သားအိမ်ခြစ်ခဲ့ဖူးရင်
သားအိမ်ခြစ်တယ်ဆိုတာ သားအိမ်ခေါင်းအဝကို ကိရိယာ သို့မဟုတ်ဆေး တွေသုံးပြီး ကျယ်အောင်ချဲ့ကာ အထူးပြုလုပ်ထားသော ဇွန်းလိုပုံစံရှိ ကိရိယာငယ်လေး ထည့်ပြီး သားအိမ်နံရံအတွင်းတစ်သျှူးလွှာကို ခြစ်တာဖြစ်ပါတယ်။
ဆေးပညာအရတော့ Dilatation and Curettage (D and C) လုပ်တယ်လို့ ခေါ်ပါတယ်။
ဘာကြောင့်သားအိမ်ခြစ်ရတာလဲ။
သားအိမ်ခြစ်ရခြင်းအကြောင်းတွေက အများကြီးရှိနိုင်ပါတယ်။
စပျစ်သီးသန္ဓေတည်တာ သို့မဟုတ် ကိုယ်ဝန်ပျက်ကျပြီးနောက်သားအိမ်ထဲမှာ သန္ဓေသားအပိုင်းအစကျန်နေခဲ့တာ သို့မဟုတ် ကလေးမွေးပြီးနောက် သားအိမ်ထဲမှာ အချင်းရဲ့အပိုင်းအစကျန်နေခဲ့တာတွေဖြစ်လို့ အဲ့တာတွေကို ဖယ်ရှားဖို့အတွက် သားအိမ် ခြစ်ရနိုင်သလို
ရာသီမပေါ်တာ၊ ရာသီလာရမယ့်ရက်မဟုတ်ဘဲ ကြားရက်တွေမှာ သွေးဆင်းတာ၊ သွေးဆင်းများတာ၊ သွေးဆင်းရက်ကြာတာ၊ သွေးဆုံးပြီးနောက်ပိုင်းသွေးပြန်ဆင်းတာ စတဲ့ အခြေအနေတွေမှာဆိုရင်လည်း ဘာကြောင့်ဖြစ်မှန်းအကြောင်းရင်းကိုသိအောင် လုပ်တဲ့စမ်းသပ်စစ်ဆေးမှုတခုအနေနဲ့လည်း သားအိမ်ခြစ်တာလုပ်ရနိုင်ပါတယ်။
သားအိမ်ခြစ်တဲ့အခါ ခြစ်မယ့်ဆရာဝန်က
ရိုးရိုးထုံဆေး၊ ခါးဆစ်ရိုးထုံဆေး၊ မေ့ဆေးအပျော့စား တွေထဲက လူနာနဲ့သင့်တော်မယ့် တမျိုးမျိုးကို သုံးပြီးခြစ်ပါတယ်။
ကြာချိန်အနေနဲ့ကတော့ အများအားဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲကြာပါတယ်။
ဒါပေမယ့် ခြစ်ပြီးပြီးချင်း အိမ်ပြန်လို့မရပါဘူး။ ဆေးရုံမှာ နေ့တပိုင်း သို့မဟုတ် တရက်လောက်တော့ နေရတတ်ပါတယ်။
သားအိမ်ခြစ်ပြီးတဲ့နောက် မိန်းမကိုယ်ကနာကျင်ကိုက်ခဲတာ၊ သွေးအနည်းငယ်ဆင်းတာ တွေကို ရက်အနည်းငယ်ကြာသည်အထိ (အကြမ်းအားဖြင့် ၁၀ ရက်လောက်ထိ) ခံစားရနိုင်ပါတယ်။
သားအိမ်ခြစ်ပြီးတဲ့အခါ သားအိမ်ခေါင်းနဲ့ သားအိမ်ကရောင်နေပြီး ပိုးဝင်နိုင်ခြေများတဲ့အတွက် အတူနေလိင်ဆက်ဆံခြင်းကို နှစ်ပတ်လောက်ရှောင်ဖို့လိုသလို သွေးဆင်းတဲ့အခါမှာ မိန်းမကိုယ်ထဲထည့်သုံးရတဲ့ Menstrual cup (ရာသီခံခွက်)၊ Tampons (တန်ပွန်) တွေသုံးတာကိုလည်း နှစ်ပတ်ခန့်ရှောင်ရပါမယ်။ သွေးဆင်းတဲ့အခါ ဂွမ်းဖတ် (Pad) ပဲသုံးပါ။
သားအိမ်ခြစ်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တာမျိုးကတော့ ရှားပါတယ်။
သို့သော်တခါတရံမှာ ခြစ်နေရင်းနဲ့ သားအိမ်ပေါက်တာ၊ သားအိမ်ခေါင်းဒဏ်ရာရတာတွေဖြစ်နိုင်သလို ခြစ်ပြီးနောက်ပိုင်း ပိုးဝင်တာ၊ သွေးဆင်းများတာ၊ ရက်ကြာရှည်သွေးဆင်းတာ၊သားအိမ်နံရံမှာအမာရွတ်တစ်သျှူးတွေဖြစ်တာ စသဖြင့် ဖြစ်တတ်ပါတယ်။
သားအိမ်ခြစ်ပြီးနောက်
– အပြင်းဖျားတာ
– နာကျင်ကိုက်ခဲမှုကတဖြည်းဖြည်းသက်သာမသွားဘဲပိုပိုဆိုးလာတာ
– တနာရီခြားတခါ ဂွမ်းဖတ်လဲရအောင် သွေးဆင်းတာကတအားများလာတာ
– မိန်းမကိုယ်ကနေ အနံ့အသက်မကောင်းတဲ့အရည်တွေဆင်းလာတာတွေရှိပါက ချက်ချင်းဆေးခန်းပြန်ပြဖို့လိုပါတယ်။
Dr 528