ကလေးတိုင်း စာမေးပွဲကို ဖြတ်သန်းဖူးကြပါသည်။ မဖြေခင်ကတည်းက စာမေးပွဲအတွက် ပူပန်မှုများနှင့် စိတ်ဖိစီးမှုများ ကြုံတွေ့ရပါသည်။ စာမေးပွဲဖြေနေစဉ်လည်း စိတ်ဖိစီးမှုများသကဲ့သို့ ဖြေပြီးနောက်တွင်လည်း စိတ်တိုင်းကျမဖြစ်ခဲ့၍ သောကများပွားရပါသည်။ စာမေးပွဲအပေါ် စိတ်ဖိစီးမှုများသော ကလေးများကို မိဘအုပ်ထိန်းသူများအနေဖြင့် အကောင်းဆုံး စောင့်ရှောင်မှုများပေးရပါမည်။ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးရပါမည်။
အဟာရဓာတ်လုံလောက်စွာကျွေးခြင်း
ကလေးများအနေဖြင့် စာမေးပွဲတွင် ၎င်းတို့၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးစီမံခန့်ခွဲနိုင်စေရန် မိဘအုပ်ထိန်းသူမှ အဟာရဓာတ်လုံလောက်စွာကျွေးရပါမည်။
အပြည့်အ၀ အနားယူစေခြင်း
ကလေးများအား စာမေးပွဲနီးလာပြီဖြစ်၍ မိဘအုပ်ထိန်းသူများက အမြဲတမ်းစာပဲကျက်ရန် တိုက်တွန်း တတ်ခြင်းကြောင့် ကလေးအတွက် ပိုပြီးဖိအားပေးသကဲ့သို့ ဖြစ်စေပါသည်။ လုံလောက်သော အဟာရဓာတ်ကျွေးပြီး၊ စာကြည့်ချိန်၊ နားချိန်နှင့် အိပ်ချိန်များသတ်မှတ်ပေးထားရပါမည်။ အနားယူချိန်တွင် ကလေးများအား စိတ်အနှောင့်အယှက်မဖြစ်စေရန် အပြည့်အ၀ အနားယူခိုင်းရပါမည်။ အနားယူနိုင်စေရန် အချိန်ဇယားဆွဲ၍ အလေ့အကျင့်မဖြစ်စေရန် စီစဉ်ပေးထားရပါမည်။
စိတ်ဖိစီးမှုလျော့နည်းစေရန်ဆောင်ရွက်ခြင်း
ကလေးများစိတ်ဖိစီးမှု လျော့နည်းစေရန် တရားထိုင်ခိုင်းခြင်း၊ အားပေးစကားပြောခြင်း၊ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ခြင်းကို တစ်နေ့တာအချိန်စာရင်းထဲတွင် ထည့်သွင်းပေးရပါမည်။
အစာစားချင်စိတ်ရှိအောင် အထူးဂရုစိုက်ခြင်း
စာမေးပွဲနီးလာသည်နှင့်တပြိုင်နက် ကလေးအများစုသည် အိပ်ရန်ဘဲ အားသန်ပြီး၊ အစာစား ချင်စိတ်များ လျော့နည်းလာတတ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်ပြီး အဟာရပြည့်ဝသော မနက်စာ၊ နေ့လည်စာနှင့် ညစာကို မိဘအုပ်ထိန်းသူများအနေဖြင့် အထူးသဖြင့် ဂရုပြုကျွေးရန် လိုအပ်ပါသည်။ ထို့အပြင် ကလေးများသည် စာမေးပွဲနီးလာခြင်းကြောင့် စာကျက်ရန် စိတ်စောနေ၍ အစားအစာများကို ကြေညက်အောင် မဝါးခြင်း၊ ပန်းကန်ထဲရှိ အစားအစာများကို အကုန်မစားခြင်းများ ပြုလုပ်ပါသည်။ ထို့ကြောင့် မိဘ အုပ်ထိန်းသူများအနေဖြင့် အစာစားချင်စိတ်ရှိစေရန် ဗီတာမင်အားဆေးများ တိုက်ကျွေးရပါမည်။ စားချင် စဖွယ်ဖြစ်စေရန်လည်း ပြင်ဆင်ချက်ပြုတ်ကျွေးမွေးရပါမည်။
