ဒီနှစ်သင်္ကြန်မှာ အပူလျှပ်လူနာတွေအတွက် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးအရေးပေါ်ဌာနတွင် ကုတင်လေးကုတင်ဆံ့ အခန်းတစ်ခန်းကို ပြင်ဆင်ပေးထားမှာဖြစ်ပါတယ်။
Heat Stoke (အပူလျှပ်ခြင်း)က လူနာကို အေးအောင်ထားရှိပေးရန် လိုအပ်တဲ့အတွက်ကြောင့် ကုသမယ့်အခန်းမှာ အဲကွန်းနှစ်လုံးနဲ့ ပန်ကာလေးလုံး တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှာ ဒီနှစ်သင်္ကြန်ကာလအတွက် ဝန်ထမ်းအင်အားနှစ်ဆတိုး ထားရှိတာ၊ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ဆောင်ရွက်တာနဲ့ အပူလျှပ်လူနာတွေအတွက် ပြင်ဆင်ဆောင် ရွက်ခြင်းတို့ကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ သင်္ကြန်ကာလတွင် အပူလျှပ်နိုင်တဲအတွက် အခုလိုအပူလျှပ်လူနာတွေအတွက် သီးသန့်ပြင်ဆင်ပေးထားပြီး နှစ်စဉ်လည်း အခုလိုပြင်ဆင်ပေးထားပါတယ်။ ဒီနှစ်နွေရာသီအတွက် အပူဒဏ်ဂရုပြုကြရန်၊ အပူချိန်မြင့်မားမယ်ဟု မိုးလေဝသနှင့် ဇလဗေဒဌာနက နှိုးဆော်ထားတဲ့အတွက် လက်ရှိကုတင်လေးလုံးကနေ ခြောက်လုံးအထိ တိုးမြင့်ပေးထားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အပူလျှပ်ဆိုတာသည်မှာ နေပူထဲကနေ အအေးထဲကို ရုတ်ချည်းဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊ အအေးခန်းတွင်းကနေ ရုတ်တရက် ပူပြင်းတဲ့နေရောင်ထဲကို ထွက်ခြင်းစတာတွေကြောင့် လူ့ခန္ဓာကိုယ်မှာ အပူအအေးရုတ်တရက် ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်ပြီး အပူလျှပ်တာဖြစ်ပါတယ်။