အမျိုးသမီးတွေမှာ အဖြစ်များတဲ့ မီးယပ်ရောဂါ (သို့) Endometriosis
ဆေးပညာအရ Endometriosis လို့ခေါ်တဲ့ သားအိမ်တွင်းတစ်သျှူးများ သားအိမ်ပြင်ပနေရာတွေမှာ လွဲမှားစွာရောက်နေခြင်းရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ မီးယပ်ဆိုင်ရာရောဂါတခုပါ။
အမျိုးသမီးယောက် ၁၀၀ မှာ ၅ ယောက်မှ ၁၀ ယောက်ဟာ ဒီရောဂါဖြစ်နိုင်ခြေရှိပါတယ်။
သားအိမ်တွင်း တစ်သျှူးတွေ လွဲမှားစွာရောက်တတ်တဲ့ သားအိမ်ပြင်ပနေရာတွေကတော့ တင်ပဆုံကွင်းထဲက ဝမ်းဗိုက်အမြှေးပါး၊ သားအိမ်နဲ့ တင်ပဆုံကွင်းနဲ့ တွယ်ဆက်ပေးထားတဲ့ အရွတ်၊ သားဥအိမ်၊ သားဥပြွန်၊ အူ၊ ဆီးအိမ်၊ အဆုတ်အမြှေးပါး၊ ချက်၊ ဝမ်းဗိုက်ခွဲကြောင်း အမာရွတ်၊ နှာခေါင်းအတွင်း စတဲ့နေရာတွေပဲဖြစ်ပါတယ်။
ဘာလို့ သားအိမ်တွင်းတစ်သျှူးတွေဟာ သားအိမ်အတွင်းမှာရှိရမယ့်အစား ခုနကပြောတဲ့ သားအိမ်ပြင်ပနေရာတွေမှာ လွဲမှားစွာရောက်နေရလဲဆိုတဲ့ တိကျတဲ့အကြောင်းရင်းကိုတော့ ယခုထိသေချာမသိသေးပါ။
သို့သော်လေ့လာမှုတွေအရ Endometriosis ရောဂါဟာ သက်လတ်ပိုင်းအမျိုးသမီးတွေ၊ အပျိုဖော်ဝင်တာစောပြီး သွေးဆုံးချိန်နောက်ကျတဲ့ အမျိုးသမီးတွေ၊ မိသားစုမျိုးရိုးထဲမှာ ဒီရောဂါဖြစ်ဖူးတဲ့သူရှိတဲ့ အမျိုးသမီးတွေ၊ သားအိမ်အနေအထားမမှန်တဲ့ အမျိုးသမီးတွေမှာဆိုရင် ပိုဖြစ်နိုင်ခြေများပါတယ်။
သားအိမ်ပြင်ပနေရာတွေမှာ လွဲမှားစွာရောက်နေတဲ့ သားအိမ်တွင်းတစ်သျှူးတွေဟာ ဟော်မုန်းအနည်းအများပေါ် မူတည်ပြီးပွားသလို ရာသီပေါ်ချိန်ကျ အဲတစ်သျှူးတွေကနေ သွေးထွက်တတ်ပါတယ်။
ဒါကြောင့် သားအိမ်တွင်းတစ်သျှူးက နှာခေါင်းအတွင်း လွဲမှားစွာရောက်နေတဲ့ အမျိုးသမီးမှာဆိုရင်
ရာသီပေါ်တဲ့အခါကျ မိန်းမကိုယ်ကနေသွေးဆင်းတာအပြင် နှာခေါင်းသွေးလည်း လျှံတတ်ပါတယ်။
တကယ်လို့ သားအိမ်တွင်းတစ်သျှူးက အူထဲရောက်နေတာဆိုရင် ရာသီပေါ်တဲ့အခါကျ မိန်းမကိုယ်ကသွေးဆင်းတာအပြင် စအိုကနေသွေးထွက်တာ၊ ခွဲကြောင်းအမာရွတ်နေရာမှာ သို့မဟုတ် ချက်နေရာမှာရောက်နေတာမျိုးဆိုရင် ရာသီလာတဲ့အခါကျ မိန်းမကိုယ်ကသွေးဆင်းတာအပြင် အမာရွတ်နေရာ၊ ချက်နေရာတွေကနေ သွေးထွက်တာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။
ဒါတွေအပြင် သားအိမ်တွင်းတစ်သျှူးတွေ သားအိမ်ပြင်ပနေရာတွေမှာ လွဲမှားစွာရောက်တဲ့အခါမှာ ရာသီပေါ်တဲ့အခါ ရာသီသွေးအဆင်းများတာ၊ ဆီးစပ်နေရာတဝိုက်မှာ အလွန်အမင်းနာကျင်ကိုက်ခဲတာ၊ ဆီးသွားတဲ့အခါ နာကျင်ကိုက်ခဲတာ၊ ဝမ်းသွားတဲ့အခါ နာကျင်ကိုက်ခဲတာ၊ အတူနေလိင်ဆက်ဆံတဲ့အခါ နာကျင်ကိုက်ခဲတာစသဖြင့် ခံစားရနိုင်ပါတယ်။
ဒီလိုမျိုးတွေခံစားရပြီဆိုရင်တော့ အိုဂျီနဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရပါမယ်။
လုပ်နိုင်တဲ့စစ်ဆေးမှုတွေအနေနဲ့ကတော့ အာထရာဆောင်းရိုက်တာ (Ultrasound)၊ သံလိုက်ဓါတ်မှန်ရိုက်တာ (Magnetic resonance imaging)၊ ဗိုက်ကနေ အပေါက်သေးသေးလေးဖောက်ပြီး မှန်ပြောင်းထည့်ကြည့်တာ (Laparoscopy) စသဖြင့်လုပ်နိုင်ပါတယ်။
ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေနဲ့ လူနာကျန်းမာရေးပေါ်မူတည်ပြီး ဟော်မုန်းဆေး၊အကိုက်အခဲပျောက်ဆေးတွေနဲ့ ရေရှည်ကုသတာ သို့မဟုတ် ခွဲစိတ်ကုသတာ တွေလုပ်နိုင်ပါတယ်။
Dr 528