ကလေးတွေဖြစ်တတ်တဲ့ ဦးနှောက်ချို့ယွင်းမှုရောဂါ (CP) အကြောင်း
ကျွန်တော်တို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ကိုယ်ဝန်ဆောင် အစောပိုင်းကာလတည်းကစကာ မွေးပြီး အသက်သုံးနှစ် လေးနှစ်လောက်ရောက်မှ ဖွံ့ဖြိုးမှု ပြီးဆုံးပါတယ်။
Cerebral Palsy ဆိုတာဟာ ဦးနှောက်ဖွံ့ဖြိုးနေစဉ်ကာလမှာ အကြောင်းတခုခုကြောင့် ဦးနှောက်အစိတ်အပိုင်းတချို့ထိခိုက်ကာ ကိုယ်ဟန်အနေအထားနဲ့လှုပ်ရှားမှုတွေမှာ ပုံမှန်မဖြစ်တဲ့ အခြေအနေပါ။
ခန္ဓာကိုယ်ရှိကြွက်သားတွေရဲ့ လှုပ်ရှားမှုတွေကို ဦးနှောက်ကနေ ထိန်းချုပ်ပါတယ်။
အကြောင်းတခုခုကြောင့် ဦးနှောက်အစိတ်အပိုင်းတချို့ ထိခိုက်တဲ့အခါကျ ခန္ဓာကိုယ်ရှိ ကြွက်သားတွေ လိုအပ်တာထက်ပိုပျော့တာ သို့မဟုတ် လိုအပ်တာထက်ပိုတောင့်တင်းနေတာတွေဖြစ်ပြီး ခန္ဓာကိုယ်လှုပ်ရှားမှုတွေလုပ်ရာမှာ ပုံမှန်မဟုတ်ဘဲဖြစ်တတ်ပါတယ်။
ဒီလိုမျိုးဖြစ်တာကို ဆေးပညာအရ Cerebral Palsy လို့ခေါ်ပါတယ်။
Cerebral Palsy ဖြစ်ရတဲ့အကြောင်းတွေကတော့
– မွေးရာပါဦးနှောက်တည်ဆောက်ပုံ ပုံမှန်မဟုတ်တာ
– ကိုယ်ဝန်ဆောင်စဉ် ထိခိုက်ဒဏ်ရာရတာ၊ ဓါတ်ရောင်ခြည်သင့်တာ
– မိခင်က အရက်၊ မူးယစ်ဆေးသုံးတာ
– ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ချိန်တအားတက်တာ
– ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းများတာ
– မသန့်ရှင်းတဲ့ လိင်ဆက်ဆံရာမှတဆင့် ပိုးမွှားတွေ ကလေးဆီဝင်ရောက်ကူးစက်တာ
– လမစေ့၊ ပေါင်မပြည့်ဘဲမွေးတာ
– မွေးဖွားစဉ် ခက်ခဲပြီး မွေးချိန်ကြာတာ၊ ကလေးမွန်းနေတာ
– မွေးပြီးအသားဝါဝင်ကာ ဦးနှောက်ထိခိုက်တာ
– ခဲဆိပ်သင့်တာ
– ဦးနှောက်အမြှေးရောင်တာ၊ ခေါင်းခိုက်မိတာ စတဲ့အကြောင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။
Cerebral Palsy ရဲ့ရောဂါလက္ခဏာတွေကတော့ အကြမ်းဖြင်းပြောရရင်
– ကလေးငယ်ရဲ့ ကြွက်သားတင်းအားဟာ သာမန်ထက်ပိုများပြီးတောင့်နေတာ သို့မဟုတ် သာမန်ထက်နည်းပြီး ပျော့နေတာ
– ကလေးငယ်ဟာ သူ့အရွယ်နဲ့သူ ရှိသင့်တဲ့ လှုပ်ရှားမှုတွေနဲ့ ကိုယ်အနေထားဖွံ့ဖြိုးမှုတွေနောက်ကျတာ (ဥပမာ – ခေါင်းထောင်ရမယ့်အချိန် မထောင်နိုင်တာ၊ လေးဖက်တွားရမယ့်အချိန်မှာ မတွားနိုင်တာ)
– ကလေးငယ် လမ်းစလျှောက်တဲ့အခါမှာလည်း လျှောက်တဲ့ပုံစံအနေအထားက ပုံမှန်မဟုတ်တာ စသဖြင့်ပါ။
ဒါ့အပြင် ထိခိုက်တဲ့ ဦးနှောက်အစိတ်အပိုင်းနဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး တချို့ကလေးတွေမှာ ဉာဏ်ရည်ထိခိုက်တာ၊ တက်တာ၊ စကားပြောရာမှာ အခက်အခဲရှိတာ၊ အမြင်အာရုံနဲ့ အကြားအာရုံချို့ယွင်းတာ၊ အစာစားတဲ့အခါ အစာမျိုရခက်တာတွေပါ ဖြစ်နိုင်ပါတယ်။
