ကျွန်တော်တို့သည် အသက်ရှင်ရပ်တည်ရေးအတွက် စားဝတ်နေရေးကို နေ့စဉ်ဆောင်ရွက်ရန် ဦးနှောက်ကို အလုပ်လုပ်ခိုင်းရပါသည်။ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့် အခြားသော ကိစ္စအ၀၀တို့အတွက်လည်း ဦးနှောက်ကို အသုံးပြုရပါသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဦးနှောက်သည် များစွာအလုပ်လုပ်ခဲ့ရပြီး မှတ်ဉာဏ် တိုးတက်ကောင်းမွန်စေရန် ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာများကို ရွေးချယ်စားသောက်ရန် လိုအပ်ပါသည်။
ကာဗွန်ဟိုက်ဒရိတ် (ကစီဓာတ်) Carbohydrates
ဦးနှောက်၏ အဓိက အာဟာရသည် သွေးထဲမှ (ဂလူးကို့စ်) Glucose ဖြစ်ပါသည်။ ကာဗွန်ဟိုက်ဒ်ရိတ်များကို စားသုံးပါက သွေးထဲတွင် အချိုဓာတ်များကို ရရှိနိုင်ပါသည်။ ပဲ၊ ပြောင်း၊ ဂျုံ၊ ဆန်၊ အသီးအနှံများနှင့် လတ်ဆတ်သော သစ်သီးများကိုကာဗွန်ဟိုက်ဒရိတ်များစွာ ပါရှိပါသည်။ ထို့ကြောင့် ကာဗွန်ဟိုက်ဒရိတ်များကို လုံလောက်သော ပမာဏအတိုင်း စားပေးခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုနှင့်မှတ်ဉာဏ်အားကောင်းစေရန် များစွာအထောက်အကူပြုပါသည်။
အိုမီဂါ-သရီးဖက်တီးအက်ဆစ် (Omega-3 Fatty acids)
အိုမီဂါသရီးဖက်တီးအက်စစ်သည် အာရုံကြောဆဲလ်များအကြား ဆက်သွယ်မှုကို အားကောင်းစေပါသည်။ အာရုံကြောများကို အားကောင်းစေခြင်းကြောင့် မှတ်ဉာဏ်တိုးတက်စေရန် အထောက်အကူပြုပါသည်။ ထို့ကြောင့် ဆော်လ်မွန်ငါး၊ အခွံမာငါးနှင့် ငါးကလေးများတွင် အိုမီဂါ- သရီးပါဝင်သောကြောင့် စားပေးရပါမည်။ အိုမီဂါ-သရီး ဆေးလုံးများကိုလည်း သောက်သုံးနိုင်ပါသည်။
ဝိုင် (Wine)
အယ်လ်ဇိုင်းမားရောဂါဟုခေါ်သော ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းသော ရောဂါနှင့် မှတ်ဉာဏ်ချို့ယွင်းသော ရောဂါနှင့် အခြားမှတ်ဉာဏ်နှင့်ဆိုင်သော ရောဂါကို ကာကွယ်နိုင်ရန် ဝိုင်ကို အလွန်အကျွံမဟုတ်ဘဲ အချိန်အဆနှင့် သောက်ပေးနိုင်ပါသည်။
အင်တီအောက်ဆီဒန့်(တ်) (Antioxidants)
အင်တီအောက်ဆီဒန့်(တ်) သည်ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါသည်။ အောက်ဆီဂျင် မော်လီကျူးများကြောင့်ဖြစ်သော ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းနှင့် မှတ်ဉဏ်ဆုံးရှုံးခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ထို့ကြောင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက် (ဥပမာ- မုန်လာဥနီ၊ ပန်းမုံလာအစိမ်း)များကို စားပေးရပါမည်။
ချိုလိုင်း (Choline)
Choline သည် မှတ်ဉာဏ်ထိန်းသိမ်းမှုကို ကောင်းမွန်စေရန် အထောက်အကူပြုပါသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် Choline ပါဝင်သော အစားအစာများကို စားသုံးခြင်းဖြင့် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို များစွာကူညီပေးပါသည်။ Choline သည် ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ အမဲသား၊ အသည်းနှင့် မြေပဲများတွင် များစွာပါဝင်သောကြောင့် ၎င်းတို့ကို စားသောက်ပေးရပါမည်။
အကြံပြုချက်
ကိစ္စများမြောင်၊ လူတို့ဘောင် ဆိုသည့်အတိုင်း ဦးနှောက်ကို နေ့စဉ်နှင့် အမျှ အသုံးပြုနေရပါသည်။ ရုပ်ဝတ္ထုပြောင်းလဲမှုများလာသောကြောင့် စိတ်ပိုင်းဆိုင်ရာများလည်း များစွာအလုပ်လုပ်နေရပါသည်။ စိတ်ပူပန်မှု၊ စိတ်ဖိစီးမူ၊ စိတ်ဓာတ်ကျဆင်းမှုများလည်း ကြုံတွေ့နေရပါသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မှတ်ဉာဏ်များလည်း ကျဆင်းလာပြီး ပညာရေးတွင် အနှောင့်အယှက်များ ကြုံတွေ့ရပါသည်။ နေ့စဉ်ပုံမှန်ဆောင်ရွက်နေသော အိမ်မူကိစ္စ၊ ရုံးကိစ္စများလည်း သတိမေ့လာကြပါသည်။ ထို့ကြောင့် ဦးနှောက်၏ မှတ်ဉာဏ်တိုးတက်ကောင်းမွန်စေရန် အထက်ပါအတိုင်း အစားအစာများကို စားပေးရပါမည်။
Authot: ဒေါက်တာကောင်း(Healthcare Journal/vol:8/no-6/pg:12)