မွေးကင်းစကလေး လေအောင့်ခြင်း
မွေးကင်းစကလေးတဦးအနေနှင့် အိပ်ခြင်း၊ နို့စို့ခြင်းနှင့် ငိုကြွေးခြင်းနှင့် ဆီး/ဝမ်း သွားခြင်းဟူ၍ တနေ့တာအတွင်း ပုံမှန်ပြုလုပ်တတ်သည့် အမူအကျင့်များရှိသည်။ ၎င်းတို့ အချိုးညီမျှစွာ ပြုလုပ်နေသမျှ ကျန်းမာနေသည့် ကလေးတဦးဟု ယူဆနိုင်ပြီး အဆိုပါ အမူအကျင့်များ ပုံမှန်ထက်ပို၍ ဖြစ်နေခြင်း၊ ပုံမှန်မလုပ်ခြင်းများရှိလျှင် နာမကျန်းမှု တခုခုဖြစ်နေသည်ဟု အကြမ်းအားဖြင့် မှတ်ယူနိုင်သည်။
ဥပမာ အိပ်လွန်း/မှိန်းလွန်းသည့် ကလေးများ၊ ပုံမှန်မအိပ်သည့် ကလေးများ၊ ပုံမှန်နို့မစို့သည့် ကလေးများ၊ ဝမ်းပျက်နေသည့်ကလေးများနှင့် ပုံမှန်ထက်ပို၍ ချော့မရအောင် ငိုကြွေး နေသည့် ကလေးများတွင် နာမကျန်းမှု တခုခုဖြစ်နေကြောင်း ခန့်မှန်းသိရှိနိုင်ပြီး အဆိုပါ အခြေအနေများတွင် မိဘများအနေနှင့် စနစ်တကျ စောင့်ကြည့်ပေးကြရန် လိုသည်။
ကလေးများနှင့် လေအောင့်ခြင်း
စကားကောင်းစွာ မပြောတတ်သေးသော မွေးကင်းစ ကလေးငယ်တဦးအနေနှင့် ၎င်း၏ ခံစားချက်ကို ကောင်းစွာမဖော်ပြနိုင်သေးသဖြင့် မိဘများအနေနှင့် မိမိကလေး၏ အခြေအနေအား ငိုကြွေးသော အနေအထားကိုလိုက်၍သာ သိရှိနိုင်မည်ဖြစ်သည်။ ကျန်းမာနေသော ကလေးတွင်ပင် ငိုကြွေးခြင်းသည် ပုံမှန်ဖြစ်ပြီး ဆီး/ဝမ်းများကြောင့် အောက်ခံအနှီးစ၊ ဒိုက်ပါများစိုနေချိန်များ၊ နို့ဆာချိန်များ၊ အိပ်ချင်နေသောအချိန်များနှင့် အနှီး/အဝတ် များကြောင့် ပူအိုက်သော အချိန်များတွင် အများအားဖြင့် ငိုကြွေးလေ့ ရှိတတ်ကြသည်။
သို့ရာတွင် အဆိုပါအခြေအနေများမရှိပဲ ချော့မြူ၍မရလောက်အောင် အချိန် အတော်ကြာ ငိုနေခြင်းများရှိလျှင် ပုံမှန်မဟုတ် ငိုကြွေးခြင်းမျိုးဖြစ်နိုင်ပြီး မွေးကင်းစ ကလေးဖြစ်သည့်အလျောက် မိဘများ အနေနှင့် အလွန်ပင် စိုးရိမ်ပူပန်တတ်ကြသည်။ လတ်တလော ကျန်းမာလျက် ရှိသည့် ကလေးငယ်တဦးအဖို့ အဆိုပါအခြေအနေတွင် အဖြစ်နိုင်ဆုံးနှင့် အဖြစ်အများဆုံး ပြဿနာမှာ လေထိုးလေအောင့်ခြင်းပင်ဖြစ်သည်။
လေအောင့်ခြင်း၏ လက္ခဏာများ
