fbpx

Myanmar (Covid-19 Stats)

😷 44,774 Total Cases
😥 1,095 Deaths
😇 24,920 Recovered

မျက်စိ ရေတိမ် အန္တရာယ် သတိပြုဖွယ်

ကမ္ဘာပေါ်တွင် ဒုတိယ အများဆုံး မျက်စိကွယ်စေသော ရောဂါမှာ ရေတိမ်ပင် ။အဘယ်ကြောင့်ဆိုသော် ရေတိမ်သည် ရောဂါလက္ခဏာအရမ်းမပြသော ဒေါင့်ကျယ်ရေတိမ် ဆိုလျှင် မျက်စိတစ်ဖြည်းဖြည်းသာမှုန်လာတာ တခြားဘာမှမဖြစ် လူဆိုသည်မှာလည်း မျက်စိတစ်လုံးမှုန်ရုံနဲ့က ကျန်ကောင်းတဲ့တစ်ဖက်က မြင်ရသေးတာမို့ မသိ ။ဒေါင့်ကျဉ်းရေတိမ်ကျတော့ မျက်စိနာတာ ရဲတာဖြစ်တော့မျက်စဉ်းဆေးတွေ ခတ်တာနေတာနဲ့တင် ဆရာဝန်ဆီ အရောက်နောက်ကျ ၊အသိနောက်ကျကာ မျက်စိကွယ်ရခြင်းပင် ။

ရေတိမ်ရောဂါဖြစ်ကာ မျက်စိအာရုံကြော ထိခိုက်ပျက်စီးလျှင် ပြန်လည်ကုသလို့ မရပါ ။ကမ္ဘာပေါ်တွင် ခန့်မှန်းခြေ မျက်စိကွယ်သူ ၃၇ သန်း ၊အမြင်မှုန်မွဲသူ ၁၂၄ သန်း ရှိသည် ။မျက်စိကွယ်သူများ၏ ၁၂.၄ ရာခိုင်နှုန်းခန့်မှာ ရေတိမ်ကြောင့်ပင် ။ထို့ကြောင့် ရေတိမ်ကို မပေါ့ဆသင့်ပါ ။

မျက်စိရေတိမ် ၊မျက်စိထဲ ရေချိန်တက်တယ် ဆိုသည်မှာ အဘယ်သို့ပါနည်း ။လူအများ ထင်သလို မျက်နှာသစ်စဉ် မျက်စိထဲ ရေတွေဝင်ကာ ရေချိန်တက်ခြင်း မဟုတ်ပါ ။ရေတိမ်ဖြစ်စေတဲ့ ရေဆိုသည်မှာ မျက်စိထဲက စီလီယာရီဘော်ဒီ ဆိုတာက ထွက်တဲ့ အရည်ကြည်လေးပါ ။ထိုအရည်ကြည်လေးကို မျက်ကြည်၊ အလင်းမှန် စတဲ့ မျက်စိအစိတ်အပိုင်းတို့ အတွက် လိုအပ်တဲ့ အောက်ဆီဂျင်တို့၊ အာဟာရတို့ကို ပို့ဆောင်ပေးတဲ့နေရာမှာ လိုအပ်ပါတယ် ။ထိုအရည်ကြည်ကို တစ်မိနစ်လျှင် ၂ မိုက်ခရိုလီတာနှုန်းနဲ့ စီလီယာရီဘော်ဒီက ထုတ်ပေးတယ် ။အရည်ကြည်လေးတွေဟာ သူငယ်အိမ်မှ တဆင့် မျက်စိရှေ့ခန်းရောက်တယ် ။ပြီးတော့မျက်နက်နဲ့ မျက်ကြည်ဆုံရာ မျက်စိရှေ့ခန်း ထောင့်ပတ်လည်ရှိ ရေထွက်ပေါက်ငယ်များမှ တဆင့် သွေးပြန်ကြောထဲ ဝင်ရောက်သွားတယ် ။ပုံမှန်ဆိုရင် မျက်စိအရည်ကြည်ထုတ်နှုန်းနဲ့ ပြန်ထွက်နှုန်းသည် ဆတူ တူပါတယ် ။ဒါကြောင့် မျက်စိရှေ့ခန်းသည် ခပ်ဖောင်းဖောင်းလေးသဖွယ် ဖြစ်နေခြင်းပါ ။ပုံမှန် ရေချိန်ဟာ ၁၄ မီလီမီတာမာကြူရီခန့်သာ ရှိပါတယ် ။ရေထွက်ပေါက်ကလေးများ အကြောင်းအမျိုးမျိုးကြောင့်ပိတ်က ရေချိန်သည် ၂၂ မီလီမီတာ မာကြူရီထက်များလာရင် ရေတိမ် Glaucoma ဆိုနိုင်တယ် ။

ရေတိမ်ဟာ ဒေါင့်ကျယ်ရေတိမ် ၊ဒေါင့်ကျဉ်းရေတိမ်နဲ့ မွေးရာပါရေတိမ်ဆိုပြီး အဓိက ၃မျိုး ရှိတယ် ။တချို့မှာတော့ ရေချိန်မတက်တဲ့ ရေတိမ် Normonten-sive Glaucoma ရယ်လို့လည်း တစ်မျိုးရှိသေးတယ် ။

