အမျိုးသမီးရယ်လို့ဖြစ်လာရင် ရာသီသွေးဆင်းခြင်းကို အပျိုဖော်ဝင်တဲ့ အချိန်ကနေ သွေးဆုံးချိန်ထိ တလတခါ ကြုံတွေ့ရတတ်ပါတယ်။
ရာသီသွေးဆင်းတဲ့အခါ ရှေးယခင်ကတော့ ထမိန်ဟောင်းတွေ ထမိန်စုတ်တွေကို သုံးပြီးဖြေရှင်းလေ့ရှိပါတယ်။
နောက်ပိုင်းမှာတော့ ခေတ်မှီလာပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ပေါ်လာတဲ့အတွက် ကျန်းမာရေးနဲ့မညီတဲ့ ထမိန်စုတ် ထမိန်ဟောင်းတွေအစား ကျန်းမာရေးနဲ့ညီတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကိုသုံးလာကြပါတယ်။
အမျိုးသမီးလစဉ်သုံးပစ္စည်းလို့ ပြောလိုက်ရင် ကျွန်တော်တို့နိုင်ငံက အတော်များများက အီဗာ၊ အန်းလီ စတဲ့ဂွမ်းထုတ် (Pad) ကိုပဲ ပြေးမြင်ကြလေ့ရှိပါတယ်။
တကယ်တော့ ရာသီလာရင်သုံးနိုင်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေမှာ ဂွမ်းထုတ် (Pad) အပြင်၊ဂွမ်းတောင့် (Tampon)၊ ရာသီခံခွက် (Menstrual cup) စတဲ့အမျိုးအစားတွေလည်း ရှိပါသေးတယ်။
အဲ့ဒါတွေထဲကမှ ခုနောက်ပိုင်း တဖြည်းဖြည်းအသုံးများလာတဲ့ ဂွမ်းတောင့် (Tampon) အကြောင်းကို မသိသေးတဲ့သူတွေ သိသွားအောင် ရေးသားတင်ပြချင်ပါတယ်။
Tapmon ကို ကျွန်တော်တို့ဆီမှာ ခုနောက်ပိုင်းမှာမှ အသိများလာပြီး အသုံးများလာပေမယ့် သူပေါ်ခဲ့တာကတော့ ၁၉၃၀ ဝန်းကျင်လောက်ကတည်းကဖြစ်ပါတယ်။
Tampon ဆိုတာဟာ ဂွမ်းတောင့်လေးဖြစ်ပါတယ်။
သူ့ရဲ့နောက်မှာကြိုးစလေးလည်း ပါပါတယ်။
Starter and light flow (သွေးဆင်းနဲတဲ့ သူသုံးတဲ့ အရွယ်အစား)၊ Regular flow (ပုံမှန်ပမာဏဆင်းတဲ့ သူသုံးတဲ့ အရွယ်အစား)၊ Heavy flow (သွေးဆင်းများတဲ့ သူသုံးတဲ့ အရွယ်အစား) ဆိုပြီး အရွယ်အစားသုံးမျိုးရှိပါတယ်။
တမျိုးနဲ့တမျိုးက အရွယ်ပမာဏ ကွာခြားမှုရှိနိုင်ပါတယ်။
ဒါပေမယ့် အားလုံးက လက်သန်းအရွယ်သာသာ ဝန်းကျင်ရှိတဲ့ အရွယ်အစားတွေပါပဲ။ တအားကြီးတဲ့ အရွယ်အစားတွေ မဟုတ်ပါဘူး။
ဂွမ်းထုတ်နဲ့မတူတာက ရာသီလာတဲ့အခါ တခါသုံးဂွမ်းထုပ်က အတွင်းခံဘောင်းဘီထဲ ကပ်ထည့်ဝတ်တာဖြစ်ပြီး ဂွမ်းတောင့် (Tampon) ကတော့ မိန်းမကိုယ်ထဲ ထည့်သုံးရတာဖြစ်ပါတယ်။
မိန်းမကိုယ်ထဲ ထည့်သုံးရတာဆိုပေမယ့် ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။
