တချို့ကတော့ သက်ငယ်မုဒိမ်းမှုတွေ များလာရတာက အိုင်တီခေတ်မှာ ဖုန်းတွေပေါများလာကြတာ၊ ဆိုရှယ်မီဒီယာတွေ အားကောင်းလာတာ၊ ညစ်ညမ်း ဝဘ်ဆိုက်တွေကို ပိုလက်လှမ်းမီလာတာ၊ စတာတွေကြောင့်လို့ ပြောကြပါတယ်။ ဒါဟာမှန်သင့်သလောက် မှန်ပါတယ်။ သို့သော် တဖက်ကပြန်ကြည့်ပြီး သုံးသပ်ရရင်
သက်ငယ်မုဒိမ်းမှုဆိုတာက သိပ်မကြာခင် နှစ်တွေကမှဖြစ်တဲ့ ပြဿနာမဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်းအတွင်းမှာ ဆယ်စုနှစ် နှစ်ခု သုံးခု မကကြာအောင် လှိုက်စားပြီးဖြစ်နေခဲ့တာပါ။
ဒီဘက်ခေတ်မှာ လူတိုင်း ဖုန်းတွေနဲ့အင်တာနက်တွေ သုံးလာနိုင်ပြီး ပွင့်လင်းလာကာ ဆိုရှယ်မီဒီယာတွေ အားကောင်းလာ (ဒီစာကြောင်းမှာက သတင်းမီဒီယာပေ့၊ ဝက်ဆိုဒ်တွေကို ဆိုလိုတာပါ အပေါ်မှာလည်း ဒီစာလုံးပါလို့ ဒွိဟဖြစ်နေမှာစိုးလို့ ရှင်းပြရတာပါ) လို့သာ လူတွေသိလာကြရတာပါ။ ဒီလိုသတင်းဆိုရှယ်မီဒီယာတွေ အားကောင်းပြီး ပွင့်လင်းလာတဲ့ ခတ်မှာတောင်မှ အမှုဆယ်မှုမှာ တမှုလောက်သာ လူသိရှင်ကြားဖြစ်တာပါ။
ကလေးလို့ ရေးတဲ့နေရာမှာ ယောက်ျားလေးရော၊ မိန်းကလေးရော ပါပါတယ်။ အခုခေတ်က ငါတို့က သားယောက်ျားလေး မွေးထားတာပဲ။ စိုးရိမ်စရာမလိုပါဘူးကွာ လို့ပြောလို့မရတော့ပါ။ မုဒိမ်းကောင်တွေဟာ ကလေးငယ် ယောက်ျားလေးတွေကိုပါ ပစ်မှတ်ထားလာသည်အထိ ဆိုးသွမ်းလာကြပါပြီ။ သတင်းတွေဖတ်ရင် တွေ့နိုင်ပါတယ်။
ဒါ့အပြင် ကလေးတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ဥပဒေအရ မုဒိမ်းမှုမမြှောက်တဲ့ ဘာပြစ်မှုမှ မမြှောက်တဲ့ လိင်ပိုင်းဆိုင်ရာ စာ်ကားခံရမှုတွေ (Sexual Abuse) ခံနေရကြတာတွေလည်း အများကြီးပါ။ ဥပမာပြောရရင် ကျွန်တော်တို့ဆီမှာ ကလေးငယ် (ယောကျ်ားလေးဆိုရင်) သူရဲ့ ရွှေပန်း သို့မဟုတ် အင်္ဂါကို ဦးလေးဖြစ်သူက စတဲ့နောက်တဲ့သဘောနဲ့ ကိုင်တွယ်တာ ညှစ်တာမျိုးပါ။
ဒီလိုအပြုအမူဟာ ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ စင်္ကာပူမှာဆိုရင် စစ်ဆေးလို့တွေ့ရှိဟုတ်မှန်ခဲ့ရင် အဲ့ကလေးရဲ့ ဦးလေးကို ဘယ်လိုအာမခံမှ မပေးဘဲ ဆယ်နှစ်ထိ ထောင်ချပါတယ်။ ကလေးကယောက်ျားလေးမို့လို့ ကလေးရဲ့ဦးလေးမို့လို့ဆိုပြီး လျှော့ပေါ့ပေးတာမျိုး လုံးဝမရှိပါ။ သဘောရိုးနဲ့ကိုင်တွယ်တာလား မမှန်မကန်တဲ့ သဘောနဲ့ ကိုင်တွယ်တာလားလည်း လုံးဝ ထည့်စဉ်းစားမပေးပါဘူး။ No Excuse ပါ။ ဆိုလိုတာက ဘယ်လိုချွင်းချက်မှ ထည့်စဉ်းစားမပေးပါ။
