ကပ္ပာယ်အိတ်ထဲ ဝှေးစေ့မရှိခြင်း
ကလေးမွေးပြီတဲ့အခါမှာ မိဘတိုင်းလိုလိုက မွေးပေးတဲ့ဆရာဝန်၊ သားဖွားဆရာမတွေကို မေးလေ့ရှိတဲ့မေးခွန်းတခုရှိပါတယ်။ ကလေးက ကိုယ်လက်အင်္ဂါစုံရဲ့လား ဆိုတဲ့မေးခွန်းပါ။ ကိုယ်လက်အင်္ဂါစုံတယ်ဆိုရင် မိဘတွေမှာ အတိုင်းမသိကြည်နူးဝမ်းသာရပါတယ်။
သို့သော် ကိုယ်လက်အင်္ဂါစုံတယ်ဆိုတိုင်း အပြီးဝမ်းသာစိတ်ချလို့မရပါ။ တချို့မွေးကင်းစယောက်ျားလေးတွေမှာ ကိုယ်လက်အင်္ဂါစုံပေမယ့်လည်း ကပ္ပာယ်အိတ်ကို စမ်းကြည့်ရင်ကျ ဝှေးစေ့မရှိတာ သို့မဟုတ် ဝှေးစေ့တလုံးပဲရှိတာ မျိုးဖြစ်တတ်ပါတယ်။
ဒီလိုမျိုးဖြစ်တာကို ဆေးပညာအရ Cryptorchidism သို့မဟုတ် Undescended testicle လို့ခေါ်ပါတယ်။ American Urological Association အဖွဲ့ကြီးရဲ့လေ့လာချက်တွေအရ ကပ္ပာယ်အိတ်ထဲမှာ ဝှေးစေ့လုံးဝမပါခြင်း၊ တလုံးပဲပါခြင်းတွေဟာ နေ့စေ့လစေ့မွေးတဲ့ကလေးတွေမှာဆိုရင် အယောက် ၁၀၀ မှာ ၄ ယောက်နှုန်းဖြစ်နိုင်ပြီး လမစေ့ဘဲစောမွေးတဲ့ကလေးတွေမှာဆိုရင် အယောက် ၁၀၀ မှာ အယောက် ၂၀ ကျော်ဖြစ်နိုင်ကြောင်း သိရပါတယ်။
ကပ္ပာယ်အိတ်ထဲ ဝှေးစေ့လုံးဝမပါတာထက် ဝှေးစေ့တလုံးပဲပါတာမျိုးက ပိုအဖြစ်များလေ့ရှိတယ်လို့လည်း ထပ်ပြောထားပါတယ်။ ဝှေးစေ့တွေဟာ ကပ္ပာယ်အိတ်ထဲမှာစတင်ဖြစ်ပေါ်လာတာမဟုတ်ပါ။ သန္ဓေသားရဲ့ ဝမ်းဗိုက်ထဲမှာ စတင်ဖြစ်ပေါ်ပြီး ကိုယ်ဝန် ၈ လလောက်မှာမှ ပေါင်ခြံ(ပေါင်ကြား)အတွင်းထဲမှာရှိတဲ့ Inguinal canal လို့ခေါ်သော ပြွန်လေးကို တဖြည်းဖြည်းဖြတ်သန်းဆင်းကာ ကပ္ပာယ်အိတ်ထဲကိုရောက်ရှိတာပါ။
အဲ့လို တဖြည်းဖြည်းဆင်းတဲ့အခါမှာ အကြောင်းတခုခုကြောင့် ဆင်းတာရပ်တန့်သွားတာမျိုးဖြစ်ပါက ကပ္ပာယ်အိတ်ထဲ ဝှေးစေ့လုံးဝမရောက်တာ၊ တလုံးပဲရောက်တာတွေဖြစ်နိုင်ပါတယ်။ ဝှေးစေ့တွေ ဝမ်းဗိုက်ကနေ ကပ္ပာယ်အိတ်ထဲဆင်းခြင်းကို ရပ်တန့်စေပြီး မွေးလာတဲ့အခါမှာ ကပ္ပယ်အိတ်ထဲ ဝှေးစေ့မရှိခြင်း (Cryptorchidism ) ကိုဖြစ်စေနိုင်သော အကြောင်းရင်းအတိအကျကိုတော့ ရှာမရသေးပါ။