အိမ်သာထိုင်လျက်ဖြစ်ဖြစ် သို့မဟုတ် ဘိုထိုင်အိမ်သာဆိုပါက အိမ်သာခွက်ပေါ် ခြေတဖက်တင်လျက်ဖြစ်ဖြစ် ထည့်နိုင်ပါတယ်။
မထည့်ခင်မှာတော့လက်ကို သေချာဆပ်ပြာနဲ့ဆေးဖို့ လိုပါတယ်။
ထည့်ပြီးတဲ့အခါမှာ ကြိုးစလေးက ထွက်နေမှာဆိုပေမယ့် အရမ်းအရှည်ကြီးထွက်နေတာ မဟုတ်တဲ့အတွက် ဘောင်းဘီတိုဝတ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
ဂွမ်းထုပ် (Pad) ကို သုံးတဲ့အခါ သုံးနာရီခြား သို့မဟုတ် လေးနာရီခြား တခါ အသစ်တခုလဲပေးရသလို ဂွမ်းတောင့် (Tampon) သုံးတဲ့အခါလည်း လေးနာရီခြားတခါ အသစ်တခုလဲပေးဖို့လိုပါတယ်။
အဲ့လိုလဲမပေးဘူးဆိုရင်တော့ ရာသီသွေးအပြင်ကို လျံထွက်တာ ပိုးဝင်ပြီး သွေးဆိပ်တက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
လဲဖို့ပြန်ထုတ်တဲ့အခါမှာလည်း လွယ်ပါတယ်။ ထွက်နေတဲ့ ကြိုးစလေးကို ကိုင်ပြီး ဆွဲထုတ်လိုက်ရုံပါပဲ။
ဂွမ်းထုပ် (Pad) ထက် ဂွမ်းတောင့် (Tampon) ရဲ့ အားသာချက်တွေက
ဂွမ်းတောင့်ဟာ ဂွမ်းထုပ် (Pad) လို မိန်းမကိုယ်အောက်ကနေ ခံသုံးစရာမလိုတဲ့အတွက် လှောင်ပြီးပေါင်ပွန်းတာ၊ ယားယံအဖုပိန့်ထွက်တာမျိုးမဖြစ်ခြင်း
မိန်းမကိုယ်အတွင်း ထည့်သုံးရတာဖြစ်လို့ ရာသီလာစဉ် သွားလာလှုပ်ရှားတာ၊ အားကစားလုပ်တာ၊ ရေကူးတာမျိုးတွေကို လုပ်နိုင်ခြင်းတွေပါ။
အားနည်းချက်တွေကတော့
မိန်းမကိုယ်ထဲထည့်သုံးရတာဖြစ်လို့ ဂွမ်းထုတ်ထက်စာရင် ပိုးဝင်နိုင်ခြေများခြင်းနှင့်
အပျိုစင်တွေမှာဆိုရင် အပျိုအမြှေးပါးကို ထိခိုက်နိုင်ခြေရှိခြင်းပါပဲ။
သို့ပေမယ့် ဂွမ်းတောင့်ကို အထုတ်အသွင်းမလုပ်မီ လက်ကို သေချာဆပ်ပြာနဲ့ ဆေးမယ်။ လဲရမယ့်အချိန်လဲပေးမယ်ဆိုရင် ပိုးဝင်ဖို့ဆိုတာ ဖြစ်နိုင်ခြေနဲပါတယ်။
ထို့အတူ ဂွမ်းတောင့် (Tampon) သုံးတဲ့အခါ ကိုယ်နဲ့သင့်တော်မယ့် အရွယ်အစားကို ရွေးပြီး၊ မိန်းမကိုယ်ထဲစနစ်တကျထည့်မယ်ဆိုရင် အပျိုမြှေးထိခိုက်စုတ်ပြဲနိုင်ခြေဟာ အလွန်နဲပါတယ်။
တချို့တွေအနေနဲ့ကကျ ဂွမ်းတောင့်သုံးတဲ့အခါ ဆီးသွားရတာအဆင်ပြေပါ့မလားဆိုပြီး စိတ်ပူတတ်ကြတာမျိုးလည်းရှိပါတယ်။
မပူပါနဲ့။ ဂွမ်းတောင့်ဟာ မိန်းမကိုယ်ထဲထည့်တာဖြစ်ပြီး ဆီးသွားတဲ့အပေါက်ဟာ မိန်းမကိုယ်အပေါ်မှာသပ်သပ်ရှိတာမို့လို့ ဆီးသွားရခက်တာ၊ အဆင်မပြေတာတွေကို မဖြစ်စေနိုင်ပါဘူး။
Dr 528