ဒါတောင် Rape Case ဖြစ်တဲ့ မုဒိမ်းမှု မဟုတ်သေးဘူးနော်။ အဲ့လောက်ထိကို သူတို့နိုင်ငံမှာ နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေကို စောင့်ရှောက်ပေးထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ဒီလိုဥပဒေမရှိသေးပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းအနေနဲ့လည်း မြို့ပေါ်အသိုင်းအဝိုင်းမှာကို ခင်မင်ရင်နှီးတဲ့ သို့မဟုတ် ဆွမျိုးတော်စပ်သူတဦးက မိမိ ကလေးရဲ့ ရွှေပန်းကို ဆော့ကစားတဲ့၊ ဥကိုညှစ်တဲ့ အပြုအမူမျိုးကို Sexual Abuse လုပ်တယ်လို့မမြင်ဘဲ ကလေးကို ချစ်လို့စတယ်လို့ပဲ မြင်နေကြသေးပါတယ်။
ဒါကြောင့် တဏှာစိတ်များတဲ့ စိတ်ထားမမှန်တဲ့သူတွေဟာ ကလေးယောက်ျားလေးတွေဆိုရင် ခုနတုန်းက အပြုအမှုမျိုးတွေ၊ ကလေးမိန်းကလေးတွဆိုရင်လည်း မိမိပေါင်ပေါ် တက်ထိုင်ခိုင်းတာတွေလုပ်ပြီး ခပ်တည်တည်နဲ့ ကလေးသူငယ်တွေအပေါ်မှာ သူတို့စိတ်ကြိုက် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်နေကြပါတယ်။
ဒါတွေဟာမဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ Sexual Abuse ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကနေ အခွင့်သာပါက တဆင့်တက်ပြီး ကလေးကိုမုဒိမ်းကျင့်တာ Child Rape Case ဖြစ်လာနိုင်ခြေအရမ်းများလို့ပါ။ ကျွန်တော့်အနေနဲ့တော့ သက်ငယ်မုဒိမ်းမှု Child Rape Case ဆိုတာဟာ မဖြစ်ခင်က ကြိုတင်ကာကွယ် ထားသင့်တဲ့ကိစ္စ ဖြစ်တယ်လို့ မြင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဖြစ်မှ အမှုရင်ဆိုင်ဖြေရှင်းမယ်ဆိုရင် တရားခံကို အပြစ်ပေးဖို့အတွက် ကလေးငယ်ဟာ မိအေးနှစ်ခါနာဆိုသလို တရားရုံးမှာ အရွယ်နဲ့မမျှတဲ့ မေးခွန်းတွေကိုဖြေရပြီး ကိုယ် စိတ် နှလုံး သုံးပါးစလုံး ပင်ပန်းဆင်းရဲရနိုင်ပါတယ်။ ဒါဆိုကျွန်တော်တို့ သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်အောင် ဘယ်လိုကာကွယ်ကြမလဲ။
Child Sexual Abuse လို့ခေါ်တဲ့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဟာ သက်ငယ်မုဒိမ်းမှု ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တခုလို့ပြောခဲ့ပါတယ်။ ဒီတော့ သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်အောင် အရင်ဆုံး ကလေးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို မရှိအောင် နည်းအောင် အရင်လုပ်ရပါမယ်။
