ကိုစိုးနိုင်နှင့် လှလှ တို့တွင် သားတစ်ယောက်ရှိသည်။ တစ်ဦးတည်းသော သားမို့လို့ ကိုစိုးနိုင်တစ်ယောက် သားကို သဲသဲလှုပ်ချစ်သည်။ မိန်းမထက်တောင် တစ်ဦးတည်းသော သားကို ပိုချစ်သည်ဟု ဘေးလူတွေက ပြောကြသည်။ သူများတွေလိုမျိုး ကိုယ်တွေက သားသမီးတွေ အများကြီးရှိတာမဟုတ်။ နောက်ကလေးတစ်ယောက်လောက်လိုချင်ပေမဲ့လည်း ကုသိုလ်ကံကြောင့်ထင်သည်။ ကလေးတစ်ယောက် ထပ်မရတော့။ တစ်ဦးတည်းသော သား စည်သူလေးကို ပင် မိဘနှစ်ပါး အချစ်ပိုကြသည်။ ကိုစိုးနိုင်က အညာသားမို့ အသားညိုညို။ လှလှက ရန်ကုန်သူမို့ အသားခပ်လတ်လတ်။ သား ကအမေတူမို့ လူချောဖြစ်သည်။ ကိုစိုးနိုင်ကိုသာ တူလျှင် အညာသားရုပ်ထွက်နေဦးမည်။ သားအမိ သားအဖ ၃ ယောက်၏ ဘဝကား အေးချမ်းသာယာလျှက်ရှိ၏။
တစ်နေ့ ညနေ အလုပ်ကပြန်လာတော့ သားက ကို စိုးနိုင်ကို ဆီးပြောသည်။
“သားသူငယ်ချင်းတွေ မှတ်ပုံတင်တွေလုပ်နေကြပြီ။ သားလည်းမလုပ်ရသေးဘူး”
သားသတိပေးမှ ကိုစိုးနိုင်တစ်ယောက် သားအတွက် မှတ်ပုံတင်လုပ်ပေးဖို့သတိရသည်။ နောက်အပတ်ထဲ ရုံးတွင် ခွင့်တောင်းပြီး သားကို မှတ်ပုံတင်လိုက်လုပ်ပေးရမည်။ လှလှ နှင့် လွှတ်လိုက်လို့မဖြစ်။ သားကိစ္စကို ကိုစိုးနိုင်တို့က ကိုယ်တိုင်လိုက်လုပ်ပေးချင်သည်။ သားကိုနောက်အပတ်ထဲ လိုက်ပို့ပေးမည်ဟု ပြောလိုက်တော့ ကျေနပ်သွားသည်။
လှလှကတော့ ရုံးကနေခွင့်ယူလို့မရတော့ မလိုက်တော့ဘူးလို့ပြောသည်။ သားအဖနှစ်ယောက် မှတ်ပုံတင်ရုံးသို့ရောက်လာသည်။ ကလေး၏ သွေးအမျိုးအစားကို မေးသည်။ သားကို တစ်ခါမှ သွေးမစစ်ဖူးလို့ ဘာသွေးအမျိုးအစားမှန်း ကိုစိုးနိုင်တစ်ယောက်မသိပါ။ မိမိရော လှလှရော B သွေးအမျိုးအစားဆိုတာကိုတော့ သိသည်။ သားကို လက်စွဲ၍ နီးစပ်ရာ ဓာတ်ခွဲခန်းတွင် သွေးသွားစစ်သည်။ သား၏ သွေးက O သွေးလို့ ဓာတ်ခွဲခန်းက ပြောလိုက်သည်။ ကိုစိုးနိုင်တစ်ယောက် ကိုယ့်နားကို ကိုယ်တောင် မယုံကြည်ဖြစ်သွားသည်။ သား၏ သွေးအမျိုးအစား က O သွေးလို့ပြောနေသည်။
