ကလေးငယ်တွေကို ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးစေမဲ့ သံဓာတ်ချို့တဲ့မှုပြဿနာ
ကလေးငယ်အများစုဟာ အစားအသောက်ဂျီးများပြီး အစာကျွေးရတာခက်တဲ့အတွက် သံဓါတ်ချို့တဲ့မှုပြဿနာဟာ ကလေးငယ်လေးတွေမှာ အတွေ့ရများပြီး အဖြစ်များလေ့ရှိပါတယ်။ လေ့လာမှုတွေအရ ကလေးငယ်အယောက် ၁၀၀ မှာ ၈ ယောက်လောက်ဟာ သံဓါတ်ချို့တဲ့နေကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံ အမျိုးသားကျန်းမာရေးကောလိပ်ရဲ့ ဖော်ပြချက်အရ
အသက် ၇ လကနေ တနှစ်အရွယ် ကလေးငယ်တွေမှာဆိုရင် တနေ့လျှင် သံဓါတ် ၁၁ မီလီဂရမ် ရရှိရန်လိုအပ်ပြီး
တနှစ်မှ သုံးနှစ်အရွယ် ကလေးတွေမှာဆိုရင် တနေ့လျှင် သံဓါတ် ၇ မီလီဂရမ် ရရှိရန်လိုအပ်ကာ
၄ နှစ်မှ ၈ နှစ်အရွယ်ကလေးတွေမှာဆိုရင်တော့ တနေ့လျှင် သံဓါတ် ၁၀ မီလီဂရမ်လိုအပ်ကြောင်းသိရပါတယ်။
သံဓါတ်ဆိုတာဟာ ကလေးငယ်တွေ ကျန်းမာရေးကောင်းပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္ထုဓါတ်တမျိုးဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်ဖြစ်လို့ အရွယ်ရောက်ပြီးသား လူငယ်တွေလူကြီးတွေထက် သံဓါတ်ပိုလိုအပ်ပါတယ်။
သံဓါတ်ချို့တဲ့ပါက ကလေးတွေဟာ အစာစားချင်စိတ်မရှိတာ၊ ကိုယ်အလေးချိန်မတက်တာ၊ ဦးနှောက်ဖွံ့ဖြိုးမှုနှေးတာ၊ ဖြူဖတ်ဖြူရော်ဖြစ်တာ၊ နည်းနည်းလှုပ်ရှားတာနဲ့ မောတဲ့အတွက် သိပ်မဆော့ သိပ်လှုပ်လှုပ်ရှားရှားမရှိတာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ လက်သည်းတွေဆိုလည်း ဇွန်းလိုမျိူးခွက်နေတာ ပါးပီးကျိူးလွယ်တာ စတာတွေဖြစ်နိုင်ပါတယ်။
ဒါတွေအပြင် အသက်ရှုလမ်းကြောင်း ခဏခဏပိုးဝင်ပြီးနေမကောင်းဖြစ်တာ၊ နှလုံးကြီးတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သံဓါတ်ချို့တဲ့မှုမဖြစ်အောင် ကလေးခြောက်လပြည့်လို့ မိခင်နို့အပြင် ဖြည့်စွက်စာ စကျွေးတဲ့အချိန်ကစပြီး သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို သေချာဂရုစိုက်ကျွေးဖို့လိုပါတယ်။ အသား၊ ငါး၊ အသည်း၊ ကြက်ဥ၊ နို့နဲ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ ကျောက်ဖရုံသီး စတဲ့အစားအစာတွေ သံဓါတ်ကြွယ်ဝစွာပါတဲ့ အစားအစာတွေဖြစ်ပါတယ်။
အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ဒီလိုသံဓါတ်ကြွယ်ဝတဲ့ အစားစာတွေကို ကျွေးရာမှာ ကလေးတွေနှစ်သက်သဘောကျမယ့် ပုံစံနဲ့ ကျွေးဖို့လိုပါတယ်။ ဒါမှသူတို့က စားမှာပါ။ ဥပမာ အသားဆိုရင် ဒီအတိုင်းကျွေးတာမျိုးထက် အသားညှပ်ပေါင်မုန့်လုပ်ကျွေးတာ၊ ကော်ပြန့်ထဲ အသားထည့်ကြော် ကျွေးတာ၊ ဖက်ထုပ်လုပ်ကျွေးတာမျိုးပါ။ ကြက်ဥကြော်တာ၊ ပြုတ်တာတွေ ကျွေးတဲ့အခါမှာဆိုရင်လည်း ကလေးသဘောကျနိုင်တဲ့ ကာတွန်းမျက်နှာပုံ၊ အသည်းပုံစတဲ့ပုံစံလေးတွေ ဖော်ကျွေးတာမျိုးပါ။
Dr 528