ဒီလိုလုပ်ဖို့ဆိုရင် မိဘတွေအနေနဲ့ အောက်ပါအချက်လက်များကို သတိပြုဖို့ လိုပါတယ်။
၁။ မိမိတနေရာရာသွားစရာရှိလို့ ကလေးကိုဆွေမျိုးတော်စပ်တဲ့ ဦးလေး၊ ဘကြီးများ အပါအဝင် ရင်းနှီးတဲ့သိတဲ့ အမျိုးသားတဦးဦးနဲ့ အိမ်တွင်ထားခဲ့ပြီး ကလေးကို စောင့်ရှောက်ခိုင်းတာမျိုး လုံးဝမလုပ်ပါနဲ့။ မိမိနဲ့ တခါတည်း ခေါ်သွားပါ။
၂။ ဆွေမျိုးတော်စပ်သူ သိကျွမ်းသူ သူစိမ်း စတဲ့သူများကို ယုံကြည်ပြီး ကလေးကို သူတို့ခေါ်တဲ့ဆီကို ထည့်ပေးလိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။
၃။ ကလေးကို နေအိမ်မှ ဝေးရာသို့ ခိုင်းစေတာတွေ မလုပ်ပါနဲ့။
၄။ ညအချိန်ဆိုရင် ဝေးဝေးနီးနီး ကလေးတယောက်ထဲ မည်သည့်နေရာမှ မလွှတ်ပါနဲ့။
၅။ အရက်သေစာ သောက်စားတတ်သူများနဲ့ လုံးဝမထားပါနဲ့။
၆။ ကလေးရှေ့မှာ လိင်ပိုင်းဆိုင်ရာ အပြုအမူများကို မိဘများအနေနဲ့ မလုပ်မိစေရန် သတိထားရှောင်ကြဉ်ပါ။ (ဥပမာ ကလေးရှေ့မှာ ကိုယ်တုံးလုံးချွတ်ပြီး အဝတ်လဲတာမျိုးတွေ မလုပ်ပါနဲ့)
၇။ ကလေးတွင် မူမမှန်သော အမူအရာများတွေ့ပါက သို့မဟုတ် ကလေးအပြုအမူတွေ ပြောင်းလဲတာမျိုးရှိပါက သေချာချော့ပြီး မေးမြန်းပါ။ ကလေးပြောတာကို သေချာအလေးထား နားထောင်ပေးပါ။ ဒါတွေကို လိုက်နာတာအပြင် မိဘတွေအနေနဲ့ မိမိကလေးတွေကို အောက်ပါအချက်တွေ သင်ကြားပေး ထားဖို့လိုပါတယ်။
မိဘတွေအနေနဲ့ မိမိကလေးတွေကို ဘယ်အချက်တွေ သင်ပေးထားရမလဲဆိုတော့
နံပါတ်တစ်အချက်
ကလေး အသက် ၃ နှစ်လောက်ကစပြီး သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ Private Part ( မိမိနဲ့သာ သက်ဆိုင်တဲ့) အစိတ်အပိုင်းလေးတွေကို ကလေးတွေ နားလည်အောင် သူတို့နားလည်လွယ်တဲ့ စကားလုံးလေးတွေနဲ့သင်ထားပေးဖို့ပါ။ ဥပမာ ဒါလေးက ရွှေပန်း ရှက်ရှက် ဂျိုး တင်ပါး စသဖြင့် သင်ပေးပါ။
နံပါတ်နှစ်အချက်
အဲ့ဒီအစိတ်အပိုင်းတွေကို (မိဘတွေ၊ ကျန်းမာရေးအတွက် လိုအပ်လာရင် ဆရာဝန်တွေ ကလွဲရင်) အခြားသူများတွေကို ပေးမကိုင်ဖို့ ဓါတ်ပုံရိုက်မခံဖို့ မပြဖို့ ကိုယ်တိုင်လည်းတခြားသူတွေရဲ့ အဲ့ဒီအစိတ်အပိုင်းတွေကို မကိုင်ဖို့ မကြည့်ဖို့ သင်ပေးပါ။
