့လိုပါတယ်။
အရည်ဆိုတာ ရေတမျိုးတည်းကိုပဲဆိုလိုတာမဟုတ်ပါဘူး။စွပ်ပြုတ်ရည် ဆန်ပြုတ်ကျဲကျဲ နို့ အိုဗာတင်းတို့လို အာဟာရဖြစ်မယ့်အရည်တွေ များများတိုက်သင့်ပါတယ်။
ဘာလို့လဲဆိုတော့ ဖျားနေတဲ့အချိန်မှာ ချွေးထွက်မယ် နောက်ပီး ကလေးကအသက်ရှုမြန်နေတဲ့အခါ ခန္ဒာကိုယ်ထဲမှာရှိတဲ့ အရည်ဓါတ်တွေဟာ ပိုပြီးဆုံးရှုံးတဲ့အတွက် အရည်ခန်းခြောက်တဲ့ပြသာနာ ပိုဖြစ်နိုင်လို့ပါ။
ဒုတိယအချက်အနေနဲ့ကတော့ ကလေးတွေဖျားတဲ့အခါမှာ ရာသီဥတုနဲ့သင့်တော်မယ့်အဝတ်အစားများကိုပဲဝတ်ဆင်ပေးပါ။
ရာသီဥတုကအေးလို့ သို့မဟုတ် လေတွေတအားတိုက်လို့ ဖျားတဲ့ကလေးကိုအနွေးထည်ဝတ်ပေးတာမျိုးကရပါတယ်။
သို့သော် ရာသီဥတုကပူအိုက်တဲ့အခါမျိုးမှာဆိုရင်တော့ ဖျားတဲ့ကလေးကို အဝတ်ထူတွေဝတ်ပေးတာ၊စောင်အထပ်ထပ်ခြုံပေးတာ၊ကလေးငယ်လေးတွေဆိုရင် အဝတ်ထူထူဖြင့်ထုတ်ထားတာမျိုးတွေကိုမလုပ်ပါနဲ့။
ကလေးက အဖျားကြီးတဲ့အခါ (အဖျားက ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက်ပိုတဲ့အခါ)
ရေပတ်တိုက်ပေးပါ (သို့မဟုတ်) ရေချိုးခန်းထဲမှာ ရေခပ်သွက်သွက်ချိုးပေးပါ။
ရေခဲတုံးလေးများကို ပလတ်စတစ်အိတ်တွင်ထည့်ပြီး နဖူး၊လည်ပင်း၊ဂျိုင်း၊ပေါင်ခြံစသည့် သွေးကြောကြီးများရှိသောနေရာများမှာလည်း ကပ်ပေးနိုင်ပါတယ်။
ပါရာစီတမော ကို အသက်အရွယ်အလိုက်သင့်တော်သော ဆေးအချိန်အဆ အကြိမ်ရေအတိုင်း ပါးစပ်မှတိုက်တာ သို့မဟုတ် စအိုမှ (အရပ်အခေါ် ဒုံးကျည်,ဂြိုလ်တု)ထည့်တာ လုပ်နိုင်ပါတယ်။
သို့သော် Antibiotics ခေါ် ပိုးသေဆေး၊ပဋိဇီဝဆေးများကိုတော့ ဆရာဝန်နဲ့ပြသထားခြင်းမရှိဘဲ မိမိသဘောနဲ့ မတိုက်ကျွေးရပါ။
ဒီလိုအိမ်မှာ ပြုစုနေရင်းနဲ့ ကလေးက
အဖျားအပူချိန်ကျမသွားဘဲ ပိုပိုမြင့်တက်လာတာ
အဖျားက နှစ်ရက်၊သုံးရက် ကြာသော်လည်းမပျောက်တာ
အစာလုံးဝမ၀င်တာ
ကလေးက လန်းဆန်းမှုမရှိဘဲ တအားမှိန်းလွန်းတာ၊အီနေတာ
အန်တာ၊ဗိုက်နာတာ၊အသက်ရှုကျပ်တာ စသဖြင့် ဖြစ်လာရင်တော့ နီးစပ်ရာဆေးရုံ၊ဆေးခန်း အမြန်ပြဖို့လိုပါတယ်လို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။
Dr. 528