“သေချာရဲ့လား ဗျာ။ နောက်တစ်ခေါက်ပြန်စစ်ဆေးပေးပါ” လို့လည်း မပြောထွက်ခဲ့။ သားလည်း မျက်နှာ ငယ်မည်။ မိမိလည်း သိက္ခာ ကျမည်။ သားကို လက်ဆွဲ၍ နောက် ဓာတ်ခွဲခန်းတစ်ခုဆီသို့သွားခဲ့သည်။ လမ်းတစ်လျှောက် ရင်ထဲတွင် ဗလောင်ဆူနေသည်။ အထပ်ထပ်အခါခါ ဆုတောင်းနေမိသည်။ ဓာတ်ခွဲခန်း အဖြေလေး မှားပါစေလို့။ သားသည် မိမိ၏ သားသာဖြစ်ရမည်။ လက်ထပ်ပြီးကတည်းက မိမိသည် လှလှ အပေါ်တွင် သစ္စာရှိသည်။ ဘယ်သော်အခါမှ သစ္စာမဖောက်ခဲ့။ လှလှကိုလည်း မိမိလိုပဲ သစ္စာရှိသည်ဟု ထင်ခဲ့သည်။ ဓာတ်ခွဲခန်းနောက်တစ်ခုတွင် နောက်တစ်ခေါက် ထပ်စစ်ကြည့်မည်ဆိုတော့ သားက ပြန်မေးသည်။
“ဘာလို့နောက်တစ်ခေါက်ထပ်စစ်တာလဲ”ဟု။
“ပိုသေချာအောင်လို့ပါ” လို့ မုသား သုံးလိုက်ရသည်။
နောက်တစ်ကြိမ်သွေးဖောက်တာကို သားက အပြုံးမပျက် လက်ခံသည်။ သွေး အဖြေစောင့်နေရသော တခဏ ကား အချိန်တွေ ကြာညောင်းလိုက်သည့်ဖြစ်ခြင်း။ သားသည်လည်းအဖေနှင့် အမေအတိုင်း B သွေးပဲဖြစ်ပါစေလို့ ဆုတောင်းနေသည်။ B သွေး အဖေနှင့် B သွေး အမေက မွေးသော ကလေး သည် B သွေးသာ ဖြစ်ရမည်။ ကိုစိုးနိုင်၏ ဆုတောင်းများက မပြည့်ပေ။ သွေး အဖြေစာရွက်လေးကို ကြည့်လိုက်သည့် ခဏတွင် ကိုစိုးနိုင်၏ မျှော်လင့်ချက်များသည် ပျောက်ဆုံးသွားသည်။ စာရွက်ပေါ်တွင် ရေးထားသည်က O သွေး။ ဘဝတွင် အရာရာ ဆုံးရံှုးသွားသည်ဟု ခံစားလိုက်ရသည်။ သားကို ချစ်သည့် အချစ်တို့ က မလျော့သွားပေမဲ့လည်း လှလှ အပေါ်တွင် စိတ်နာလာသည်။ ကိုယ်ကတော့ချစ်လိုက်ရတာ။ သစ္စာရှိလိုက်ရတာ။ သူကတော့ ကိုယ့်ကို နဖားကြိုးတပ်ထားသည်။ ခံပြင်းစိတ်၊ နာကျည်းစိတ် တို့နှင့် အတူ ကိုစိုးနိုင်တစ်ယောက် အိမ်သို့ပြန်လာခဲ့သည်။ အဖေ မျက်နှာပျက်နေမှန်း သိသောကြောင့် သားက စကားတစ်လုံးမှ မပြော။ အဖေ အရိပ်အကဲကို သိသော သား။ ကိုစိုးနိုင် သိပ်ကို ချစ်ရသော သား။ ကိုယ့်သွေးကိုယ့်သားမဟုတ်ဘူးဆိုတာကို သိလိုက်သည့် အချိန်တွင် ကိုစိုးနိုင်တစ်ယောက် ဆောက်တည်ရာမရ။
အိမ်မှာ ထိုင်ရင်း လှလှကို စောင့်နေသည်။ ညနေခင်းတော့ ခြင်းတောင်းလေးဆွဲ၍ လှလှတစ်ယောက် ရုံးမှ ပြန်လာသည်။ ကိုစိုးနိုင် မျက်နှာ မကောင်းသည်ကို တွေ့တော့
“ဘာဖြစ်လာတာလဲ” လို့မေးသည်။ “ဘာမှ မဖြစ်ပါဘူး။ ညကျမှ မင်းနဲ့ စကား ခဏပြောမယ်” လို့ပြန်ပြောလိုက်သည်။ သားက တော့ အမေကို တိုးတိုး လေးကပ်ပြောနေသည်။ ဖေဖေ တစ်ခုခုကို စိတ်ဆိုးနေတယ်လို့ ပြောနေပုံရသည်။ သားအမိနှစ်ယောက် ဘာတွေ တိုးတိုး တိုးတိုး တိုင်ပင်နေကြသည် မသိ။ ရီသံလိုလို ကလည်း မီးဖိုချောင်မှနေ၍ ခဏခဏ ထွက်လာသည်။ ညဖက် ထမင်းစားချိန်ကြတော့လည်း ကိုစိုးနိုင်တစ်ယောက် မျက်နှာမကောင်း။ ထမင်းလည်း စားလို့မဝင်။ သားကို စာဖတ်ခိုင်းပြီး လင်မယားနှစ်ယောက် ခြံထဲ ဆင်းလာကြသည်။
