အရေပြားဖြတ်ခြင်းနဲ့ ကျန်းမာရေးအကြောင်း
ရွှေပန်းထိပ်အရေပြားဖြတ်ခြင်းဟာ အရင်ခေတ်တွေတုန်းက ဂျူးလူမျိုးတွေ၊ အိန္ဒိယလူမျိုးတွေ အစရှိတဲ့ လူမျိုးတွေမှာပဲ လုပ်လေ့ရှိတဲ့ ဓလေ့ထုံးစံတခုပါ။
ထိုလူမျိုးတွေရဲ့ ရိုးရာအစဉ်အလာအရ မွေးတဲ့ကလေးဟာ ယောကျ်ားလေးဖြစ်ရင် မွေးပြီး ပထမရက်၊ ဒုတိယရက်မှာ သို့မဟုတ် ရှစ်ရက်မြှောက်နေ့မှာ ကလေးရွှေပန်းထိပ်အရေပြားကို ဖြတ်တောက်ပေးရပါတယ်။
ကျွန်တော်တို့ မြန်မာတွေမှာတော့ ထိုဓလေ့ထုံးစံမရှိပါဘူး။
သို့သော် ဆက်သွယ်ရေးနည်းပညာတွေဖွံ့ဖြိုးလာပြီး လူတိုင်းကိုယ်စီဖုန်းကိုင်အင်တာနက်သုံးနိုင်ကြတဲ့ အခုခေတ် ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ထိပ်အရေပြားဖြတ်ရင် ဘယ်လိုကောင်းကျိုးတွေရနိုင်တယ်ဆိုပြီး ရေးထားတာတွေ ဖတ်ရတာများလာတဲ့အခါ ကျွန်တော်တို့ ရွှေမြန်မာ တွေအများစုလည်း ရွှေပန်းထိပ်အရေပြားဖြတ်ချင်သူတွေ များလာပါတယ်။
ဒါကြောင့် ဒီတပတ်မှာ ရွှေပန်းထိပ်အရေပြားဖြတ်ခြင်းရဲ့ ကောင်းကျိုးတွေ ဆိုးကျိုးတွေကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။
ရွှေပန်းထိပ်အရေပြားဖြတ်တယ်ဆိုတာ ခွဲခန်းထဲမှာ မေ့ဆေး သို့မဟုတ် ထုံဆေး သုံးကာ လိင်တံထိပ်ကို ဖုံးအုပ်ငုံနေတဲ့ ထိပ်အရေပြားလေးကို ဖြတ်ပြီးဖယ်ထုတ်လိုက်တာပါပဲ။
ဆေးပညာအရတော့ Circumcision လုပ်တယ်လို့ခေါ်ပါတယ်။ မွေးကင်းစကလေးငယ်တွေမှာသာမက လူငယ်၊ လူကြီးအရွယ်တွေမှာလည်း လိင်တံထိပ်အရေပြားဖြတ်တာ လုပ်နိုင်ပါတယ်။
ထိပ်အရေပြားဖြတ်တာဟာ မွေးကင်းစကလေးတွေမှာလုပ်မယ်ဆိုရင် ငါးမိနစ်ကနေ ၁၀မိနစ်လောက်ပဲကြာပြီး ဆိုးကျိုးဖြစ်နိုင်ခြေကလည်းနည်းပါတယ်။
လူငယ်တွေ၊ အသက်ကြီးတဲ့သူတွေမှာ လုပ်မယ်ဆိုရင်တော့ နာရီဝက်ကနေ တနာရီထိကြာနိုင်ကာ နောက်ဆက်တွဲ ဆိုကျိုးဖြစ်နိုင်ခြေတွေကလည်း များပါတယ်။
လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့
၁။ ထိပ်အရေပြားနဲ့ လိင်တံအထစ်နေရာကြားမှာ ဂျေး (ချေး) ဝင်ရောက်ကပ်ငြိတာ၊ ဆီးကျန်စုနေတာမျိူးတွေ ဖြစ်နိုင်ခြေနည်းသွားတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေကို နည်းစေပါတယ်။
၂။ လိင်တံသန့်ရှင်းရေးလုပ်ရာမှာလည်း သေချာသန့်ရှင်းအောင် လုပ်နိုင်ပါတယ်။
