နှလုံးရဲ့ အဆို့ရှင်များ
နှလုံးရဲ့ အခန်းလေးခန်းမှာ ညာဘက်မှာနှစ်ခန်းဘယ်ဘက်မှာနှစ်ခန်းရှိပါတယ် ညာဘက်ကအခန်းတွေက ကိုယ်ခန္ဓာတစ်ခုလုံးက ပြန်လာတဲ့သွေးတွေ ဝင်လာတာပါ ညာဘက်အခန်းကနေမှ သွေးတွေက အဆုတ်ကို ဖြတ်သန်းစီးဆင်းရင်း အောက်ဆီဂျင်ပြည့်ဝတဲ့သွေးတွေအဖြစ်နဲ့ ဘယ်ဘက်အခန်းတွေဆီကို ပြန်လာကြပါတယ် ဘက်ဘက်အခန်းတွေကနေမှ ကိုယ်ခန္ဓာတစ်ခုလုံးကို သွေးတွေပြန်ပို့ပေးနေတာက နှလုံးရဲ့ ပုံမှန်လှုပ်ရှားမှုပါ ။
နှလုံးတစ်ခုမှာ အခန်းလေးခန်းပါသလိုပဲ အဆို့ရှင်လည်း လေးခုပါပါတယ် အခန်းတစ်ခုချင်းစီမှာ အဆို့ရှင်တစ်ခုစီ ရှိပါတယ် အဆို့ရှင်တွေက စည်းချက်ညီညီ အဖွင့်အပိတ်လုပ်ရင်း နှလုံးကြွက်သားက ညှစ်လိုက်လျှော့လိုက်လုပ်ရင်း ခန္ဓာကိုယ်တစ်ခုလုံးကို လိုအပ်တဲ့သွေးတွေ ပို့ဆောင်ပေးနေရင်း နှလုံးတစ်ခုက မနားတမ်းအလုပ်လုပ်နေပါတယ် ။
နှလုံးအဆို့ရှင်တွေကို မြန်မာပြန်ထားတဲ့နာမည်တော့ မရှိပါဘူး ဆေးပညာမှာတော့ mitral valve, tricuspid valve, aortic valve နဲ့ pulmonary valve ဆိုပြီး ခေါ်ကြပါတယ် ။
နှလုံးအဆို့ရှင်တွေ ပုံမှန်အတိုင်း လှုပ်ရှားနေရင်တော့ ကိစ္စမရှိပေမယ့် တစ်ခုခုချို့ယွင်းလာရင်တော့ နှလုံးကို ထိခိုက်လာစေနိုင်ပါတယ် ။
နှလုံးအဆို့ရှင်တွေမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေကတော့ ပုံမှန်ထက်ပိုပြီးကျဉ်းလာတာနဲ့ အဆို့ရှင်တွေမလုံတော့တာပါ ။
နှလုံးအဆို့ရှင်တစ်ခုကို ကျဉ်းစေတဲ့အကြောင်းတွေ အများကြီးပါ ဖြစ်တဲ့အသက်အရွယ်ပေါ်မူတည်ပြီး တစ်ခုနဲ့တစ်ခုမတူကြပါဘူး အသက်ငယ်ရွယ်သူတွေမှာတော့ ပိုးလေးဘက်နာလို့ခေါ်တဲ့ Rheumatic fever က အဆို့ရှင်တွေကိုကျဉ်းစေတဲ့ အဓိကအကြောင်းအရင်းထဲမှာ ပါပါတယ် အဆို့ရှင်တိုင်းကျဉ်းနိုင်ပေမယ့် အဖြစ်အများဆုံးကတော့ mitral valve ပါ ။
