ရင်ခဏခဏတုန်တဲ့ အမျိုးသမီးတွေ ဘာဖြစ်တတ်လဲ
ထိပ်လန့်စရာ (သို့မဟုတ်) အကြောင်းအရာတခုခု ရုတ်တရက်ဖြစ်လာလျှင် မည်သူ မဆို ထိပ်လန့်၊ ရင်တုန်၊ မောပန်းသွားတတ်ကြပြီး အမျိုးသားများထက် အမျိုးသမီး များတွင် ပိုမိုဖြစ်ပွား ခံစားရလေ့ ရှိသည်။ ပြင်ပအကြောင်းအရာ တခုခုကြောင့်ဖြစ်သော ထိပ်လန့် ရင်တုန်သွားတတ်ခြင်းသည် ပြဿနာတရပ် မဟုတ် သော်လည်း အကြောင်း အရာ တိတိကျကျမရှိပဲ ရင်တုန်နေတတ်ခြင်းသည် ဂရုပြုသင့် သည့် လက္ခဏာ တရပ်ဖြစ်သည်။
ရင်တုန်မောပန်းတတ်ခြင်းသည် ပြဿနာတရပ်ဟု ဆိုခြင်းထက် အကြောင်းအရာတခုခုကြောင့်ဖြစ်သော လက္ခဏာတရပ်ပင်ဖြစ်ပြီး အဆိုပါ ရင်တုန်၊ မောပန်းတတ်ခြင်းကို ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများ များစွာရှိနေ ပြန်သည်။ အဆိုပါအကြောင်းအရာများအနက် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားမှု အများဆုံးနှင့် အသက်အရွယ်မရွေး ခံစားနေရတတ်သည့် ပြဿနာတရပ်မှာ သွေးအား နည်းခြင်းပြဿနာပင်ဖြစ်သည်။
လတ်တလော စစ်တမ်းများအရ မြန်မာ့အမျိုးသမီး ဦးရေ၏ ထက်ဝက်ခန့်သည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သော သွေးအားနည်းခြင်း ပြဿနာကို ခံစားရလျက်ရှိသဖြင့် ပေါ့ဆမနေသင့်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာ တရပ်ဖြစ်သည်။
အချို့သော အမျိုးသမီးများတွင် ရင်တုန်၊ မောပန်းတတ်ခြင်းများ အလွယ်တကူ ခံစားရလျှင် နှလုံးအားနည်းသည်၊ အာရုံကြောအားနည်းသည်ဟုဆိုကာ မလိုအပ်ပဲ ဆေးဝါးများ မိမိသဘောဖြင့်မိမိ ဝယ်ယူအသုံးပြုလေ့ရှိသလို ဆေးရုံဆေးခန်းများတွင် သွားရောက်ပြသလျှင်လည်း မိမိတွင် နှလုံးအားနည်းခြင်းရှိသည်၊ နှလုံးရောဂါရှိသည်ဟု ဆိုကာရောဂါရာဇဝင်ပေးလေ့ရှိသဖြင့် မလိုလားအပ်ပဲ စမ်းသတ်မှုများပြုလုပ်ရသဖြင့် မလိုလားအပ်ပဲ ကုန်ကျစရိတ်များစေသော သတိပြုသင့်သည့် လက္ခဏာတရပ်လည်း ဖြစ်သည်။
အဆုပ်မှ ရှုသွင်းလိုက်သော အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံသို့ သွေးနီဥများ မှတဆင့် ပို့ဆောင်ပေးလျက်ရှိပြီး အဆိုပါသွေးနီဥများ ပုံမှန်ရှိသင့်သော ပမာဏအောက် လျော့နည်းနေခြင်းကို သွေးအားနည်းခြင်းဟုခေါ်သည်။