လေထိုးလေအောင့် ပြဿနာသည် တစ်လသားမှ သုံးလသားအရွယ် ကလေး ငယ်များတွင် အများဆုံးဖြစ်ပွားနိုင်ပြီး ၁၀ဦးလျှင်သုံးဦးအထိ ဖြစ်ပွားလေ့ရှိသည့် အဖြစ် များသော မွေးကင်းစကလေးကျန်းမာရေး ပြဿနာတရပ်လည်းဖြစ်သည်။
သာမန်အားဖြင့် ကျန်းမာလျက်ရှိပြီး နို့လည်းကောင်းကောင်းစို့လျက်ရှိသော ကလေးငယ်တဦးတွင်
– အခြားသော သိသာထင်ရှားသည့်အကြောင်းကိစ္စ တစုံတရာမရှိပဲ ဂဏာမငြိမ် ဖြစ်နေ တတ်ခြင်း၊ ကောင်းကောင်းမအိပ်ခြင်း
– အချိန်အတော်ကြာအောင် ငိုကြွေးတတ်ခြင်း၊ မကြာခဏ ငိုကြွေးနေတတ်ခြင်းနှင့် ချော့မြူရခက်ပြီး ပုံမှန်မဟုတ်သော စူးစူးဝါးဝါး ငိုကြွေးတတ်ခြင်း
– ငိုကြွေးချိန်တွင် ပေါင်/ခြေထောက်ကို ဗိုက်ဖြင့်ကပ်အောင် ကွေးနေတတ်ခြင်း
– သာမန်ထက် ဝမ်းဗိုက်ပို၍ ဖောင်းနေခြင်း၊ ထိကိုင်လိုက်လျှင် ပို၍ ငိုတတ်ခြင်း စသည့် လက္ခဏာများ ခံစားနေရလျှင် လေထိုး၊ လေအောင့်ဖြစ်သည့်ဟု အကြမ်းအားဖြင့် မှတ်ယူနိုင်သည်။
လေထိုး၊ လေအောင့်ဖြစ်စေနိုင်သော အကြောင်းအရာများ
မွေးကင်းစကလေးများတွင် ဖြစ်တတ်သော ကျန်းမာရေးပြဿနာတမျိုး ဖြစ်သည့် အလျောက် ဖြစ်စေတတ်သောအကြောင်းအရာများကို တိတိကျကျပြောဆိုနိုင်ရန်လည်း အလွန်ခက်ခဲလှသည်။ သာမန်အားဖြင့် ဖြည့်စွက်စာကျွေးသောကလေးများ၊ နို့မှုန့် တိုက်သောကလေးများတွင် ပိုမို ဖြစ်ပွားနိုင်သည်ဟု ပြောတတ်ကြသော်လည်း မိခင်နို့ တိုက်ကျွေးနေသော ကလေးများတွင်လည်း ဖြစ်ပွားတတ်သော ပြဿနာတရပ် ဖြစ်သည်။
လေထိုးခြင်းကို အဓိကဖြစ်စေတတ်သော အကြောင်းအရာများ အနေနှင့် –
– နို့ဝအောင် မစို့ခြင်းနှင့် ဗိုက်ပြည့်လွန်းသည်အထိ နို့စို့ခြင်း
– မိခင်နို့တိုက်သော ပုံစံမမှန်မှုကြောင့် ကလေးပါးစပ်အတွင်းသို့ နို့သီးခေါင်း ကောင်းစွာ မရောက်ခြင်း
– နို့ဘူးများတွင် ပါဝင်သည့် နို့စို့ပေါက် ကျယ်နေခြင်း
– ဖြည့်စွက်စာ၊ နှို့မှုန့်ဘူးများတွင် ပါဝင်သည့် ပစ္စည်းများနှင့် မတည့်ခြင်း
– ဖြည့်စွက်စာများ ပြုလုပ်ပေးရာတွင် ရှိသင့်သည်ထက် မာလွန်းခြင်း၊ အစာမကြေခြင်း
– နို့စို့ပြီးချိန်တိုင်း လေကောင်းကောင်း မထုတ်ပေးခြင်း