သို့သော် ပညာရှင်များ လေ့လာထားချက်တွေအရ ကပ္ပာယ်အိတ်ထဲဝှေးစေ့မရှိခြင်း၊ တလုံပဲရှိခြင်းတွေဟာ လမစေ့စောမွေးတဲ့ကလေးတွေ ပေါင်မပြည့်တဲ့ကလေးတွေ မိသားစုထဲမှာဒီလိုဖြစ်ဖူးတဲ့ ရာဇဝင်ရှိတဲ့ကလေးတွေ Down’s Syndrome လို မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါပါလာတဲ့ကလေးတွေ ကိုယ်ဝန်ဆောင်စဉ်မှာ ဆေးလိပ်၊ မူးယစ်ဆေးတွေသုံးခဲ့တဲ့ မိခင်ရဲ့ကလေးတွေ မှာဆိုရင် ဖြစ်နိုင်ခြေများတယ်လို့ သိရပါတယ်။
ကလေးရဲ့ ကပ္ပယ်အိတ်တွင်းဝှေးစေ့မပါတာ၊ တလုံးပဲပါတဲ့အခါ ကလေးရဲ့ ကပ္ပာယ်အိတ်ဟာပြားနေတာ၊ တဖက်နဲ့တဖက် သိသာစွာမညီတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ သားယောက်ျားလေးမွေးတဲ့အခါ ကလေးရဲ့ကပ္ပာယ်အိတ်ကို သတိထားကြည့်ပြီး ပြားနေတာ၊ တဖက်နဲ့တဖက်သိသာစွာမညီတာတွေ တွေ့ပါက ဆရာဝန်နဲ့ပြသပြီးစမ်းသပ်စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ဆရာဝန်က စမ်းသပ်ကြည့်ပြီးလိုအပ်ပါက အာထရာဆောင်းရိုက်တာ၊ သွေးစစ်တာ၊ မျိုးရိုးဗီဇစစ်တာ စသဖြင့်ညွန်ကြားပါလိမ့်မယ်။
ကုသမှုအနေနဲ့ကတော့ အများအားဖြင့် ကလေးငယ်အများစုမှာ လအနည်းငယ်ကြာတဲ့အခါ ဝှေးစေ့ဟာ သူ့ဘာသာသူ ပြန်ဆင်းတာမျိုးဖြစ်တတ်တဲ့အတွက် ကလေးအသက်ခြောက်လလောက်ထိ ပုံမှန်စစ်ဆေးမှုလုပ်ပြီး စောင့်ကြည့်တာပဲလုပ်ပါတယ်။ ခြောက်လပြည့်လို့ ဝှေးစေ့ ဆင်းမလာတဲ့အခါကျမှသာ ခွဲစိတ်ကုသတာလုပ်ပါတယ်။
ဟော်မုန်းနည်းနဲ့ကုသတာမျိုးလည်းရှိပေမယ့် အဲ့နည်းက အောင်မြင်နိုင်ခြေနည်းပါတယ်။ ခြောက်လပြည့်လို့ ကလေးဝှေးစေ့ ဆင်းမလာတဲ့အခါ အချိန်သိပ်မဆွဲဘဲ ခွဲစိတ်ကုသမှုခံယူသင့်ပါတယ်။ ခြောက်လကနေ တနှစ်အတွင်း လုပ်တာပိုကောင်းပါတယ်။
ကပ္ပယ်အိတ်အတွင်း ဝှေးစေ့မပါတာ၊ တလုံးပဲပါတာကို မကုသဘဲထားပါက နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အသက်ကြီးလာတဲ့အခါ ကလေးရဖို့ခက်တာ၊ ကလေးမရနိုင်တာ၊ ဝှေးစေ့ကင်ဆာဖြစ်လာတာ၊ ဝှေးညှာလိမ်သွားပြီး ဗိုက်အရမ်းနာလာကာ အသက်အန္တရာယ်ထိခိုက်တာ၊ ဝှေးစေ့က ကပ္ပယ်အိတ်ထဲမှာ မဟုတ်တဲ့အတွက် ဝှေးစေ့ထိခိုက်ဒဏ်ရာရနိုင်ခြေများတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
Dr 528