Cerebral palsy ရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ စိတ်ဓါတ်ကျတာ၊ အရိုးအဆစ်တွေပုံပျက်တာ၊ အစာစားတဲ့အခါ အစာမျိုရခက်ပြီး သီးတာကြောင့် အဆုတ်ထဲခဏခဏပိုးဝင်တာ၊ ဝမ်းချုပ်တာ စသဖြင့်ဖြစ်နိုင်ပါတယ်။
ဦးနှောက်ဖွံ့ဖြိုးဆဲကာလမှာ အကြောင်းကြောင်းကြောင့် ဦးနှောက်အစိတ်အပိုင်းအချို့ ထိခိုက်ဒဏ်ရာရပါက ထိုဒဏ်ရာရတဲ့ ဦးနှောက်အစိတ်အပိုင်းကို ပြန်ကောင်းအောင်ကုဖို့ နည်းလမ်းမရှိတဲ့အတွက် Cerebral palsy ကိုပျောက်အောင် ကုဖို့နည်းလမ်းမရှိပါ။
ဒါပေမယ့် Cerebral palsy ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ခံစားရသက်သာအောင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်နိုင်ခြေနည်းအောင် ကလေးငယ်ဟာ တတ်နိုင်သလောက် အမှီအခို ကင်းကင်းရပ်တည်နိုင်အောင် မိဘတွေအနေနဲ့ CP ကလေးကို အောက်ပါအချက်များအတိုင်း ပြုစုစောင့်ရှောက်ဖို့လိုပါတယ်။
ဒီရောဂါရဲ့ အခြေအနေတွေကို အလုံးစုံသိဖို့အတွက် CP ရောဂါနဲ့ ဆိုင်တဲ့ ဟောပြောပွဲတွေ၊ တွေ့ဆုံပွဲတွေကို တက်ရောက်ပါ။
အဲ့အခါမှာ CP ရောဂါကလေးတွေဟာ သင်ကလေးတယောက်တည်းမဟုတ်ဘဲ ဖြစ်နေတဲ့တခြားကလေးများစွာလည်းရှိကြောင်း တွေ့ရှိရမှာပါ။
CP ကလေးကို ပြုစုစောင့်ရှောက်ရတာက သာမန်ကလေးပြုစုစောင့်ရှောက်ရတာထက် ပိုပင်ပန်းပေမယ့် တအားခက်ခက်ခဲခဲမရှိပါဘူး။
မိဘတွေအနေနဲ့ CP ကလေးကို အပြင်ခေါ်ရင် ကရိကထများမှာမို့၊ ပတ်ဝန်းကျင်ကလူတွေ၊ သူငယ်ချင်းတွေကို ရှက်တာမို့၊ ကလေးနေရခက်မှာမို့စတဲ့ အကြောင်းပြချက်တွေနဲ့ CP ကလေးကို အိမ်မှာပဲထားတာမျိုး လုံးဝမလုပ်ပါနဲ့။
CP ကလေးဟာ အပြင်ပတ်ဝန်းကျင်နဲ့ မကြာမကြာ ထိတွေ့ဖို့လိုပါတယ်။
မိမိမှာ CP ကလေးအပြင် တခြားသားသမီးတွေရှိပါက ထိုသားသမီးများနဲ့အတူ CP ကလေးကို တန်းတူဆက်ဆံပါ။
CP ကလေးကို တအားပစ်ပယ်ထားတာမျိုးတွေ သို့မဟုတ် တအားဂရုစိုက်အလေးပေးတာမျိုးတွေ မလုပ်ပါနဲ့။
တအားပစ်ပယ်ထားပါက ကလေးစိတ်ထိခိုက်ပြီး ရောဂါပိုဆိုးနိုင်သလို တအားဂရုစိုက်လွန်းပါကလည်း ကလေးက မိဘများအပေါ် မှီခိုလွန်းအားကြီးကာ မည်သည့်အရာကိုမှ မသင်ယူမလေ့လာနိုင်တော့ဘဲ မိဘများမျက်ကွယ်ပြုချိန်မှာ ကလေးအတွက် တအားဒုက္ခရောက်နိုင်ပါတယ်။
CP ကလေးတွေမှာ ခန္ဓာကိုယ်ရှိကြွက်သားတွေဟာ လိုအပ်တာထက်ပိုပျော့တာ သို့မဟုတ် လိုအပ်တာထက် ပိုတောင့်တင်းနေတာ တွေဖြစ်ပြီး ခန္ဓာကိုယ်လှုပ်ရှားမှုတွေလုပ်ရာမှာ ပုံမှန်မဟုတ်ဘဲဖြစ်နေတာကြောင့် အဲ့ဒါတွေကိုအတိုင်းအတာတခုထိပုံမှန်ဖြစ်အောင်
CP ကလေးငယ်များကို ငယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကုထုံး (Physiotherapy) တွေ ပေးထားဖို့လိုပါတယ်။
