ကလေးအသေမွေးစေနိုင်တဲ့ အကြောင်းများ
ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ကိုယ်ဝန်အပ်တာ၊ အပ်ထားတဲ့ဆီကချိန်းတိုင်း မှန်မှန်သွားပြတာ၊ အစားသောက် ဂရုစိုက်စားတာ၊ အိပ်ချိန်လုံလောက်အောင် အိပ်တာတွေလုပ်ဖို့ လိုပါတယ်။
ကိုယ်ဝန်စရှိတဲ့အချိန်ကနေ မမွေးခင်အချိန်အတွင်း ကြားကာလမှာ ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာတွေ ဖြစ်နိုင်တဲ့အတွက်ပါ။
ကိုယ်ဝန်ရက်သတ္တပတ် ၂၀ ရဲ့ရှေ့မှာ သန္ဓေသားသေဆုံးခြင်းဖြစ်ရင်တော့ ကိုယ်ဝန်ပျက်ကျတယ်လို့ပဲ သတ်မှတ်ပြီး ကိုယ်ဝန်ရက်သတ္တပတ် ၂၀ သို့မဟုတ် ရက်သတ္တပတ် ၂၀ နောက်ပိုင်းမှာ သန္ဓေသားသေဆုံးတာကိုတော့ ကလေးအသေမွေးတယ်လို့ သတ်မှတ်ပါတယ်။
ဘာလို့လဲဆိုတော့ ကိုယ်ဝန်ရက်သတ္တပတ် ၂၀ သို့မဟုတ် ၂၀ နောက်ပိုင်း သန္ဓေသားသေဆုံးတဲ့အခါမှာ ကိုယ်ဝန်ပျက်ကျတာလိုမျိုး အကုန်အစင်ကျအောင်စောင့်တာ၊ မကျရင် သားအိမ်ခြစ်တာမျိုးတွေလုပ်လို့မရဘဲ မွေးထုတ်ဖို့လိုတဲ့အတွက် မိခင်သားအိမ်ခေါင်းပွင့် မပွင့်ပေါ်မူတည်ပြီး ရိုးရိုးမွေးတာ၊
ဆေးသွင်းပြီး မွေးအောင်လုပ်တာတွေ လုပ်ရလို့ပါ။
ကလေးအသေမွေးတဲ့အခါမှာ မိခင်တွေဟာ စိတ်ဒဏ်ရာရပြီး မိမိကိုယ်ကို အပြစ်ရှိတဲ့စိတ်မျိုးဖြစ်တတ်ပါတယ်။
တကယ်တော့ ကလေးအသေမွေးခြင်းဟာ အဖြစ်နည်းတဲ့ ကိစ္စမဟုတ်ပါ။ လေ့လာမှုသုတေသနတွေအရ အကြမ်းအားဖြင့် ကလေးအယောက် ၁၀၀၀ မွေးလျှင် ၁၀ ယောက်ကနေ အယောက် ၄၀ လောက်အထိဟာ ကလေးအသေမွေးတာ ဖြစ်နိုင်ပါတယ်။
ကလေးအသေမွေးခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းအတိအကျကိုတော့ သေချာပြောမရသေးပါ။
သို့သော် ကလေးအသေမွေးခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ ……
– ကိုယ်ဝန်ဆောင်မိခင် ဆီးပိုး၊ ကာလသားပိုးစတဲ့ ဘက်တီးရီယားပိုးဝင်တာ
– ငှက်ဖျားရောဂါဖြစ်တာ
– ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတာ (ကိုယ်ဝန်ဆိပ်တက်တာ)
– ဆီးချို၊ သွေးချိုရောဂါရှိတာ
– အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးသုံးတာ
– မိခင်နဲ့ ကလေး အပေါင်းသွေးအနုတ်သွေး မတူတာ
– သန္ဓေသားမှာ မျိုးရိုးဗီဇဆိုင်ရာပြဿနာတွေရှိတာ
– အချင်းနေရာမမှန်တာ၊ အချင်းစောကွာတာ
– ချက်ကြိုးဆိုင်ရာ ပြဿနာတွေရှိတာ
– ဗိုက်ကို အားပြင်းပြင်းနဲ့ ခိုက်မိခဲ့တာ စသဖြင့် အကြောင်းတွေ အများကြီးရှိပါတယ်။
ဗိုက်ထဲက သန္ဓေသားအသက်မရှိတော့ဘူးဆိုရင် စောစီးစွာသိပြီး သူ့ကို မြန်မြန် အပြင်ဘက်ကို မွေးထုတ်ဖို့လိုပါတယ်။ ဘာလို့လဲကြာရင် အထဲမှာပုပ်ပြီး မိခင်သွေးဆိပ်တက်ကာ အသက်အန္တရာယ်ရှိလို့ပါ။
ဗိုက်ထဲမှာ ကလေးအသက်မရှိတော့တဲ့အခါ ကလေးလှုပ်တာ (တိုးတာ) သိသိသာသာနည်းသွားခြင်း သို့မဟုတ် လုံးဝမလှုပ်(မတိုး)ခြင်း၊ ကိုယ်ဝန်အရွယ်အစား (ဗိုက်အရွယ်အစား) ထပ်မကြီးလာခြင်း သို့မဟုတ် သေးသွားခြင်းတွေ ဖြစ်နိုင်ပါတယ်။
ဒီလိုတွေဖြစ်ပါက စောစီးစွာ ဆရာဝန်နဲ့ပြသပြီး အာထရာဆောင်းရိုက်ကြည့်ဖို့ လိုပါတယ်။
ဒါမှသာ ကလေးအသက်ရှိမရှိ စောစောသေချာသိပြီး အသက်မရှိပါက စောစောအပြင်ကို မွေးထုတ်ခြင်းဖြင့် မလိုလားအပ်တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်မှာပါ။
ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ကိုယ်ဝန်အပ်ပါ။ အပ်တဲ့ဆီက ချိန်းတိုင်းလည်း မှန်မှန်သွားပြပါ။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးရှောင်ပါ။ အစာအာဟာရပြည့်အောင် စားပါ။ ဖိနပ်အမြင့်တွေ မစီးပါနဲ့။ ချော်မလဲအောင် ဂရုစိုက်ပါ။ အရည်ဆင်းသွေးဆင်းတာ၊ ကလေးသိပ်မလှုပ်တာ တခုခုမူမမှန်တာရှိရင် ချက်ချင်းဆေးခန်းပြပါလို့ အကြံပေးချင်ပါတယ်။
Dr 528