သားဥပြွန်ကို ဆေးပညာအခေါ်အရ Fallopian tube လို့ခေါ်ပါတယ်။ သားအိမ်ရဲ့ ထိပ်တဖက် တချပ်စီမှာ သားဥပြွန်တခုစီရှိပါတယ်။
သားဥပြွန်ရဲ့ အဆုံးနေရာ (Lateral end) မှာ သားဥပြွန်လက်တံ (fimbriae) လေးတွေရှိပြီး ထိုသားဥပြွန်လက်တံလေးတွေက သူတို့ရဲ့ ဘေးနားမှာရှိတဲ့ သားဥအိမ် (ovary) မှ ကြွေလာတဲ့သားဥလေး (ovum) ကို သားဥပြွန်ထဲရောက်အောင် ဖမ်းဆွဲယူပေးပါတယ်။
သားဥကြွေချိန်တဝိုက်မှာ ဘာတားနည်းမှမသုံးဘဲ အတူနေလိင်ဆက်ဆံခဲ့ရင် အမျိုးသားထံမှ သုတ်ကောင် (Sperms) တွေဟာ မိန်းမကိုယ်မှတဆင့် သားအိမ်ကိုဖြတ်ပြီး သားဥပြွန်ထဲကိုဝင်လာကာ သားဥပြွန်ထဲအသင့်ရှိနေတဲ့သားဥနဲ့ပေါင်းစပ်ပြီး သန္ဓေအောင်ဥ ဖြစ်လာပါမယ်။
ထိုသန္ဓေအောင်ဥဟာ သားဥပြွန်တလျှောက်အောက်ဆင်းလာပြီး သားအိမ်ဆီသို့ရောက်ပါတယ်။
သားအိမ်ဆီရောက်တဲ့အခါ သားအိမ်နံရံကိုတွယ်ကပ်ပြီး တဖြည်းဖြည်း သန္ဓေသားလောင်းအဖြစ် ကြီးထွားပါတယ်။
ခြုံပြောရရင် သားဥပြွန်ဟာ သားဥအိမ်နဲ့သားအိမ်ကို ဆက်သွယ်ပေးထားသောပြွန်ဖြစ်ပြီး ကိုယ်ဝန်ရရန်၊ မျိုးဆက်ပွားရန်အတွက် သားဥနဲ့သုတ်ကောင်ပေါင်းစပ်တဲ့ အရေးကြီးတဲ့နေရာဖြစ်ပါတယ်။
ဒီလိုမျိုးဆက်ပွားဖို့အတွက် အရေးကြီးတဲ့ သားဥပြွန်နေရာဟာ တင်ပဆုံကွင်းရောင်ရမ်းခြင်း (Pelvic inflammatory disease) ဖြစ်တာ၊ သားအိမ်နံရံတစ်သျှူးတွေ နေရာလွဲမှားရောက်တဲ့ရောဂါဖြစ်တာ (Endometriosi)၊ ဂနိုရောဂါ (Gonorrhoea) လို လိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေဖြစ်တာ၊ သားအိမ်ထဲ အသားလုံးတည်တာ(Fibroids)၊ အရင်က သားအိမ်ပြင်ပသန္ဒေတည်ဖူးတာ၊ အကြောင်းအမျိုးမျိုးကြောင့် ဗိုက်ခွဲစိတ်ခံရဖူတာ စတဲ့အကြောင်းတွေကြောင့် သားဥပြွန်အတွင်းမှာ အမာရွတ်တစ်သျှူး (Scar tissue) တွေဖြစ်ပြီး ပိတ်သွားတတ်ပါတယ်။
သားဥပြွန်အတွင်း အမာရွတ်တစ်သျှူးတွေနဲ့ ပိတ်သွားပါက သားဥအိမ်က ကြွေတဲ့သားဥနဲ့ အတူနေလိင်ဆက်ဆံရာကနေ မိန်းမကိုယ်ကို ဖြတ်ပြီးဝင်ရောက်လာတဲ့ သုတ်ကောင်တွေဟာ တွေ့ဆုံပေါင်းစပ်ခြင်း မရှိနိုင်တော့ပါ။
အဲ့အခါကျ ကလေးလိုချင်တဲ့ အိမ်ထောင်ရှင်များအနေနဲ့ ကလေးမရဖြစ်ပြီး စိတ်ဒုက္ခရောက်ရပါတယ်။
