ပြောင်းဖူးစားရင် သွေးပေါင်ကျသလား
ပြောင်းဖူးအမျိုးအစားများစွာရှိသည့်အနက် ရွှေဝါရောင်ပြောင်းဖူးဟာ ကမ္ဘာပေါ်ရှိ လူအမျိုးအတော်များများ ကြိုက်နှစ်သက်စွာစားသုံးသော ပြောင်းဖူးမျိုးဖြစ်ပါတယ်။
ပြောင်းဖူးကို အင်္ဂလိပ်လို Corn သို့မဟုတ် Maize လို့ခေါ်ပါတယ်။ရုက္ခဗဒနာမည်ကတော့ Zea mays ဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာရွှေဝါရောင်ပြောင်းဖူး ကို
ထိုင်ဝမ်ပြောင်းဖူး သို့မဟုတ် သကြားပြောင်းဖူးလို့ခေါ်လေ့ရှိပါတယ်။
စားသုံးတဲ့ပုံစံအနေနဲ့ကတော့ ပြောင်းဖူးကို ပြုတ်စားတာ မီးဖုတ်စားတာ ကြော်စားတာ ဟင်းချက်စားတာ လက်ဖက်သုပ်ထဲရောထည့်စားတာ စသဖြင့် အမျိုးမျိုးပြုလုပ်၍ စားသုံးလေ့ရှိပါသည်။
ပြောင်းဖူးထဲမှာ ကစီဓါတ်၊ပရိုတင်း၊အမျှင်ဓါတ်၊ဗီတာမင်အေ၊ဘီ၊စီ၊အီး၊ကယ်လ်ဆီယမ်၊မဂ္ဂနီဆီယမ်၊သံဓါတ်၊မီးစုန်းဓါတ်၊ခယ်လီယမ်၊လက်ဆီသင်၊ဂလူတမစ်အက်စစ်၊အိုမီဂါဆစ်၊အိုမီဂါနိုင်း စတဲ့အာဟာရဓာတ် များစွာပါဝင်တာကြောင့် ပြောင်းဖူးစားခြင်းဖြင့် ကျန်းမာရေးအကျိုး ကျေးဇူးတွေများစွာရရှိနိုင်ပါတယ်။
ပြောင်းဖူးမှာကြွယ်ဝစွာပါတဲ့ အမျှင်ဓါတ်ကအစာအိမ်နဲ့အူလမ်းကြောင်းကို မျာစွာအထောက်အကူပြုပါတယ်။အစာကြေစေပြီးဝမ်းမှန်စေကာ ဝမ်းချုပ်ခြင်းကို ကင်းဝေးစေသောကြောင့် အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုပါလျော့နည်းစေပါတယ်။
ဗီတာမင်ဘီကြွယ်ဝစွာပါခြင်းကြောင့် ဦးနှောက်နဲ့အာရုံကြောဆဲလ်များကိုအ ားကောင်းစေပြီး မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းကို ပိုကောင်းမွန်စေနိုင်ကာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
ဗီတာမင်အေ(ဘီတာကယ်ရိုတင်း)မျက်စိအမြင်အာရုံကိုထောက်ပံ့ပေးပြီး ကြက်မျက်သင့်ရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။
ဆီလီနီယမ် နဲ့ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစွာပါခြင်းကြောင့် သွေးကြောများကိုပျော့ပျောင်းစေပြီး သွေးပျစ်မှုနှုန်းကိုလည်းလျော့နည်းစေပါတယ်။သွေးတွင်းအဆီဓါတ် နဲ့ သွေးဖိအားတို့ကိုလည်း လျှော့ချပေးတာကြောင့် သွေးတိုးရောဂါ၊နှလုံးရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။
ဒါ့အပြင် ပြောင်းဖူးမှာ Ferulic acid,Anthocyanins,Zeaxanthin စတဲ့ Antioxidants ခေါ် ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေများစွာပါတာကြောင့် ခန္ဓာကိုယ်ကိုနုပျိုစေကာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု၊ အရွယ်မတိုင်မှီအိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ် အောင် ကာကွယ်ပေးပါတယ်။
အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ပြောင်းဖူးဟာကျန်းမာရေးကောင်းကျိုးများပြီး ဈေးလည်းမကြီးတာကြောင့် ပြောင်းဖူးကို မကြာမကြာစားပေးသင့်ပါတယ်။
ပြောင်းဖူးဝယ်ရာတွင် ညိုးခြောက်နေသောပြောင်းဖူးများ၊မှိုတက်နေသောပြောင်းဖူးများကိုရှောင်ပါ။ လတ်ဆတ်သော၊ပြောင်းဖူးစေ့အတန်းများညီညာပြီးပြည့်ဖြိုးသော၊ရွှေဝါရောင်တောက်သော ပြောင်းဖူးကိုရွေးဝယ်စားပါ လို့အကြံပေးချင်ပါတယ်။
သီတာနွယ်(အမရပူရ)