မွေးကင်းစကလေးတွေမှာ မွေးဆံပင်ဆိုတာပါလာလေ့ရှိပါတယ်။
မိဘတွေအတော်များများက ကလေးမွေးကတည်းကပါလာတဲ့ အဲ့မွေးဆံပင်ကို ညှပ်ပေးတာ ခေါင်းတုံးရိတ်ပေးတာတွေလုပ်မှ ကလေးဆံပင်သန်မယ် ဆံပင်ထူမယ်ဆိုပြီး ကလေး ၁ လ သို့မဟုတ် ၂ လလောက်မှာ ခေါင်းတုံးရိတ်တာ ဆံပင်ညှပ်တာတွေလုပ်လေ့ရှိပါတယ်။
အချို့တွေ (ဥပမာတရုတ်လူမျိုး၊ အိန္ဒိယအနွယ်လူမျိုးတွေ) မှာကျတော့လည်း ရိုးရာဓလေ့အရ ရိတ်ရတာမျိုးတွေရှိပါတယ်။
တတ်သိနားလည်တဲ့ ဆေးဘက်ဆိုင်ရာပညာရှင်များကတော့ မွေးကင်းစအရွယ် ၁ လ ၂ လအရွယ်ကလေးငယ်လေးတွေကို ခေါင်းတုံးမရိတ်သင့် ဆံပင်ညှပ်မပေးသင့်ဘူးလို့ ဆိုထားပါတယ်။
ဆံပင်ဆိုတာဟာ ဦးရေပြားအောက်မှာရှိတဲ့ မွှေးညှင်းအိတ် (Hair follicles) လေးတွေက ပေါက်လာတာဖြစ်ပါတယ်။
ထိုမွှေးညှင်းအိတ် အရေအတွက်လေးတွေများရင် ဆံပင်အုံထူပြီးနည်းရင် ဆံပင်အုံပါးတာ ဖြစ်နိုင်ပါတယ်။
ထိုမွှေးညှင်းအိတ်အရေအတွက်များခြင်း နည်းခြင်းကလည်း ကလေးရဲ့မျိုးရိုးဗီဇ (Gene) နဲ့ပဲဆိုင်ပါတယ်။
ဆံပင်သန်ခြင်း မသန်ခြင်းကတော့ အစာအာဟာရ လုံလောက်ကောင်းမွန်စွာရမရနဲ့လည်း ဆိုင်ပါတယ်။
ခေါင်းတုံးရိတ်ခြင်းဟာ ဦးရေပြားပေါ်မှာရှိတဲ့ ဆံပင်ကိုရိတ်တာဖြစ်ပြီး ဆံပင်ရဲ့ မူလအရင်းအမြစ်ဖြစ်တဲ့ Hair follicles တွေအပေါ်ဘာသက်ရောက်မှုမှ မရှိတာကြောင့် ခေါင်းတုံးရိတ်ခြင်း၊ ဆံပင်ညှပ်ခြင်းဟာ ဆံပင်ထူတာ၊ ဆံပင်သန်တာအပေါ် ဘယ်လိုမှ အကျိုးမသက်ရောက်နိုင်ကြောင်း..
နောက်ပြီး ကလေးရဲ့မွေးဆံပင်လေးတွေဟာ ကလေးအသက်လေးလလောက်ကျ သူ့ဘာသာသူကျွတ်ပြီး ဆံပင်အသစ်တွေပေါက်တာဖြစ်တဲ့အတွက် ကလေးအသက် ၁ လ ၂ လလောက်မှာ ခေါင်းတုံးရိတ်ပေးဖို့မလိုကြောင်း ပညာရှင်များကရှင်းပြထားပါတယ်။
ဒါ့အပြင် ကလေးငယ်ငယ်လေးတွေကို ခေါင်းတုံးရိတ်ပေးခြင်းဖြင့် ရနိုင်တဲ့ဆိုးကျိုးတွေကိုလည်း သတိပေးပြောထားပါတယ်။
ကလေးငယ်လေးတွေရဲ့ ဦးခေါင်းခွံဟာ အပြည့်မဆက်သေးတဲ့အတွက် ငယ်ထိပ်မှာ လှုပ်နေတဲ့နေရာလေးတခုရှိပါတယ်။
ကလေးတွေရဲ့ ဦးရေပြားဟာပါးတဲ့အပြင် အဲ့လှုပ်နေတဲ့နေရာလေးရှိတဲ့အတွက် ကလေးကို ခေါင်းရိတ်တဲ့အခါ ထိခိုက်ရှနာဖြစ်လွယ်ပါတယ်။
ထိုထိခိုက်ရှနာ ဒဏ်ရာမှတဆင့် ပိုးဝင်တတ်ပါတယ်။ ကလေးငယ်လေးတွေဟာ ကိုယ်ခံအားသိပ်မကောင်းတဲ့အတွက် ဝင်လာတဲ့ပိုးကို မတိုက်ထုတ်နိုင်တဲ့အခါ အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိပါဖြစ်တတ်ပါတယ်။
ခေါင်းရိတ်ခြင်းဖြင့် ကလေးငယ်လေးတွေဟာ အအေးပိုမိလွယ်တတ်ပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးရရင် မွေးကင်းစကလေးငယ်တွေကို ခေါင်းတုံးရိတ်တာ ဆံပင်ညှပ်ပေးတာဟာ အန္တရာယ်များပြီး အကျိုးကျေးဇူးလည်းမရှိတဲ့အတွက် မိဘတွေအနေနဲ့ အရပ်စကားနားယောင်ပြီး မလုပ်မိဖို့၊ တကယ် ဆံပင်သန်ချင်တယ်ဆိုရင် နို့များများတိုက်ဖို့၊ အစာအာဟာရ ကောင်းကောင်းကျွေးဖို့ ပြောချင်ပါတယ်။
Dr 528