စတော်ဘယ်ရီဆိုသော နာမည်သည် အင်္ဂလိပ်အသံထွက် Strawberry ကို တိုက်ရိုက်ခေါ်ဆိုကာခေါ်သောနာမည်ဖြစ်သည်။
စတော်ဘယ်ရီသီးရဲ့မူလအစက ပြင်သစ် နိုင်ငံကဖြစ်သည်။ကျွန်တော်တို့တွေ ခုစားနေသော စတော်ဘယ်ရီသီးဟာ Garden Strawberry ခေါ် စတော်ဘယ်ရီအယဉ်အမျိုးအစားဖြစ်ပါတယ်။
ထိုအမျိုးအစားကို ၁၈ရာစုနှောင်းပိုင်းလောက်တွင် ပြင်သစ်နိုင်ငံ ဘရစ်တီနီမြို့မှာ စတော်ဘယ်ရီအရိုင်းအမျိုးအစားကနေစတင်မျိုးပွားစိုက်ပျိုးနိုင်ခဲ့ပါတယ်။
စတော်ဘယ်ရီရဲ့ရုက္ခဗေဒနာမည်ကတော့ Fragaria ananassa ဖြစ်ပါတယ်။ မျိုးရင်းကတော့ Fragaria ပါ။
Garden Strawberry အပင်က မြေလျှောက်ပင်အမျိုးအစားဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက အအေးပိုင်းဒေသတွေမှာ စိုက်ပျိုးကြပါတယ်။ စတော်ဘယ်ရီသီးရဲ့အရောင်က ပန်းနီရောင်ရှိပြီး သူ့ရဲ့အသားက အရည်ရွှမ်းကာ အနံကလည်းမွှေးပါတယ်။
အခွံခွာစရာမလိုဘဲရေဆေးပြီး စားလို့ရပါတယ်။ အစေ့အနေနဲ့ကတော့ သရက်သီး၊ ဆီးသီးစတဲ့အသီးတွေလို အတွင်းထဲမှာပါတာမဟုတ်ဘဲ စတော်ဘယ်ရီသီးရဲ့အပေါ်မှာပဲ နှမ်းစေ့လိုမျိုးအစေ့လေးတွေအနေနဲ့ပါပါတယ်။ ထိုအစေ့လေးတွေကနေပဲ အပင်ဖြစ်အောင်ပြန်စိုက်လို့ရပါတယ်။
စတော်ဘယ်ရီသီးတလုံးတိုင်းရဲ့မျက်နှာပြင်အပေါ်မှာ ပျှမ်းမျှအားဖြင့် အစေ့ ၂၀၀ခန့်ပါဝင်ပါတယ်။
စတော်ဘယ်ရီသီးကို အချိုပွဲအဖြစ်ဒီအတိုင်းစားတာလည်းရှိသလို ဖျော်ရည်ဖျော်သောက်တာ၊ဒိန်ချဉ်နဲ့ရောသောက်တာမျိုးလည်းရှိပါတယ်။
ဒါ့အပြင် ဟင်းချက်တဲ့အခါမှာ ထည့်သုံးတာမျိုးလည်းရှိပါတယ်။ စတော်ဘယ်ရီသီးမှာ ကာဘိုဟိုက်ဒရိတ်၊ပက်တင်၊အမျှင်ဓါတ်၊ဗီတာမင် ဘီ၊စီ၊ကယ်လ်ဆီယမ်၊မီးစုန်းဓါတ်၊သံဓါတ် စတဲ့အကျိုးပြုဓါတ်တွေအများကြီးပါဝင်ပါတယ်။
စတော်ဘယ်ရီသီးမှာပါတဲ့အမျှင်ဓါတ်က ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေနည်းစေပါတယ်။
ပက်တင်နဲ့ဗီတာမင်စီဓါတ်တို့ကလည်း ကိုယ်ခံအားကိုကောင်းစပြေီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
စတော်ဘယ်ရီသီးသည် မှတ်ဉာဏ်အားကိုပိုကောင်းမွန်စေဖို့အတွက် အထောက်အကူပြုသလို မျက်စိကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးအတွက်လည်းအထောက်အကူပြုပြီး ကိုယ်အလေးချိန်ကိုထိန်းညှိရာမှာလည်း အထောက်အကူပြုတယ်လို့ သုတေသနပညာရှင်တွေကဆိုထားပါတယ်။
စတော်ဘယ်ရီကို နွေရာသီမှာ အပူများပြီး နှုတ်ခမ်းပါးစပ်တွေခြောက်တတ်သူတွေ၊ချောင်းခြောက်မကြာခဏဆိုးလေ့ရှိသူတွေ၊ ဝမ်းမကြာမကြာကိုက်တတ်သူတွေ၊ ဝမ်းချုပ်တတ်သူတွေ ဆိုရင် ပိုပြီးစားသုံးသင့်ပါတယ်လို့ အကြံပြုရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။
Author : သီတာနွယ်(အမရပူရ)