ဒါပေမယ့် ကံကောင်းတာက သားဥပြွန်ဟာ နှစ်ခုရှိတဲ့အတွက် တခုကပိတ်နေရင်တောင် ကျန်တဲ့တခုက ကောင်းနေရင်ပွင့်နေရင် ကိုယ်ဝန်ရနိုင်ပါတယ်။
သို့သော် တချို့တွေမှာကျ ကံတအားဆိုးပြီး သားဥပြွန်နှစ်ခုလုံးပိတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အများအားဖြင့်တော့ သားဥပြွန်ပိတ်တာဟာ ဘာလက္ခဏာမှ ထွေထွေထူးထူးမပြတတ်ပါဘူး။
ကိုယ်ဝန်ရဖို့ခက်နေလို့၊ ကြာနေလို့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ကြည့်ရင်းနဲ့မှ သားဥပြွန်ပိတ်နေကြောင်း သိရတာများပါတယ်။
တချို့အမျိုးသမီးတွေမှာတော့ သားဥပြွန်ပိတ်တဲ့အခါ ဗိုက်အနည်းငယ် နေ့စဉ်ဆက်တိုက်နာကျင်နေတာမျိုး ခံစားရနိုင်ပါတယ်။
သားဥပြွန်ပိတ်မပိတ်ကို
– Hysterosalpingography (HSG) ခေါ် သားအိမ်နဲ့သားဥပြွန်ထဲကို ရောင်ခြယ်ဆေးထိုးပြီးရိုက်ရတဲ့ ဓါတ်မှန်ရိုက်တာ
– Laparoscopy ခေါ် ဗိုက်ကနေ အပေါက်သေးလေးဖောက်ပြီး မှန်ပြောင်းထည့်ကြည့်တာ တွေလုပ်ခြင်းဖြင့် သိနိုင်ပါတယ်။
ဒီလိုတွေစစ်ကြည့်လို့ သားဥပြွန်ပိတ်တာကိုတွေ့ပါက ပိတ်တဲ့အခြေအနေပေါ်မူတည်ပြီး အောက်ပါကုသမှုတွေလုပ်နိုင်ပါတယ်။
ပိတ်တဲ့ အမာရွတ်တစ်သျှူးပမာဏကနည်းတယ်ဆိုရင် ဗိုက်ခွဲစရာမလိုဘဲ Laparoscopic surgery ခေါ် ဗိုက်ကို အပေါက်လေးဖောက်ရုံဖောက်ပြီး မှန်ပြောင်းထည့်ကာ ပိတ်နေတဲ့ အမာရွတ်တစ်သျှူးတွေကို ရှင်းလင်းတဲ့ ကုသမှုမျိုး ခံယူနိုင်ပါတယ်။
တကယ်လို့ပိတ်နေတဲ့ အမာရွတ်တစ်သျှူးပမာဏက များတယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူရပါမယ်။
ဒီလိုခွဲစိတ်ကုသတဲ့အခါမှာ အောင်မြင်တာလည်းရှိသလို အကြောင်းကြောင်းကြောင့် မအောင်မြင်တာလည်း ရှိပါတယ်။
ခွဲစိတ်ကုသမှုမအောင်မြင်ပါကလည်း ကလေးရဖို့အတွက် အရမ်းစိတ်ပူစရာမလိုပါ။ In Vitro fertilization (IVF) ခေါ် ဖန်ပြွန်သန္ဓေနည်းကိုသုံးကာ သုတ်ကောင်နဲ့ သားဥကို ဓါတ်ခွဲခန်းထဲက အထူးပြုလုပ်ထားတဲ့ ဖန်ပြွန်ထဲမှာပေါင်းစပ်စေပြီး ရလာတဲ့သန္ဓေအောင်ဥကို သားအိမ်ထဲ တိုက်ရိုက်ထည့်ခြင်းဖြင့် ကိုယ်ဝန်ရနိုင်ပါသေးတယ်။
Dr 528