တစ်နေ့ အိမ်တွင် အလုပ်နားခိုက် TV လေးကြည့်နေတုန်း အိမ်ထောင်ကျတာ ၆ လလောက်ပဲရှိသေးတဲ့ ပူပူနွေးနွေးအိမ်ထောင်သည်သူငယ်ချင်းတစ်ယောက် ရောက်လာလေရဲ့
“လာ သူငယ်ချင်း မင်းတို့မင်္ဂလာဆောင်ပြီးတည်းကမတွေ့တာ ဆိုတော့ မတွေ့တာ ၆ လ လောက်တောင်ရှိရောပေါ့နော် ၊ ကဲဆို ဘာကိစ္စရှိတုန်း”
“ဟီး၊ ကိစ္စရှိလို့လာတာမှန်း မင်းဘယ်လိုသိတုန်းကွ ၊ဒီလိုကွ ငါ့မိန်းမ ကိုယ်ဝန်ရှိနေပြီကွ။အာ့သွေးနည်းနည်းဆင်းနေလို့။
ဆေးခန်းပြတော့ သားအိမ်ပြင်ပမှာ သန္ဓေတည်တာ ဖြစ်နေနိုင်တယ်လို့ ဆရာဝန်ကပြောတယ်ကွ
ဆေးရုံလည်းတက်ခိုင်းတယ်။ အဲဒါဘယ်လိုလုပ်ရမလဲမင်းနဲ့ လာတိုင်ပင်တာ”
“သားအိမ်ပြင်ပမှာ သန္ဓေတည်တာဆိုရင်တော့ အရေးကြီးတယ်ကွ ၊ မင်းမိန်းမက ဘယ်လိုလက္ခဏာတွေ ခံစားရလည်းပြောပါဦး”
“ရာသီမလာဘူး ၊ ပျို့တယ်အန်တယ် ၊ ရင်သားတွေတင်းပြီးနာတယ်။ငါတို့လည်း မသင်္ကာတော့ ဆီးစစ်ကြည့်တော့ ၂ ချောင်းပေါ်တယ်ကွ ။အိမ်အနီးအနားက ဆရာဝန်ပြ အားဆေးလေးသောက် တစ်အိမ်လုံးပျော်မဆုံးဖြစ်နေတုန်း ငါ့အမျိုးသမီးက ဆီးစပ်တွေနာလာတယ်။ ဗိုက်ရဲ့ညာဖက် အောက်ဖက်နာနာနေတယ်။သွေးနည်းနည်းဆင်းတယ်ကွ။အဲဒါနဲ့ ဆရာဝန်က သားအိမ်ပြင်ပ သန္ဓေတည်တာဖြစ်နေနိုင်တယ်ဆိုပြီး အာထရာဆောင်းရိုက်ခိုင်းတယ်။စိတ်ချရအောင် ဆေးရုံတက်ဖို့ပြောတယ်ကွ။”
“အေး အဲဒါဆို မင်းအမျိုးသမီး အာထရာဆောင်းကော ရိုက်ပြီးပြီလား။ အဖြေဘယ်လိုလဲ”
“မရိုက်ရသေးဖူးကွ ၊ ညနေသွားရိုက်ဖို့ ဘိုကင်လုပ်ထားတယ်”
“မင်းအမျိုးသမီးက ဗိုက်အရမ်းအောင့်လာတာ နာလာတာမျိုးရောရှိလား။ခုကောဘယ်လိုနေသေးလဲ”
“ခုငါ့မိန်းမကတော့ အိမ်မှာ နားနေတယ်ကွ။မင်းပြောသလို ဗိုက်အရမ်းအောင့်တာမျိုးတော့မရှိဘူး
မင်းအချိန်ရရင် ငါ့ကို အဲဒီသားအိမ်ပြင်ပ သန္ဓေတည်တဲ့ အကြောင်းလေးပြောပြပါကွာ”
“အေးပါကွာ။ဖြစ်ပုံက ဒီလိုကွ။အမျိုးသားနဲ့အမျိုးသမီး အတူနေပြီးသွားပြီဆို အမျိုးသားရဲ့သုတ်ပိုးနဲ့ အမျိုးသမီးရဲ့မျိုးဥဟာ fallopian tube လို့ခေါ်တဲ့ မျိုးဥပြွန်မှာ ပေါင်းတယ်။ပြီးမှ မျိုးအောင်သွားတဲ့ မျိုးဥဟာ သားအိမ်မှာ သွားတွယ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားဖွံဖြိုးလာတာပေါ့။ခု သားအိမ်ပြင်ပ သန္ဓေတည် တာကျတော့ သားအိမ်ကလွဲလို့ တခြားဘယ်နေရာမှာ မဆို သန္ဓေတည်တဲ့ အခြေအနေကို ခေါ်တာ။ဆေးပညာအရတော့ Ectopic pregnancy လို့ခေါ်တယ်။”
“သားအိမ်ကလွဲလို့ ဘယ်နေရာတွေမှာ တည်တတ်သေးလဲကွ။ပြီးတော့ ဘာလို့အဲလိုဖြစ်ရတာလဲ။”