ဒီလို လေ့ကျင့်ခန်းကုထုံးပေးထားခြင်းဖြင့် CP ကလေးတွေမှာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ ပိုမိုကောင်းမွန်လာပြီး အရိုးတွေ ပုံပျက်တာ၊ ကောက်ကွေးတာမျိုးစတဲ့ နောက်ဆက်တွဲတွေ ဖြစ်နိုင်ခြေနဲသွားပါတယ်။
ဒီကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကုထုံး (Physical therapy) နဲ့အတူ စကားပြောလေ့ကျင့်ခန်းကုထုံး (Speech therapy) ကိုလည်း ငယ်စဉ်ကပင် တခါတည်း ပေးထားဖို့လိုပါတယ်။
အရွယ်ရောက်ပါကလည်း တခြားအရွယ်ရောက်သူတွေလို ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ဖို့အတွက် လုပ်တတ်ကိုင်တတ်အောင် လေ့ကျင့်ပေးခြင်းဆိုတဲ့ Occupational thrapy ကိုလည်း ပြုလုပ်ပေးရပါမယ်။
ဒီလိုတွေလုပ်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်း သင်တန်းကျောင်းတွေနဲ့ မကြာမကြာဆက်သွယ်ဖို့လိုသလို သွားရောက်သင်ကြားဖို့လည်းလိုပါတယ်။
CP ကလေးအချို့မှာ ခန္ဓာကိုယ်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးနောက်ကျတယ်၊ တခြားရောဂါတွေ တွဲပါလာနိုင်တယ်ဆိုပေမယ့်
သင်ကြားလေ့ကျင့်ပေးတာကောင်းရင် စောင့်ရှောက်မှုကောင်းရင် အသက်ရှည်ကျန်းမာပြီး ဘွဲ့ရပညာတတ်တွေအထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ ခြုံပြောရရင် CP ကလေးမွေးတိုင်း တအားစိတ်ဓါတ်ကျတာ၊ ဝမ်းနည်းအပြစ်တင်တာတွေ ရေရှည်ဖြစ်မနေဘဲ မွေးလာတဲ့ကလေးအတွက် မိဘတွေအနေနဲ့ အောက်ပါအချက်တွေကိုလုပ်သင့်ပါတယ်။
၁။ CPရောဂါအကြောင်း သေချာသိရှိအောင် မိဘတွေအနေနဲ့ သေချာလေ့လာပါ။
ဟောပြောပွဲတွေ၊ တွေ့ဆုံပွဲတွေ တက်ရောက်နားထောင်ပါ။ ပိုသေချာသိတဲ့အခါမှာ ပိုကောင်းတဲ့ စောင့်ရှောက်မှု ကလေးကို ပေးနိုင်ပါလိမ့်မယ်။
၂။ ဟောပြောပွဲတွေ၊ တွေ့ဆုံပွဲတွေ တက်ရောက်ရာကနေ ရင်းနှီးသိကျွမ်းလာတဲ့ တခြား Cerebral Palsy ကလေးမိသားစုတွေ၊ Cerebral Palsy အကြောင်းကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ ဆရာမတွေနဲ့ မိမိအခက်အခဲတွေကို မကြာမကြာတိုင်ပင်ဆွေးနွေးပြီး လိုတဲ့အကြံဉာဏ်ရယူပါ။
၃။ ဉာဏ်ရည်အားနည်းသော ကလေးတွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ သင်တန်းတွေ၊ ကျောင်းတွေကို လေ့လာစုံစမ်းပါ။
၄။ CP ကလေးကို ပတ်ဝန်းကျင် အပြင်လောကနဲ့ မကြာမကြာထိတွေ့ပေးပါ။
၅။ CP ကလေးကို တအားပစ်ပယ်ထားတာ သို့မဟုတ် တအားဂရုစိုက်လွန်းအလိုလိုက်လွန်းတာတွေ မလုပ်ပါနဲ့။
၆။ CP ကလေးမှာ တခြားရောဂါတွေ တွဲပါလာမလာ စစ်ဆေးပြီး ပါခဲ့ပါက သေချာကုသပေးပါ။
Dr 528