– မီးခိုးမှုန်၊ ဖုန်မှုန့်များကြောင့် လေကောင်းလေသန့် ကောင်းစွာမရခြင်း
– ဆေးလိပ်၊ စီးကရက်ငွေ့များ ရှုမိခြင်းနှင့်
– ပေါင်မပြည့်ပဲ မွေးဖွားလာသော ကလေးများတွင် လေထိုး၊ လေအောင့်ခြင်း ပြဿနာ အများဆုံး ဖြစ်ပွားတတ်သည်။
လေထိုးလေအောင့် မဖြစ်ရလေအောင်
ဖြစ်ပွားစေသည့် အကြောင်းအရာတခုချင်းအလိုက် သိရှိလိုက်နာကြခြင်းဖြင့် လေထိုးလေအောင့် ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ အကောင်းဆုံးနှင့် မဖြစ်မနေ ပြုလုပ်ပေးသင့်သည့်အချက်မှာ ကလေးမအိပ်ခင် အချိန်များနှင့် နို့တိုက်ပြီးစ အချိန်တိုင်း လေထုတ်ပေးသည့်အကျင့် ပြုလုပ်ပေးကြရန် ဖြစ်သည်။ လေထုတ်သည့် နည်းလမ်းကို မသိရှိသေးသူများအနေနှင့် နီးစပ်ရာ သွားဖွား ဆရာမ (သို့) ဆေးရုံ/ဆေးခန်းများတွင် မေးမြန်းနိုင်ပြီး အမြဲ ပြုလုပ်ပေးနေသင့်သည်။
အကြောင်းအမျိုးမျိုးကြောင့် ဖြည့်စွက်စာ၊ နိုမှုန့်များ တိုက်ကျွေးနေသည့် မိဘများ အနေနှင့် မိမိကလေးတွင် လေထိုး၊လေအောင့် လက္ခဏာများ မကြာခဏ ခံစား နေရကြောင်း သတိထားမိလျှင် နားလည် တတ်ကျွမ်းသည့် ဆရာဝန်နှင့် တိုင်ပင်ပြီး ကလေးအတွက် သင့်တော်သော ဖြည့်စွက်စာကို ပြောင်းလဲ စီမံပေးရန် လိုသည်။
မြန်မာလူမျိုး အဖိုးအဖွားများ အများဆုံးပြောလေ့ရှိသည့်အတိုင်း နို့တိုက်မိခင်များ အစားမရှောင်ပဲ အစုံစားလျှင် ကလေးတွင် လေထိုးလေအောင့်ခြင်း ဖြစ်ပွားနိုင်သည်ဟု ဆိုနိုင်သော်လည်း အစားရှောင်သည့် မိခင်များ၏ ကလေးများတွင် လေထိုးခြင်းထက် ပို၍ဆိုးသော နောက်ဆက်တွဲရောဂါများဖြစ်ပွားနိုင်သဖြင့် နို့တိုက်မိခင်များအနေနှင့် အစားရှောင်ခြင်းကိုမူ ဂရုပြုရှောင်ကျဉ်ကြသင့်သည်။
ကလေးများတွင် လေထိုး၊ လေအောင့်ဖြစ်သည်ဟု ယူဆရလျှင်
လေထိုး၊ လေအောင့်ပြဿနာသည် ကုသရန်မလိုပဲ သူ့အလိုလို ပျောက်ကင်း သွားနိုင်သည့် ကျန်းမာရေးပြဿနာတရပ်ဟု ဆိုနိုင်သော်လည်း ကလေးဂဏာမငြိမ် ငိုနေတတ်ခြင်းကြောင့် ကလေးမိခင်၊ ဖခင်များ အနေနှင့် အမြန်ဆုံးသက်သာ ပျောက်ကင်းလိုကြသည်။ ကလေးအသက်သုံးလပြည့်ပြီးနောက်ပိုင်းတွင် သူကိုယ်တိုင် လေထုတ်တတ်လာခြင်းနှင့် နို့ကောင်းကောင်းစို့တတ်လာခြင်းတို့ကြောင့် လေထိုး လေအောင့်ခြင်းကြောင့်ဖြစ်သော ငိုနေခြင်း ပြဿနာ တဖြည်းဖြည်း ကင်းဝေးသွားမည် ဖြစ်သည်။