“ဘာဖြစ်နေတာလဲ ကိုစိုးနိုင်” လှလှမှ စ၍ မေးလိုက်သည်။ ကိုစိုးနိုင် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ ဘာစကားမှတော့ ထွက်မလာပေ။ လှလှ စိတ်မရှည်၍ နောက်တစ်ခေါက်ထပ်မေးသည်။
“ရှင် ဘယ်သူကို စိတ်မကြည်မလင်ဖြစ်နေရတာလဲ။ ရှင်ပြောမှ ကျွန်မသိမှာပေါ့။ နေ့လည်က မှတ်ပုံတင်ရုံးကနေ ဘာဖြစ်လာတာလဲ။”
ကိုစိုးနိုင်က လှလှကို စိုက်ကြည့်နေသည်။ မျက်လုံးက သိပ်ကို စူးရှလွန်းသည်ဟု လှလှထင်သည်။
“ကျွန်မကိုသားက အကုန်ပြောပြီးပြီ။ ရှင် ကလေးကို သွေးစစ်ပေးတယ်။ နှစ်ကြိမ်တောင်စစ်တယ်။ မသေချာမှာစိုးလို့တဲ့။ ဆေးစစ်တဲ့ အဖြေတွေကြည့်ပြီး ဖေဖေ မျက်နှာ မကောင်းတော့ဘူးတဲ့။ သားကိုလည်း စကား မပြောတော့ဘူးတဲ့။ သားကို ဖေဖေ စိတ်ဆိုးနေတယ်တဲ့။ ကဲ ရှင်းစမ်းပါဦး။ ကလေးကို ဘာလို့စကားမပြောရတာလဲ။ ဘာကြောင့် ကလေးကို စိတ်ဆိုးနေရတာလဲ”
ကိုစိုးနိုင်တစ်ယောက် လှလှ၏ ပခုံးနှစ်ဖက်ကို ဆွဲလှည့်လိုက်သည်။ မျက်နှာချင်းဆိုင်ဖြစ်သွားမှ လှလှကို နှစ်ကိုယ်ခြားပြောသည်။ ဘေးလူတွေကြားသွားမှာကို စိုးရိမ်နေသည့်ပုံစံမျိုး။
“သားကို မှတ်ပုံတင်လုပ်ပေးဖို့ သားရဲ့သွေး အုပ်စု သိဖို့လိုတယ်။ ဒါကြောင့် သွေးသွားစစ်တယ်။ ပထမ ဓာတ်ခွဲခန်းမှာ စစ်တာ အဖြေမမှန်လောက်ဘူးထင်လို့ နောက်ထပ် ဓာတ်ခွဲခန်းတစ်ခုမှာ နောက်တစ်ခါထပ်စစ်ကြည့်တယ်”
“ကလေးက နှစ်ခါနာတာပေါ့” လှလှ သားကို သနားစိတ်နှင့် ကြားဖြတ်ပြောလိုက်သည်။
“အဖြေနှစ်ခုစလုံးကအတူတူပဲ။”
“အဲဒါဘာဖြစ်လဲ။ အဖြေတူတူပဲဟာကို” လှလှ စိတ်မရှည်သလိုလိုပြန်ပြောလိုက်သည်။
“ငါက B သွေး. မင်းလည်း B သွေး။ ဟုတ်တယ်နော်”
“ဟုတ်တယ်လေ။ အဲဒါ ဘာဖြစ်လဲ”
“အေး သားက O သွေးဖြစ်နေတယ်။ မင်းဒီကိစ္စကို ဘယ်လိုရှင်းမလဲ”
“ဘာကိုရှင်းရမှာလဲ”
ကိုစိုးနိုင်တစ်ယောက် လှလှအမေးကို ကြားရတော့ ဒေါသ အမျက်ထောင်းထောင်းထသွားပုံရသည်။ လှလှ၏ ပခုံးကို ခပ်ကြမ်းကြမ်းဆွဲလှုပ်ရင်း
“မင်း ဘယ်အကောင်နဲ့ဖြစ်ပြီး ဒီကလေးကို မွေးထားတာလဲ။ ပြီးမှ ငါ့ကို ကလေးအဖေ နာမည်ခံခိုင်းထားတယ်”