(လိင်တံထိပ်အရေပြားက လိင်တံထိပ်ကို ဖုံးအုပ်နေတဲ့သူတွေမှာဆိုရင် ရေချိုးလို့ လိင်တံသန့်ရှင်းရေးလုပ်တဲ့အခါ အညစ်ကြေးတွေက သေချာမပြောင်ဘဲ ကပ်ငြိကျန်ရှိနေတတ်ပါတယ်။)
၃။ လိင်တံကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပြီး လိင်တံထိပ်ဖျားနဲ့ ထိပ်အရေပြားရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။
၄။ ထိပ်အရေပြားဖြတ်ထားသည့်အတွက် လိင်တံထိပ်အရေပြားနောက်ကို ဆွဲလို့မရတဲ့အခြေအနေ (Phimosis) ဖြစ်ပွားနိင်ခြေကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ သုတ်လွှတ်မြန်ခြင်းကိုလည်း အတိုင်းအတာတခုထိ သက်သာစေနိုင်ပါတယ်။
၆။ မိမိရဲ့ လိင်ဆက်ဆံဖက် အမျိုးသမီးမှာလည်း ဆီးပိုးဝင်တာ၊ မူမမှန်အဖြူဆင်းတာတွေ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
(လိင်တံထိပ်အရေပြားက လိင်တံထိပ်ကိုဖုံးနေတဲ့အခါ အညစ်အကြေးတွေက လိင်တံထပ်အရေပြားနဲ့ လိင်တံအထစ်နေရာကြားထဲမှာစုနေကာ ကြာလာတာနဲ့အမျှ ပိုးတွေပေါက်ပွားတတ်ပါတယ်။
လိင်ဆက်ဆံတဲ့အခါ ဆက်ဆံဖက်အမျိုးသမီးရဲ့ မိန်းမကိုယ်ထဲကို ထိုအညစ်အကြေးနဲ့ ပိုးတွေဟာ ဝင်ရောက်သွားပါတယ်။ ထိုအခါ ဆက်ဆံဖက်အမျိုးသမီးမှာ ဆီးပိုးဝင်တာ၊ မူမမှန်အဖြူဆင်းတာစတဲ့ရောဂါတွေ ဖြစ်နိုင်ပါတယ်။)
ဒီလိုကောင်းကျိုးတွေရှိပေမယ့် တဖက်မှာလည်း လိင်တံထိပ်အရေပြားဖြတ်ခြင်းကြောင့် ရနိုင်တဲ့ဆိုးကျိုးတွေလည်းရှိပါတယ်။
အဲ့ဒါတွေကတော့
ခွဲစိတ်မှုဖြစ်တဲ့အတွက် မေ့ဆေးထုံဆေးအန္တရာယ်ရှိခြင်း
ခွဲပြီးပါက နာကျင်တာ၊ ဖြတ်ထားတဲ့ နေရာကနေသွေးထွက်တာ၊ အနာမကျက်တာ၊ ပိုးဝင်တာ စသဖြင့်ဖြစ်နိုင်ခြင်း
ဆီးသွားရခက်ခြင်း
လိင်တံထိပ်ကို ဖုံးထားကာထားပေးတဲ့ အရေပြားအကာအကွယ်မရှိတဲ့အတွက် လိင်တံထိပ်ထိခိုက် ဒဏ်ရရနိုင်ခြေများခြင်း
ဆီးသွားပြွန် (Urethra) ရောင်ရမ်းနိုင်ခြေ ပိုများခြင်း စသဖြင့်ပါ။
အဆုံးသတ်အနေနဲ့ပြောရရင် ရွှေပန်းထိပ်အရေပြားဖြတ်ခြင်းဟာ ကောင်းကျိုး ဆိုးကျိုးတွေ ဒွန်တွဲနေတဲ့အတွက် တဦးချင်းစီမှာဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကလည်း မတူနိုင်တဲ့အတွက် ဖြတ်မယ်ဆိုပါက အရင်ဆုံးခွဲစိတ်ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး လိုအပ်တာတွေ စစ်ဆေးကြည့်ဖို့ လိုကြောင်း အကြံပြုလိုက်ရပါတယ်။
Dr. 528