ဒေါင့်ကျယ်ရေတိမ်ဟာ ရေထွက်ပေါက်တွေပိတ်လို့ ဖြစ်တာပါ ။အထူးသဖြင့် အသက်ကြီးလာရင် ပိုဖြစ်တတ်ပါတယ် ။အသက် ၆၀နဲ့ ၇၀ကြားဆိုရင်၁ ရာခိုင်နှုန်းလောက်ဖြစ်နိုင်တယ်။ အသက် ၇၀နဲ့ ၈၀ကြားဆိုရင် ၁.၅ရာခိုင်နှုန်းလောက်ဖြစ်နိုင်တယ်။ အသက်၈၀ ကျော်ရင် ၂ဆ ပိုဖြစ်နိုင်ခြေရှိတယ်။ ဥရောပတိုက်မှာတော့ ဒေါင့်ကျယ်ရေတိမ် ပိုဖြစ်တယ်။ ဒါ့အပြင် စတီးရွိုက်ဆေးကြာရှည်စွာ သုံးသူတွေမှာ ပိုဖြစ်တတ်တယ်။ ဒေါင့်ကျယ်ရေတိမ်ကိုအနောက်နိုင်ငံများတွင်တိတ်တဆိတ် အမြင်ခိုးသူ “The Silent Thief of Sight” လို့လည်း တင်စားခေါ်ကြတယ်။ ဘာလို့လဲဆိုရင် ဒေါင့်ကျယ်ရေတိမ်ဟာ ဖြစ်နေလို့ ဖြစ်နေမှန်းမသိလို့ပါ။ မတော်တဆ ကောင်းနေတဲ့မျက်လုံးကို ပိတ်မိမှ တစ်ဖက်က အမြင်မှုန်နေမှန်းသိတတ်တာပါ ။ဒါကြောင့် အသက်ကြီးသူတွေ မျက်စိမှုန်ခြင်းဖြစ်က စောစီးစွာမျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ် ။

ဒေါင့်ကျဉ်းရေတိမ်ဟာ မျက်စိရှေ့ခန်းထောင့်ကို မျက်နက်၏အရင်းပိုင်းက ပိတ်လို့ဖြစ်တာပါ ။အဲ့လိုပိတ်တော့ အရည်ကြည်တွေဟာ အပြင်မထွက်နိုင်ဘဲရေချိန်တက်ကာ ရေတိမ်ဖြစ်လာပါတော့တယ် ။တချို့တွေမှာ တဖြည်းဖြည်းချင်းရေချိန်တက်ပေမယ့် တချို့မှာတော့ ခပ်မြန်မြန်ပဲ ရေချိန်တက်တတ်တယ် ။ဒေါင့်ကျဉ်းရေတိမ်ဟာ အာရှသားတွေမှာ ပိုအဖြစ်များပါတယ် ။ဒါ့အပြင် ဆီးချို သွေးချို ရှှိသူတွေ ၊အဝေးမှုန်သမားတွေ ၊မျက်စိခွဲစိတ်ခံထားရသူတွေမှာ ပိုဖြစ်တတ်ပါသေးတယ် ။နာရီပေါင်းများစွာ မျက်စိရေချိန်တက်က အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ် ။ဒါကြောင့် မျက်စိနီခြင်း ၊နာခြင်း ၊အမြင်အာရုံမှုန်ဝါးခြင်း ရှိက မျက်စိဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ် ။

မွေးရာပါ မျက်စိရေတိမ်ကိုတော့ မိဘများအနေနဲ့ သတိထားမိဖို့ အလွန်ခက်တတ်ပါတယ် ။ဒါပေမယ့် ကလေးရဲ့ မျက်လုံးအလယ်က အမဲဝိုင်းဟာသာမန်ထက် ပိုကြီး ၊ပိုပြီး မီးခိုးရောင်သန်းနေက သံသယထားပြီး မျက်စိဆရာဝန်နဲ့ စောစီးစွာပြပါ ။

ရေတိမ်ရောဂါအတွက် မျက်စိရေတိမ်ချပေးတဲ့ မျက်စဉ်းတွေ ရှိပါတယ်။ တချို့က မျက်စိအရည်ကြည်အထွက်နည်းစေတယ် ။တချို့က မျက်စိအရည်ကြည် ပြန်ထွက်ဖို့ ကူညီပေးတယ် ။တချို့ကျတော့ အဆိုပါ တာဝန် ၂ခုစလုံးကို လုပ်ပေးနိုင်တယ် ။မကြာခဏ ပြန်ဖြစ်တတ်သော ရေတိမ်တွေအတွက်ကတော့ ခွဲစိတ်ရပါတယ်။ အနာက်နိုင်ငံတွေမှာတော့ လေဆာဖြင့် ရေချိန်ချတဲ့ ခွဲစိတ်ကုထုံးSelective Laser Trabeculoplasty တွေ စမ်းသပ်နေပါပြီ ။

Author: ခေတ်သစ် ဇီဝက

ဆက်စပ် ဆောင်းပါးများ