“များသောအားဖြင့် အဲ့ fallopian tube မျိုးဥပြွှန် မှာပဲဖြစ်တာများတယ်။အဲဒါကြောင့် tubal pregnancy လို့လဲခေါ်ကြတယ်။တစ်ခါတစ်လေမှာ မျိုးဥအိမ်မှာ၊ သားအိမ်ခေါင်းမှာ ၊ ဝမ်းဗိုက်ထဲမှာ ၊ သားအိမ်နံရံကြွက်သားတွေကြားမှာလဲဖြစ်တတ်သေးတယ်။ဒါပေမယ့် ရှားပါတယ်။မျိုးဥပြွှန်ထဲမှာ အဖြစ်အများဆုံးပဲ ၉၂% ကျော်တယ်။ဘာလို့ဖြစ်တာလဲဆိုတော့ အမျိုးသမီးဖွားလမ်းကြောင်းပိုးဝင်ရင်ပဲဖြစ်ဖြစ်၊ ယောင်ရမ်းရင်ပဲဖြစ်ဖြစ် ၊ အရင်တုန်းက သားအိမ်ပြင်ပသန္ဓေတည်ဖူးတာပဲဖြစ်ဖြစ် ၊ ခွဲစိတ်ဖူးရင်ပဲဖြစ်ဖြစ် ၊ သားအိမ်ထဲ သန္ဓေတားပစ္စည်းထည့်ထားရင်း ကလေးရရင်ပဲဖြစ်ဖြစ် ဖြစ်နိုင်ချေရှိတယ်။ပြီးတော့ ကိုယ်ဝန်ဆောင်နေတုန်း ဆေးလိပ်သောက်တဲ့သူတွေလည်းဖြစ်နိုင်ချေရှိတယ်။”
“အဲလိုသန္ဓေတည်ရင် စိုးရိမ်ရလား။အသက်အန္တရာယ်တွေဘာတွေရှိနိုင်လားဟင်။”
“စိုးရိမ်ရလားဆိုရင်တော့ စိုးရိမ်ရတယ်ကွ။အဲ့ မျိုးဥပြွန်က အစထဲက သန္ဓေတည်ဖို့နေရာမဟုတ်တော့ ပေါက်သွားတတ်တယ်ကွ။အဲလိုပေါက်သွားရင် အရည်တွေသွေးတွေရော သန္ဓေသားရော ဗိုက်ထဲရောက်သွားပြီး မခံမရပ်နိုင်အောင်ဗိုက်အောင့်တာ ၊ ဗိုက်ထဲမှာ သွေးယိုတာတွေဖြစ်ပြီး မိခင်အတွက် အသက်အန္တရာယ်ရှိနိုင်တယ်။”
“အာ့ဆို ကလေးကိုကော”
“စိတ်မကောင်းတော့မဖြစ်ပါနဲ့ကွာ။ကလေးကိုတော့ မကယ်နိုင်တာများတယ်ကွ။”
“ငါတို့ အာထရာဆောင်းရိုက်ရင် အဲ့ဒါဟုတ်မဟုတ်သိရပြီလားသူငယ်ချင်း။အခြားဘာလုပ်ရဦးမလဲ”
“အာထရာဆောင်းရိုက်တာအပြင် သွေးစစ်တာတွေလဲ လုပ်ရမယ်။ တတ်သိနားလည်တဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြဖို့လဲ လိုအပ်တယ်ကွ။ သားအိမ်ပြင်ပ သန္ဓေတည်တာဆိုရင်တော့ ခွဲစိတ်တာပဲဖြစ်ဖြစ် laproscopic surgery လုပ်တာပဲဖြစ်ဖြစ် လုပ်ရတတ်တယ်။”
“ကျေးဇူးတင်ပါတယ်ကွာ။အဲဒါဆို ငါအိမ်ပြန်တော့မယ်။စီစဉ်စရာရှိတာတွေလည်း စီစဉ်ရအောင်။”
“အေးပါကွာ။အရာရာအဆင်ပြေချောမွေ့ပါစေ ဆုတောင်းပေးပါတယ်။”
ပြန်သွားတဲ့ သူငယ်ချင်းရဲ့ ကျောပြင်ကို ကြည့်ရင်း သားအိမ်ပြင်ပသန္ဓေတည်ခြင်းကနေ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ အခြေအနေထိမရောက်ခင် ကြိုတင်သိနိုင်စေနိုင်ဖို့ ကိုယ်ဝန်သည်တိုင်း ဗိုက်နာ ၊ သွေးဆင်းတဲ့အခါတိုင်းမှာ ဆေးရုံဆေးခန်းပြသသင့်ကြောင်း တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ရပါတယ်။
Author: Dr.မေ (Ondr)