အဟာရဓာတ်လုံလောက်စွာမရရှိခြင်းဆိုးကျုးိ
ကလေးငယ်အနေဖြင့် အာဟာရဓာတ်လုံလောက်စွာ မရရှိခြင်းကြောင့် အာရုံစူးစိုက်မှုနည်းပြီး မှတ်ဉာဏ်အားများလျော့နည်းလာပါသည်။ ကိုယ်ပိုင်တွေးခေါ်မှုနှင့် တီထွင်ကြံဆမှုများကိုလည်း အဟန့်အတား ဖြစ်စေပါသည်။ ရောဂါခုခံအားစနစ်မကောင်းခြင်းကြောင့် ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ကို မပိုင်ဆိုင်နိုင်ပါ။ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးလာပြီး စိတ်ဖိစီးမှုများ ပိုမိုများပြားလာပါသည်။
ဖြည့်စွက်အဟာရဓာတ်များကျွေးခြင်း
ကလေးများအနေဖြင့် စာမေးပွဲကို စိတ်ဖိစီးမှုများပါက ကောင်းစွာဖြေနိုင်မည်မဟုတ်ပါ။ အဟာရဓာတ် လုံလောက်စွာ မရပါကလည်း စိတ်ဖိစီးမှုပိုများနိုင်ပါသည်။ ထို့ကြောင့် ဖြည့်စွက်အဟာရဓာတ်များကို ကျွေးရပါမည်။
ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် စာကျက်ရာတွင် အာရုံစူးစိုက်မှုကောင်းစေရန် ဗီတာမင်နှင့် ကယ်လ်ဆီယမ်ဓာတ်များလုံလောက်စွာ ရရှိရန် လိုအပ်ပါသည်။ မှတ်ဉာဏ်စွမ်းအားမြင့်စေပြီး ရောဂါခုခံအား ကောင်းမွန်စေသော အာဟာရဓာတ်များ တစ်စုတစ်စည်းတည်းပါဝင်သော ဖြည့်စွက်အဟာရများကို ကျွေးရပါမည်။
သွေးလည်ပတ်မှုနှင့် သွေးအားကောင်းစေရန် သံဓာတ်၊ ဆီလီနီယမ်နှင့် ဗီတာမင်အေဓာတ်များ ပါဝင်သော အစားအစာနှင့် ဆေးများတိုက်ကျွေးရပါမည်။ ကယ်လ်စီယမ်၊ ဗီတာမင်ဒီ၊ ဖော်လစ်အက်ဆစ်နှင့် ဗီတာမင်ဘီတွဲလ်ပါဝင်သော အစားအစာများသည်လည်း ခုခံအားစနစ်ကို ကောင်းစွာ ထောက်ပံ့ပေးပါသည်။
အကြံပြုချက် ကလေးများ စာမေးပွဲဖြေနိုင်ရန် စိတ်ဖိစီးမှုများကို လျော့ချရပါမည်။ စိတ်ဖိစီးမှုနည်းစေရန် မိဘ၊ အုပ်ထိန်းသူများအနေဖြင့် ဂရုစိုက်ရပါမည်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း စိတ်ဖိစီးမှုကို လျော့ချစေသော အစားအသောက်များကို ရွေးချယ်ကျွေးရပါမည်။ ကလေးများစာမေးပွဲသည် ဘဝအတွက် အရေးကြီးသောကြောင့် စိတ်ဖိစီးမှုနည်းနည်းနှင့် ဖြေနိုင်အောင် ဆောင်ရွက်သင့်ပါသည်။
Author: ဒေါက်တာကောင်းစံ HealthCare Journal (Vol:-8, No-6)