တစ်ချို့တွေကျတော့မွေးရာပါ အဆို့ရှင်တွေကျဉ်းနေတာလည်းဖြစ်တတ်တယ် Connective tissue disease အမျိုးအစားတွေဖြစ်တဲ့ Turner syndrome, Noonan syndrome စတဲ့ရောဂါတွေမှာလည်းကျဉ်းနိုင်ပါတယ် နှလုံးကြွက်သားယောင်တဲ့အခါမှာလည်း ကျဉ်းလာစေတတ်တယ် မွေးရာပါနှလုံးရောဂါတစ်ခုဖြစ်တဲ့ Tetralogy of Fallot လို့ခေါ်တဲ့ ရောဂါမှာလည်း pulmonary valve က ကျဉ်းနေတတ်ပါတယ် ။
အသက်ကြီးပိုင်းတွေမှာ အဖြစ်များဆုံး နှလုံးအဆို့ရှင်ကျဉ်းစေတာကတော့ အဆို့ရှင်ကိုယ်တိုင် တစ်ဖြည်းဖြည်းခဲလာတာကြောင့်ပါ aortic valve မှာ အဓိကအများဆုံးဖြစ်ပါတယ် ။
တစ်ချို့သူတွေမှာ နှလုံးအဆို့ရှင် ခွဲစိတ်ပြီးအစားထိုးတပ်ဆင်ထားတဲ့အခါလည်း အဆို့ရှင်ကပုံမှန်ထက်ကျဉ်းနေတတ်ပါတယ် ။
နှလုံးအဆို့ရှင် မလုံတာမျိုးကိုတော့ မွေးရာပါနှလုံးရောဂါတွေ နှလုံးကြွက်သားနဲ့ဆိုင်တဲ့ရောဂါတွေ သွေးကြောကြီးတွေယောင်တဲ့ရောဂါတွေ Marfan’s နဲ့ Enhler danlos လို့ခေါ်တဲ့ Connective tissue ရောဂါတွေမှာ တွေ့ရပါတယ် နှလုံးအဆို့ရှင်ကျဉ်းနေတဲ့သူတွေမှာ တစ်ခြားအဆို့ရှင်တွေမလုံတာမျိုးလည်း တွဲဖြစ်နိုင်တယ် ။
သွေးလေးဘက်နာရောဂါသည်တွေ ကာလသားရောဂါရဲ့နောက်ဆက်တွဲတွေ Ankylosing လိုမျိုး တစ်ချို့အဆစ်ယောင်ရောဂါတွေမှာလည်း aortic valve မလုံတာမျိုး ဖြစ်တတ်ပါတယ် ။
အဆုတ်မှာ သွေးဖိအားများစေတဲ့ ဘယ်ရောဂါမှာမဆို သွေးနောက်ပြန်စီးလာပြီး အဆုတ်အဝင်မှာရှိတဲ့ pulmonary valve မလုံတာတွေ ဖြစ်နိုင်ပါတယ် ။
်နှလုံးရောဂါသည် အများစုမှာတော့ တစ်ဖြည်းဖြည်းမောလာတာတွေ ပက်လက်အိပ်ရင်ပိုမောလာတာတွေ ရင်တုန်တာ ရင်ဘတ်အောင့်တာတွေ သတိလစ်တာတွေ ဖြစ်နိုင်ပေမယ့် နှလုံးအဆို့ရှင်တွေမှာ ဖြစ်တဲ့ နေရာနဲ့ ရောဂါပေါ်မူတည်ပြီး ရောဂါလက္ခဏာကအနည်းနဲ့အများ ကွာခြားပါတယ် ။
နှလုံးအဆို့ရှင်မှာ ပြဿနာတစ်ခုခုရှိနေမလားလို့ သံသယဝင်ရင်တော့ ecg စွဲရုံနဲ့ မပြီးပါဘူး echocardiogram ပါ ရိုက်ဖို့ လိုပါတယ် echo ရိုက်မှသာ နှလုံးရဲ့အဆို့ရှင်တွေကို သေချာစစ်ဆေးနိုင်မှာပါ ။
Dr. CST