ကလေးတွေတက်ပြီဆိုရင် အမေတွေဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်စိုးရိမ်သောကရောက်တတ်ကြပါတယ်။
ကလေးတွေမှာ တက်ခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ အနေနဲ့ကတော့
ကိုယ်အပူချိန်များလို့တက်တာ(Febrile Convulsion)
ဦးနှောက်အမြှေးပါးရောင်တာကြောင့်တက်တာ(Meningitis)
ဦးနှောက်ရောင်တာကြောင့်တက်တာ(Encephalitis)
ဦးနှောက်ထဲမှာပြည်ရှိတာကြောင့်တက်တာ(Brain abscess)
ငှက်ဖျားပိုးဦးနှောက်ထဲရောက်တာကြောင့်တက်တာ(Cerebral malaria)
ခဲဆိပ်သင့်တာကြောင့်တက်တာ(Lead Poisoning)
ခေါင်းခိုက်မိတာကြောင့်တက်တာ(Head Injury)
စသဖြင့် အများကြီးရှိပါတယ်။
အဲ့ဒါတွေထဲကမှ အဖြစ်များလေ့ရှိတဲ့ ကိုယ်အပူချိန်များလို့ တက်တဲ့အကြောင်းကို ဒီတပတ်မှာရေးသားတင်ပြပါမယ်။
ကိုယ်အပူချိန်များလို့တက်တာကို ဆေးပညာအရ Febrile Convulsions လို့ခေါ်ပါတယ်။
ကိုယ်အပူချိန်များပြီးတက်တာ(Febrile Convulsions)ဟာ
၆လနဲ့၅နှစ်ကြားအရွယ်ကလေးတွေမှာဖြစ်လေ့ရှိပြီး အသက်တနှစ်ကနေ နှစ်နှစ် ကြားအရွယ်ကလေးတွေဟာ အများဆုံးဖြစ်တတ်ပါတယ်။
ယောက်ျားလေးတွေမှာပိုဖြစ်တတ်ပါတယ်။
မိဘမျိုးရိုးမှာအဖျားကြီးရင်တက်တတ်တဲ့ ဆွေမျိုးသားချင်းရှိတတ်ပါတယ်။
Febrile Convulsion မှာတက်တဲ့ပုံစံကတော့
ဖျားပြီး ၂၄နာရီအတွင်းတက်လေ့ရှိပါတယ်။
ဖျားတဲ့တလျှောက်အဖျားအကြီးဆုံးအချိန်(အများအားဖြင့်၃၉ဒီဂရီဆဲလ်စီးယပ်နဲ့အထက်)မှာ တက်ခြင်းဖြစ်လေ့ရှိပါတယ်။
တကိုယ်လုံး ခြေထောက်နှစ်ဖက်ရော လက်နှစ်ဖက်ပါ ကွေးလိုက်ဆန့်လိုက်ပုံစံနဲ့ တက် တတ်ပါတယ်။
တခါတက်ရင် ၁၅ မိနစ်ထက်ပိုမကြာတတ်ပါဘူး။
တက်ပြီးတဲ့နောက်ပိုင်းမှာကလေးက လန်းလန်းဆန်းဆန်းပြန်ဖြစ်သွားတတ်ပါတယ်။
မှိန်းနေတာတို့လက်တဖက်ခြေထောက်တဖက်လှုပ်မရတာမျိုးတို့ ဖြစ်မကျန်ခဲ့တတ်ပါဘူး။
ဒါကြောင့်
ကိုယ်အပူချိန်များလို့တက်တာက ဦးနှောက်အမြှေးရောင်လို့တက်တာ၊ဦးနှောက်ပြည်ရှိလို့တက်တာ၊ခဲဆိပ်သင့်လို့တက်စတဲ့တခြားအကြောင်းတွေကြောင့်တက်တာတွေလို စိတ်ပူစရာမရှိပါဘူး။
ဒါပေမယ့် အပူချိန်များလို့တက်တာလား တခြားအကြောင်းကြောင့်တက်တာလားဆိုတာသေချာသိဖို့အတွက်ရယ် ဖျားတာကိုကုဖို့အတွက်ရယ်တော့ ဆေးခန်းဆေးရုံပြစမ်းသပ်ဖို့လိုပါတယ်။
တက်နေတဲ့ကလေးကို ပြုစုနည်းအနေနဲ့ကတော့
တက်နေတဲ့အခါမှာ ကလေးကို ဘေးတစောင်းထားပါ။ကလေးအနားမှာလူတွေအရမ်းမအုံပါစေနဲ့။
ကလေးတက်နေချိန်မှာ ကလေးပါးစပ်ထဲကိုလက်ထည့်တာ ပစ္စည်းထည့်တာတွေမလုပ်ပါနဲ့။
ကလေးကိုရိုက်တာ၊ခြေမချိုးတာတွေကိုလည်းမလုပ်ရပါ။
ကလေးကိုဝတ်ပေးထားတဲ့အဝတ်တွေကကြပ်နေရင်၊အကျီအထူတွေဝတ်ထားရင် ချွတ်ပေးပါ။
ကလေးကို နဖူးရေဝတ်တင်တာ၊ပေါင်ကြား၊ချိုင်းကြားတွေကို ရေဖတ်တိုက်တာ လုပ်ပေးပါ။
ပြီးရင် အပေါ်မှာတခါပြောခဲ့တဲ့အတိုင်း အပူချိန်များလို့တက်တာလား တခြားအကြောင်းကြောင့်တက်တာလားဆိုတာသေချာသိဖို့အတွက်ရယ် ဖျားတာကိုကုဖို့အတွက်ရယ် နီးစပ်ရာဆေးရုံ၊ဆေးခန်းသွားပါလို့ အကြံပြုပြောကြားလိုက်ရပါတယ်။
Dr 528