သွေးအားနည်းခြင်းကို သွေးအတွင်းရှိ သွေးနီဥပမာဏ တိုင်းတာခြင်းဖြင့် သိရှိနိုင်သလို သွေးအားနည်းသည့် လက္ခဏာများ ခံစားနေရလျှင် (သို့) စမ်းသတ်တွေ့ရှိရလျှင်လည်း သွေးအားနည်းခြင်း ပြဿနာကို ခံစားနေရကြောင်း သိရှိနိုင်သည်။
သွေးအားနည်းခြင်းကြောင့်ဖြစ်သည့် လက္ခဏာများ
– မောပန်းလွယ်ခြင်း၊ အလိုလို မောပန်းနေတတ်ခြင်း
– အသက်ရှုမြန်ခြင်း၊ အသက်ရှုမဝခြင်း
– မူးမော်ခြင်း၊
– ရင်တုန်ခြင်း၊ လွယ်လွယ်မပျောက်တတ်ခြင်း
– နားအူခြင်း၊ နားအတွင်းမှ လေများထွက်နေသကဲ့သို့ ခံစားနေရခြင်း
– ခေါင်းကိုက်တတ်ခြင်း
– ခြေဖျား၊ လက်ဖျားများ အေးစက်နေတတ်ခြင်း
– မျက်လုံးနှင့် အသားများ ဖြူဖျော့နေခြင်း၊ ဝါနေခြင်း
– ရင်ဘတ်အောင့်ခြင်း
– အာရုံစိုက်မရခြင်း (စာပေသင်ကြားခြင်းနှင့် လုပ်ငန်းများအပေါ် အာရုံစိုက်မရခြင်း)
ဘယ်လိုလူတွေမှာသွေးအားနည်းခြင်းဖြစ်နိုင်သလဲ
သွေးအားနည်းခြင်းကို ဖြစ်ပွားစေသော အကြောင်းအရင်းများ များစွာရှိပြီး အသက် အရွယ်မရွေး ခံစားရနိုင်သည်။ အထူးသဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အားကောင်းသော အရွယ်ဖြစ်သည့် ဆယ်ကျော်သက်အရွယ်များနှင့် အသက်အရွယ် ကြီးရင့်သူများတွင် သွေးအားနည်းခြင်း ပိုမို၍ ခံစားရနိုင်သည်။ ထို့အပြင် –
– အမျိုးသမီးများအတွက် ရာသီပေါ်ချိန်များ၊
– အစားရှောင်သူများ (အထူးသဖြင့် အသားရှောင်သူများ)၊
– ကိုယ်ဝန်ဆောင်များ၊
– စီးပွားရေးနှင့် ပညာရေးချို့တဲ့သူများ၊
– မကြာခဏ နာမကျန်းဖြစ်တတ်သူများ၊
– နာတာရှည်ရောဂါ ခံစားနေရသူများ (ကင်ဆာရောဂါ၊ အသည်းရောဂါ စသည်ဖြင့်)၊
– ဖျားနာခြင်းဖြစ်သူများနှင့် နာလံထစ လူနာများ၊
– လတ်တလော ခွဲစိတ်ကုသမှု ခံယူထားသူများ၊
– ပိုးသတ်ဆေးများနှင့် အချို့သောဆေးဝါးများကို စွဲသောက်နေသူများ၊
– အသက်အရွယ်ကြီးလွန်းသူများ။
သွေးအားနည်းခြင်းအမျိုးအစားများ
သွေးအားနည်းခြင်းကိုဖြစ်စေသည့် အကြောင်းအရာ အမျိုးမျိုးရှိပြီး ဖြစ်ပွားရသည့် အကြောင်းအရာကို လိုက်၍ သွေးအားနည်းခြင်း ပုံစံအမျိုးမျိုးရှိသည်။ အတွေ့အများ ဆုံးသော သွေးအားနည်းခြင်း ပုံစံများမျာ –
– ဗီတာမင်ဓာတ်များ ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်း
– သံဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်း
– ရောဂါအခံ တခုခုကြောင့်ဖြစ်သော သွေးအားနည်းခြင်း
– ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှုကြောင့်ဖြစ်သော သွေးအားနည်းခြင်း
– အမျိုးသမီးများ ရာသီပေါ်ချိန်တွင် သွေးအားနည်းတတ်ခြင်းနှင့်
– ဆေးဝါးများကြောင့်ဖြစ်သော သွေးအားနည်းခြင်းဟူ၍ ဖြစ်ပွားရသော အကြောင်း အရင်းကိုလိုက်၍ သွေးအားနည်းသည့် ပုံစံများ များစွာရှိသည်။
သွေးအားနည်းခြင်းလက္ခဏာများ ခံစားနေရလျှင်
သွေးအားနည်းခြင်း လက္ခဏာများ ခံစားနေရလျှင် နီးစပ်ရာ ဆေးရုံ/ ဆေးခန်း သွား၍ သွေးစစ်ဆေးခြင်းနှင့် ဖြစ်ပွားရသော အကြောင်းအရင်းကို ရှာဖွေ စစ်ဆေးပြီး ဖြစ်ပွားစေသော အကြောင်းအရင်းနှင့် သွေးအားနည်းနေသည့် ပမာဏကို မူတည်၍ လိုအပ်သော ကုသမှုခံယူရန်လိုသည်။
အများအားဖြင့် သံဓာတ်အားဖြည့်ဆေးများနှင့် ဗီတာမင်အားဖြည့်ဆေးများကို ညွှန်ကြားချက်အတိုင်း သောက်သုံးခြင်းဖြင့် သက်သာ သွားနိုင်သော်လည်း လိုအပ်လျှင် သွေးသွင်ကုသမှု ခံယူရနိုင်သည်။
သွေးအားနည်းခြင်းမဖြစ်အောင်
သွေးအားနည်ခြင်းပြဿနာ မခံစားလိုသူ/ ကြိုတင်ကာကွယ်လိုသူများ အနေနှင့် အောက်ဖော်ပြပါ ကျန်းမာရေးအကြံပြုချက်များအတိုင်း နေထိုင်စားသောက်ခြင်းဖြင့် သွေးအားနည်းခြင်းပြဿနာကို ကြိုတင်ကာကွယ်ထားနိုင်သည်။
– ကြက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုး၊
– လတ်ဆတ်သော အသီးအနှံနှင့် ဥအမျိုးမျိုး၊
– ငါးအမျိုးမျိုးနှင့် မြန်မာတို့လက်သုံးဖြစ်သော သန့်ရှင်သည့် ငါးပိရည်ကြို၊
– အာလူး၊ ကဇွန်းဥစသည့် ဥအမျိုးမျိုး၊
– အသားအမျိုးမျိုး၊ အထူးသဖြင့် အနီရောင်ရှိသော အသားများ၊
– ပဲအမျိုးမျိုးနှင့် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ စသည်တို့ကို ပုံမှန် စားသုံးပေးခြင်းဖြင့် ကြိုတင်ကာကွယ်ထားနိုင်သည်။
– အမျိုးသမီးများ ရာသီမပေါ်မီရက်များနှင့် ရာသီရက်များအတွင်း သံဓာတ်အားဖြည့် ဆေးနှင့် ဗီတာမင်အားဆေးများကို ကြိုတင်သောက်သုံးခြင်း ပြုလုပ်နိုင်သော်လည်း မည်သည့်ဆေးဝါးမဆို နောက်ဆက်တွဲဆိုးကျိုးများ ရှိတတ်သဖြင့် မသောက်သုံးမီ နားလည် တတ်ကျွမ်းသော ဆရာဝန်၊ သူနာပြုများနှင့် ကြိုတင်တိုင်ပင်ပြီးမှ သောက်သုံး သင့်သည်။
သွေးအားနည်းခြင်းကြောင့်ဖြစ်သော ရင်တုန်မောပန်းခြင်းပြဿနာ ကင်းဝေးကြပါစေ။
Dr. တင့်တယ်