ထို့အပြင် လေထိုး၊ လေအောင့် ဖြစ်နေသည့် ကလေးအား ဆေးဝါးများဖြင့် ကုသခြင်းထက် ကလေးကို ပြုစုသည့်သူနာပြု (သို့မဟုတ်) မိခင်/ဖခင်တို့၏ စိတ်ရှည်မှုနှင့် ဂရုစိုက်မှုက အမြန်ဆုံး သက်သာစေတတ်သလို အန္တရာယ်လည်း ကင်းကြောင်းသိရှိ ထားကြသင့်သည်။
ကလေးငယ်အား နွေးနွေးထွေးထွေးထားခြင်း၊ အနှီးပိတ်ဖြင့် သေသေချာချာ ထုပ်ပိုးပေးထားခြင်း၊ ယုယုယယ ပွေ့ချီ၍လမ်းလျှောက်ပေးခြင်း၊ အသာအယာ လှုပ်ရမ်း၍မြူခြင်း၊ ကလေးအိပ်ပုခက်အတွင်း ထည့်၍လွဲပေးခြင်းများ ပြုလုပ်ခြင်းဖြင့် လေထိုး၊ လေအောင့်ခြင်း သက်သာစေနိုင်သလို ကလေးငယ်များအတွက် ဖန်တီး ပေးထားသည့် သားချော့တေးကလေးများသီဆိုခြင်းနှင့် သံစဉ်ကလေးများ ဖွင့်ထားပေး ခြင်းဖြင့်လည်း အကြောင်းမဲ့ ငိုနေတတ်သည့် ကလေးများတွင် ကောင်းကောင်းမွန်မွန် အိပ်ပျော် သွားစေနိုင်သည်။
အချို့သော အစာအိမ်ဆေးနှင့် လေဆေးများ သုံးစွဲခြင်းဖြင့် လေထိုး၊ လေအောင့် ပြဿနာကို လတ်တလောသက်သာသွားစေနိုင်သော်လည်း ပုံမှန်သုံးစွဲခြင်းဖြင့် အချိန် ကြာလာသည်နှင့်အမျှ ဆေးဝါးများကြောင့်ဖြစ်ရသည့် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားလာတတ်သောကြောင့် ကလေးငယ်များတွင် ဆရာဝန်မညွှန်ကြားပဲ ဆေးဝါးများ အလွယ်တကူအသုံးပြုခြင်းမျိုးကို ဂရုပြု ရှောင်ကျဉ်ကြရန်လည်းလိုသည်။
အထက်ဖော်ပြပါ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သော်လည်း ရောဂါ လက္ခဏာများ မသက်သာခြင်း၊ နို့ကောင်းကောင်း မစို့ခြင်း၊ ဝမ်းလျောခြင်း/အန်ခြင်း၊ ကိုယ်ပူနေခြင်းနှင့် သာမန်ထက်ပို၍ မှိန်းနေခြင်းများရှိလျှင် နီးစပ်ရာ ဆေးရုံ/ဆေးခန်း များတွင် အမြန်ဆုံးပြသကာ လိုအပ်သော ကုသမှု ခံယူကြရန်လိုသည်။
မွေးကင်းစကလေးတိုင်း လေထိုး၊ လေအောင့်ပြဿနာကင်းဝေးကြပါစေ။
Dr. Tint Tal