လှလှ ကိုစိုးနိုင်ကိုကြည့်၍ မျက်ရည်ထွက်မတက် ရယ်နေတော့သည်။ ကိုစိုးနိုင်တစ်ယောက်လှလှ၏ မပြောမဆိုထရယ်သည်ကိုလည်း ကြောင်တောင်တောင်ဖြစ်သွားသည်။ ကိုယ်တွေက ဒေါသဖြစ်နေချိန် လှလှတို့က ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်အလား ရယ်နေသည်။ လှောင်နေသည်လို့တောင်ထင်သည်။
“မင်းက ဘာလို့ရယ်နေရတာလဲ။ ဘာရယ်စရာပါလို့လဲ။ မင်းရူးများသွားပြီလား” ကိုစိုးနိုင်ကပြောလေ လှလှတစ်ယောက်ပိုရယ်လေဖြစ်သည်။
“ရှင့်အဖြစ်က ရယ်စရာကြီးကိုး”
ကိုစိုးနိုင်ဒေါသထွက်သွားသည်။ လှလှတစ်ယောက် ပြာပြာသလဲနှင့်
“ကျွန်မတို့နှစ်ယောက် က B သွေးနော်။ သားက O သွေး။”
“ဟုတ်တယ်”
“B သွေးမိဘကနေ O သွေးကလေး မမွေးရဘူးလို့ရှင့်ကို ဘယ်သူပြောလဲ။”
“ဒါလူတိုင်းသိတယ်”
“အဓိပ္ပာယ်မရှိတာတွေလာမပြောနဲ့။ ရှင် ၁၀ တန်းတုန်း က ဘာ ဘာသာတွဲယူခဲ့တာလဲ”
“ဝိဇ္ဇာတွဲယူခဲ့တာ”
ကိုစိုးနိုင်ကို လှလှတစ်ယောက် သနားသလိုမျိုးကြည့်ရင်း
“ကျွန်မက သိပ္ပံတွဲယူခဲ့တာလေ။ ဒါကြောင့် သွေးအုပ်စုတွေအကြောင်းနားလည်တယ်။ သင်လည်းသင်ခဲ့ရတယ်။”
“မင်းရှင်းရှင်းလင်းလင်းပြောကွာ”
“ရှင်တို့သိတာက အမေက B သွေး အဖေ က B သွေးဆိုရင် ကလေးက Bသွေးပဲဖြစ်ရမယ်လို့။ ဒါပေမဲ့လည်း ကလေးကO သွေးဖြစ်နိုင်တယ်။ ဒါအပြင် အမေက A သွေး အဖေက A သွေးဆိုရင်လည်း ကလေးက A သွေးဖြစ်နိုင်သလို O သွေးလည်း ဖြစ်နိုင်တယ် ။ ”
“မင်းဟာ သေချာလို့လား ငါ့ကိုလာရွီးမနေနဲ့နော်” ကိုစိုးနိုင်တစ်ယောက် မယုံသင်္ကာနှင့် မိန်မကို ပြောလိုက်သည်။
“ရှင်မယုံရင် လမ်းထိပ်က ဆရာဝန်သွားမေးပါလား။”
ကိုစိုးနိုင်တစ်ယောက် လှလှကို ဘာမ ပြောညာမပြောနှင့် အိမ်ပေါ်မှ ပြေးဆင်းသွားသည်။ ဆရာဝန်ဆီ သွားတာပဲဖြစ်မည်။ လှလှတစ်ယောက် ဘာမှ မတတ်နိုင်ပါ။ ကိုစိုးနိုင်ကို ဆရာဝန်လေးမှ သေချာရှင်းပြပေးလိမ့်မည်ဟု ယူဆလိုက်ပြီး သားငယ်လေးနှင့် TVကြည့်ရင်း ကိုစိုးနိုင်ကိုစောင့်နေလိုက်သည်။ တော်တော်လေးကြာမှ ကိုစိုးနိုင်တစ်ယောက်ပြန်လာသည်။ လက်ထဲတွင် သားအတွက် မုန့်ထုပ်လေးကိုင်လို့။
“သားသားလေးအတွက် ဖေဖေ မုန့်ဝယ်ခဲ့တယ်” ဆိုပြီးမျက်နှာလုပ်နေသေးသည်။ မိန်မကိုလှမ်းကြည့်ပြီး
“ဆရာလေးက ပုံတွေပါတွေနဲ့တောင်သေချာရှင်းပြလိုက်သေးတယ်။ ငါအခုမှနားလည်တော့တယ်”
လှလှတစ်ယောက်ကိုစိုးနိုင်ကိုမျက်စောင်းတစ်ချက်သာထိုးလိုက်တော့သည်။
Author: Dr.Aye Chan Moe