ဒီဆောင်းပါးမှာတော့ လုံမငယ်တို့ အသုံးများတဲ့ တားဆေး တွေထဲက
၃လခံတဲ့ ထိုးဆေး Progestongen-only Injectables များအကြောင်း ပြောပြပါ့မယ် ။
လုံမငယ်တို့ ကိုယ်ထဲမှာ ပင်ကိုယ် သဘာဝအရ ထွက်တဲ့ ဟိုမုန်းဓာတ်တွေဖြစ်တဲ့ ပရိုဂျပ်စတိုဂျင် (Progestogen) တို့နည်းတူ ပြင်ပမှ ဖော်စပ်ထားတဲ့ အလားတူ ဟိုမုန်းတွေ ပါဝင်တဲ့ DMPA ဆိုတဲ့ depot medroxyprogesterone Acetate နဲ့ NET-EN norethinsterone enanthate တို့ဆိုပြီး ထိုးဆေးတွေ ရှိပါတယ် ။
ဘယ်လို နည်းနဲ့ ပဋိသန္ဓေကို တားသလဲ ။
တားဆေး ဟိုမုန်းဆေး တွေသည် လုံမငယ်တို့ ခန္ဓာကိုယ်ထဲရောက်တာနဲ့ လုံမငယ်တို့ရဲ့ သားဥအိမ် (Ovary) မှ သားဥများ (ovum) မထွက်အောင် တားပေးပါတယ် ။သားအိမ်ခေါင်းအချွဲကို ထူပျစ်စေပြီးတော့ သုတ်ကောင်တွေ တော်ရုံ မတိုးနိုင်အောင် လုပ်ထားတယ် ။ထိုအခါ သုတ်ကောင်နဲ့ သားဥ တွေ့ဖို့
မလွယ်တော့ဘဲ ကိုယ်ဝန်ရနိုင်ခြေနည်းသွားတယ် ။နောက်ပြီးလုံမငယ်တို့ရဲ့ သားဥအိမ် (Ovary) မှ သားဥများ (ovum) သားအိမ်သို့ အရောက်သွားရာမှာလည်း တားပေးတယ် ။ဒီလိုနဲ့ ပဋိသန္ဓေကို တားပါတယ်ကွယ် ။သတိထားရမှာသည် ကိုယ်ဝန်ရှိပြီးသွားက မတားနိုင်တော့ပါ ။
ဘယ်လောက် အာနိသင် ရှိသလဲ ။
အာနိသင် ဘယ်လောက်ရှိသလဲ ဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ် ။အဓိကကတော့ သုံးစွဲသူ အပေါ် များစွာ မူတည်ပါတယ် ။အချိန်မှန် ၃လပြည့်တိုင်း ၁၂ပတ်တစ်ခါ ထိုးတဲ့ လုံမပျို အယောက်၁၀၀မှာ ၉၇ ရာခိုင်နှုန်း သည် ကိုယ်ဝန်မရနိုင်ပါ။ ၃ရာခိုင်နှုန်းသာ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ် ။
ဘေးထွက် အာနိသင်များ
ရာသီ မမှန်တာ(လာတာ ပမာဏာ နည်းသွားတာ ၊လာတဲ့ ရက်နည်းသွားတာ၊ရာသီ
ရက်မမှန်တော့တာ ၊ရာသီထိန်သွားတာ)
ခေါင်းကိုက်တာ
ခေါင်းမူးတာ
ဗိုက်တင်းကယ်တာ
ကိုယ်အလေးချိန်တက်တာ
စိတ်တို စိတ်ဆတ်စတဲ့ စိတ်အခြေအနေ ပြောင်းလဲတာ
သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ
ပဋိသန္ဓေကို တားတယ်
သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေနည်းသွားစေတယ်
သားအိမ်မှာ အသားလုံးတွေတည်တာ နည်းသွားစေတယ်
သံဓာတ်နည်းခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ အဖြစ်နည်းစေတယ်
သိသာသည့် ကျန်းမာရေး အကျိုးအပြစ်များ
မရှိပါ
ဆေးဘယ်လိုထိုးမလဲ။
ရာသီ စလာပြီး ၇ရက်အတွင်းထိုးပါ ။
ရာသီ စလာပြီး ၇ရက်ကျော်မှ ထိုးမည်ဆိုက ကိုယ်ဝန်မရှိတာ သေချာအောင် အရင်လုပ်ပါ ။မရှိတာ သေချာရင် ကြိုက်တဲ့ရက် စထိုးပါ ။ဒါပေမယ့် ကွန်ဒုံး ၇ရက် သုံးပါ ။အကယ်လို့ ရှိ ၊မရှိ မသေချာရင် ရာသီလာတဲ့ရက်ကို စောင့်ပြီးမှထိုးပါ ။ကွန်ဒုံး သုံးပါ ။
တားဆေးထိုးဆေးနဲ့ ပတ်သက်သည့် လုံမတို့၏ အယူအဆမှားများ
တားဆေး ဟိုမုန်းဓာတ်တွေသည် လုံမတို့ ကိုယ်ထဲမှာ စုမနေပါ ။ဒါကြောင့် ရပ်လိုက် ထိုးလိုက် လုပ်စရာမလိုပါ ။ရာသီထိန်လို့ ရာသီ ပြန်ပေါ်အောင် အနားပေးစရာ မလိုပါ ။ ရာသီထိန်လို့ ကိုယ်ထဲ သွေးလုံးကြီး ဖြစ်ကျန်နေတာလည်း မရှိပါ ။အပုပ်ဆန်တက်ခြင်းလည်း မရှိပါ ။ မိမိတို့ ကြင်ဖော်ကြင်ဖက်နဲ့ အတူနေတဲ့ ရက်မှ ထိုးရတာ မဟုတ်ပါ ။လုံမတို့အနေနဲ့ ၁၂ပတ် တစ်ခါ အချိန်မှန် ထိုးရတာပါ ။
ကလေး အမြွှာကိုလည်း မမွေးစေပါ ။အခန့်မသင့်လို့ ကိုယ်ဝန်ဆောင်နေစဉ် ထိုးမိရင်လည်း လုံမတို့ ရင်သွေးကို မထိခိုက်ပါ။ တားဆေးထိုးဆေး ထိုးလို့ မြုံသွားခြင်း မရှိပါ။
ဆက်ပါဦးမည်။
Author – ခေတ်သစ်ဇီဝက