မွေးလာတဲ့ ကလေးက ပေါင်ချိန်မပြည့်ရင်
ဆေးရုံဆေးခန်းတွေမှာ မွေးတယ်ဆိုရင် အမိဝမ်းထဲကနေ ကလေးထွက်ပြီးနောက်မှာ ကလေးငယ်ကို ပေါင်ချိန်ချိန်ပါတယ်။
မွေးကင်းစ ကလေးငယ်တယောက်မှာ ရှိသင့်တဲ့ပေါင်ချိန်ကို ၇ ပေါင်ခွဲ သို့မဟုတ် ၈ ပေါင် လို့ သတ်မှတ်ထားပါတယ်။
တကယ်လို့ မွေးကင်းစကလေးငယ်ရဲ့ ပေါင်ချိန်ဟာ ၅ ပေါင် ၈ အောင်စအောက် နည်းနေတယ်ဆိုရင် ထိုကလေးငယ်ကို ပေါင်ချိန်မပြည့်တဲ့ကလေးငယ် (Low birth weight infant) လို့ သတ်မှတ်ပါတယ်။
တကယ်လို့ မွေးကင်းစကလေးငယ်ရဲ့ ပေါင်ချိန်ဟာ ၃ ပေါင် ၉ အောင်စ အောက်နည်းတယ်ဆိုရင် ထိုကလေးငယ်ကို ပေါင်ချိန်အရမ်းနည်းတဲ့ ကလေးငယ် (Very low birth weight infant) လို့ သတ်မှတ်ပါတယ်။
တကယ်လို့ မွေးကင်းစကလေးငယ်ရဲ့ ပေါင်ချိန်ဟာ ၂ ပေါင် ၃ အောင်စ အောက်နည်းတယ်ဆိုရင်တော့ ထိုကလေးငယ်ကို အလွန်အမင်းပေါင်ချိန်နည်းတဲ့ ကလေးငယ် (Extremely low birth weight infant) လု့ိသတ်မှတ်ပါတယ်။
ပေါင်မပြည့်တဲ့ ကလေးမွေးခြင်းကို ဖြစ်စေတဲ့အကြောင်းတွေ အများကြီးရှိတဲ့အနက် လမစေ့ဘဲမွေးဖွားခြင်း (၃၇ ပတ်မပြည့်ခင် မွေးဖွားခြင်း) ဟာ အဓိကအကြောင်းရင်း တခုဖြစ်ပါတယ်။
သန္ဓေသားလေးတွေရဲ့ ကိုယ်အလေးချိန်ဟာ လစေ့ဖို့ (၃၇ ပတ်ပြည့်ဖို့) ၃ ပတ်အလိုလောက်မှာ သိသိသာသာစတက်ပါတယ်။
ဒါကြောင့် လမစေ့ဘဲ (၃၇ ပတ်မပြည့်ဘဲ) စောမွေးမယ်ဆိုပါက ကလေးက ပေါင်ချိန်မပြည့်တတ်ပါ။
နေ့စေ့လစေ့ မွေးပေမယ့်လည်း မွေးတဲ့ကလေးက ပေါင်ချိန်မပြည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
နေ့စေ့လစေ့မွေးပေမယ့် ပေါင်ချိန်မပြည့်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေကတော့ ကိုယ်ဝန်ဆောင်မိခင်က ၁၇ နှစ်ထက်ငယ်တာ သို့မဟုတ် ၃၅ နှစ်အထက်ကြီးတာ၊ ကိုယ်ဝန်က အမွှာဖြစ်တာ၊ ကိုယ်ဝန်ဆောင်စဉ် ရောဂါပိုးဝင်ရောက် ကူးစက်ခံရတာ၊ သွေးတိုးရောဂါဖြစ်တာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာ၊ အာဟာရမျှတအောင် မစားတာ၊ အချင်းအနေထားမမှန်တာ စသဖြင့် အများကြီးရှိပါတယ်။
အမိဝမ်းက ထွက်လာပြီးတဲ့နောက်မှာ ကလေးငယ်ကို ပေါင်ချိန်ချိန်တာဟာ အရေးကြီးတဲ့ အလုပ်ဖြစ်ပါတယ်။ အပိုအလုပ် မဟုတ်ပါဘူး။
အများစုအနေနဲ့က ပေါင်ချိန်မပြည့်တဲ့ ကလေးမွေးရင် ကလေးအရွယ်အစား သေးတာကလွဲပြီး တခြားဘာမှမဖြစ်တတ်ဘူး။ ကောင်းကောင်းကျွေးမွေးရင် နောက်ကျ ထွားကြိုင်းလာမယ် လို့ ထင်တတ်ကြပါတယ်။
ဒါမှားပါတယ်။
မွေးကင်းစကလေးငယ်ဟာ ပေါင်ချိန်မပြည့်ဘူးဆိုရင် လတ်တလောအနေနဲ့ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းတာ၊ သွေးတွင်းသကြားဓါတ် အလွန်အမင်းကျဆင်းတာတွေ ဖြစ်တတ်ပြီး အချိန်မှီမကုသပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။
ဒါ့အပြင် နို့တိုက်ရခက်တာ၊ အသားဝါဝင်တာ၊ ရောဂါပိုးဝင်ရောက်ကူးစက်တာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြႆနာတွေဖြစ်တာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြႆနာတွေဖြစ်တာ၊ ဦးခေါင်းအတွင်း သွေးယိုစိမ့်တာ စသဖြင့်လည်း ဖြစ်နိုင်ခြေများပါတယ်။
ဒါကြောင့် ပေါင်ချိန်မပြည့်တဲ့ ကလေးငယ်လေးတွေ မွေးလာရင် အဲ့ကလေးကို အထူးကြပ်မတ်ဆောင်ထဲထားပြီး Incubator ခေါ် အနွေးဓါတ်ပေးတဲ့ ဖန်ပေါင်းချောင် လေးထဲထည့်ထားတာ၊ နို့စို့ဖို့ခက်ရင် သွေးကြောထဲပိုက်ထည့်ပြီး အဲ့ကနေတဆင့် အာဟာရဓါတ်ရအောင်ပေးတာ စသဖြင့် လိုအပ်သလို လုပ်ရပါတယ်။
လေ့လာမှုတွေအရ ပေါင်မပြည့်တဲ့ကလေးတွေဟာ နောက်ပိုင်းမှာ Cerebral palsy ဖြစ်တာ၊ အမြင်အာရုံချို့ယွင်းတာ၊ အကြားအာရုံချို့ယွင်းတာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု နောက်ကျတာ စတဲ့ရေရှည်ဆိုးကျိုးတွေပါ ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ ပေါင်မပြည့်တဲ့ကလေးငယ်တွေ မွေးလာတာမျိုး ဖြစ်နိုင်ခြေနဲအောင် ကိုယ်ဝန်ရှိပါက ကိုယ်ဝန်စောစောအပ်ပါ။ အပ်တဲ့ဆီက ချိန်းတိုင်း မှန်မှန်ပြဖြစ်အောင်ပြပါ။ အသား ငါး ဟင်းရွက် မျှတစုံလင်အောင် စားပါ။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးမသုံးပါနဲ့လို့ အကြံပေးချင်ပါတယ်။
Dr 528