နံပါတ်သုံးအချက်
မိမိနဲ့ ရင်းနှီးသူဖြစ်စေ သူစိမ်းဖြစ်စေေ ဆွမျိုးရင်းချာဖြစ်စေ မိမိရဲ့ ရွှေပန်း ရှက်ရှက် ဂျိုး တင်ပါး စတဲ့ နေရာတွေကို ကိုင်တွယ်တာ ဓါတ်ပုံရိုက်တာမျိုးလုပ်ဖို့ကို ချော့တဲ့နည်းနဲ့ပဲဖြစ်ဖြစ် ခြောက်လှန့်ပြီးတော့ပဲ ဖြစ်ဖြစ် ကြိုးစားပါက မိဘ ဆရာသမားတွေကို ကြောက်စရာမလိုဘဲ ပွင့်ပွင့်လင်းလင်း အသိပေးပြန်ပြောပြဖို့ သင်ပေးပါ။
နံပါတ်လေးအချက်
ကျောင်း၊ ကျူရှင်ကပြန်ရင် အိမ်တန်းပြန်ဖို့ ဖြစ်နိုင်လျှင် အဖော်နဲ့ပြန်ဖို့သင်ပေးပါ။
နံပါတ်ငါးအချက်
မိမိ မသိသောနေရာသို့ မည်သူခေါ်ခေါ် မလိုက်ဖို့၊ မိမိမသိတဲ့ သူစိမ်းကျွေးတဲ့ အစားသောက်တွေ ဆိုရင် လုံးဝမစားသောက်ဖို့ သေချာမှာထားပါ။
နံပါတ်ခြောက်
နေအိမ်မှ ဝေးရာသို့ မိဘတွေမသိဘဲ လုံးဝမသွားဖို့ နဲ့ အပြင်ထွက် ကစားရင်လည်း မိဘတွေကိုအသိပေးပြီးမှ သွားဖို့ ပြောပြပါ။
အဆုံးသတ်အနေနဲ့ပြောရရင် သက်ငယ်မုဒိမ်းမှုဆိုတာ မဖြစ်သင့်တဲ့ ကိစ္စတခုပါ။ ဘာလို့လဲဆိုတော့ ဖြစ်လာခဲ့ရင် ကလေးအနေနဲ့ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာဒဏ်ရာ ပါရပြီး တချို့တွေဆိုရင် တသက်လုံး လူတောမတိုးဝံ့တော့သည် အထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့လည်း သက်ငယ်မုဒိမ်းမှုလျော့နည်းပပျောက်ရေး ပညာပေးတာတွေကို ကျောင်းတွေ ရပ်ကွက်တွေမှာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ပေးတာတွေအပြင် သက်ငယ်မုဒိမ်းတရားခံတွေကိုလည်း ဘယ်လိုလူ့အခွင့်အရေးမှ မပေးဘဲ ပြစ်ဒဏ်ကြီးကြီးမားမားပေးတဲ့ ဥပဒေကို
ရးဆွဲကျင့်သုံးသင့်ပါတယ်။ ခုလက်ရှိ တရားခံတွေ အပေးခံရတဲ့ အပြစ်ဒဏ်က တဖက်က ကလေးရဲ့ကိုယ် စိတ် နှလုံး သုံးပါးစလုံး ဒဏ်ရာရတာနဲ့ယှဉ်ရင် အရမ်းကြီး သက်သာနေပါတယ်။
ဒီလို ပြစ်ဒဏ်က သက်သာသလို ဖြစ်နေတာကြောင့် ကလေးတွေဘက်ကနေ ကလေးအခွင့်အရေးလှုပ်ရှားသူတွေက လူမဆန်တဲ့သက်ငယ်မုဒိမ်းတရားခံတွေအား သေဒဏ်ထိချမှတ်ပေးဖို့ အစိုးရကိုတောင်းဆိုနေကြပါတယ်။
လတ်တလောမှာလည်း နိုင်ငံတော်သမ္မတကနေ သက်ငယ်မုဒိမ်းတရားခံတွေကို တသက်တကျွန်းချမဲ့ဥပဒေကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးပေးထားပြီပဲ ဖြစ်ပါတယ်။ သက်ငယ်မုဒိမ်း ထာဝစဉ်ပပျောက်ပါစေကြောင်း ဆုမွန်တောင်းရင်း။
Dr.528