နေနွယ်တစ်ယောက် ညီအမ ၄ ယောက်တွင် အကြီးဆုံးသမီး။ ကျန် ညီမ ၃ ယောက်က အိမ်ထောင်ကိုယ်စီကျလို့ နေနွယ်တစ်ယောက် တူတူမများကိုတောင် ထိန်းနေရပြီ။ မိဘများနှင့် အတူနေထိုင်ရင်း အိမ်ထောင်မကျသေးတာကိုပဲ သမီးအလိမ္မာမို့လို့ အိမ်ထောင်မပြုသည့် သဘောမျိုး ဂုဏ်ယူူနေလိုက်သည်။ အသက်ကလည်း ၃၀ ကျော်လာပြီ။ ချစ်မည့်ကြိုက်မည့်သူကလည်းမရှိ။ တူတူမလေးများနှင့် မိဘ၂ ပါး၏ ဝေယျာ ဝစ္စများကိုသာလုပ်ရင်း အချိန်ကုန်နေသည်။
တစ်နေ့ရေချိုးရင်း နေနွယ်တစ်ယောက်ကိုယ့်ရင်သားကို ကိုယ် စမ်းသပ်မိသည်။ ညာဖက်တွင် အကျိတ်လိုမျိုးလေးတစ်ခု။ သေသေချာချာ ထပ်စမ်းသပ်ကြည့်သည်။ သေချာပါသည်။ အကျိတ်လေးတစ်ခု။ ကွမ်းသီးလုံးလောက်ရှိမည်ထင်သည်။ ရေချိုးခန်းမှ အမြန်ထွက်ပြီး အမေ့ကိုသွာပြောသည်။ အမေက သူလည်း စမ်းကြည့်ဦးမည်ဆိုကာ နေနွယ်ညာဖက်ရင်သားကို စမ်းသပ်ကြည့်သည်။
“ဟုတ်တယ်တော့ အလုံးလေးတစ်လုံး။ သေချာတယ်။ ပေါ့နေလို့မဖြစ်ဖူးနော်။ ဆေးခန်းသွားပြဦး”
အမေက စိုးရိမ်တကြီး တိုက်တွန်းသည်။
“အလတ်မပြန်လာရင် ဆေးခန်းသွားပြလိုက်။ အချိန်ဆွဲမနေနဲ့။ ချက်ချင်းသိအောင်လုပ်။”
နေနွယ်တစ်ယောက် အကျိတ်လေးရှိနေတာကို မသိသည့် ကိုယ့်ကိုကိုယ်ကိုလည်း အားမရဖြစ်မိသည်။ ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲမသိဘူး။ ကင်ဆာဆိုလျှင်တော့ ငါတော့ ဒုက္ခပါပဲလို့ တွေးရင်း ကြောက်နေမိသည်။ အဖေနှင့် အေမေအတွက်လည်း စိုးရိမ်သွားသည်။ ညီမတွေက အလုပ်ကိုယ်ဆီနဲ့ဆိုတော့ မိဘတွေကို ပြန်ပြီးကြည့်နိုင်သည်မဟုတ်။ ငါတစ်ခုခုဖြစ်သွားလို့ မဖြစ်ဖူးလို့သာတွေးနေမိသည်။
အလတ်မပြန်လာတော့ ဆရာဝန်ဆီ ညီအမနှစ်ယောက်ထွက်လာခဲ့သည်။ အမေကတော့ အဖေ့နှင့်ကလေးများကို ထမင်းကျွေးရန် အိမ်တွင် ကျန်ခဲ့သည်။
“အိ်မ်ထောင်ရှိလား။”ဆရာဝန်မကြီးမှမေးသည်။
“အိမ်ထောင်မရှိပါဘူး”
“ရိုးရိုးအကျိတ်ဖြစ်ဖို့တော့ များတယ်။ အိမ်ထောင်မရှိတဲ့ အပျိုကြီးတွေက ဒီလိုမျိုးရင်သားမှာ အကျိတ်တွေဖြစ်တတ်တယ်။ အကျိတ်လေးက ကြီးလည်း ကြီးနေတယ်။ ခွဲကြည့်ဖို့လိုအပ်တယ်။ ခွဲပြီးရင် အသားစကို ဓာတ်ခွဲခန်းပို့ပြီးစမ်းသပ်ကြည့်မယ်။ ရိုးရိုးအကျိတ်လား ကင်ဆာအကျိတ်လားဆိုတာ အဖြေအတိအကျ သိရမယ်”
ဆရာဝန်မကြီး ပြောစကားများကို နားထောင်ရင် းနေနွယ်တစ်ယောက် မျက်ရည်များဝဲလာမိသည်။ ဆရာဝန်မကြီးမှလည်း နေနွယ်မျက်ရည်များကိုတွေ့ပြီး အားပေးသည်။
“သမီးကြောက်လို့လား။ အကျိတ်ခွဲတယ်ဆိုတာ ထုံဆေးလေးနဲ့ခွဲတာပါ။ မနာပါဘူး။”
“နာမှာကြောက်လို့မဟုတ်ပါဘူး ဆရာမရယ်။ သမီးက ကင်ဆာဖြစ်မှာစိုးရိမ်လို့ပါ။ ကင်ဆာရောဂါကိုကြောက်လို့ပါ။ သမီးသေမှာကိုလည်းမကြောက်ပါဘူး။ အဖေနဲ့ အမေကို ထားခဲ့ရမှာ စိုးရိမ်လို့ပါ”
“ဘာတွေလျှောက်ပြောနေတာလဲ သမီး။ သမီး အကျိတ်ဟာ ကင်ဆာ ကျိတ်ပါလို့ ဘယ်သူကပြောလို့လဲ။ ကင်ဆာကျိတ်လို့ပြောဖို့ အသားစအဖြေလိုတယ် သမီး။ သမီး အသက်အရွယ်က ပုံမှန် ကင်ဆာဖြစ်တတ်တဲ့ အသက်အရွယ်လည်းမဟုတ်ဘူး။ သမီးအသက်အရွယ်က ရိုးရိုးအကျိတ်ဖြစ်ဖို့များတယ်။ အဖြေအတိအကျကိုတော့ အသားစ အဖြေရမှပဲ ဆရာမတို့သိရမှာပဲ။ မစိုးရိမ်ပါနဲ့”
ဆရာဝန်မကြီးက နေနွယ်တို့ ညီအမ မေးသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးသည်။ ဒါအပြင် နေနွယ်ကိုလည်း အားပေးစကားပြောလိုက်သည်။ လိုအပ်သော ခန္ဓာကိုယ် စစ်ဆေးမှုများကို ပြုလုပ်ပြီးနောက်အပတ်ထဲ ခွဲပေးမည်ဟု ပြောလိုက်သည်။ အိမ်ရောက်တော့ အမေက စိုးရိမ်စွာ စောင့်နေသည်။ ဆရာဝန်မကြီးပြောသည့်အတိုင်းပြောပြလိုက်သည်။ ငါငယ်ငယ်တုန်းကလည်း ရင်သားမှာ အကျိတ်ကလေးတွေ့လို့ ခွဲဖူးတယ်။ ငါအသက် ၂၅ နှစ်လောက်ကပေါ့။ ရိုးရိုးအကျိတ်လို့ အမေက ရှင်းပြနေသည်။ မနာပါဘူးလို့ သမီးကို ပြောရင်း အားပေးနေသည်။
အကျိတ်ခွဲမည့်နေ့တွင် မနက်စောစော ဆေးရုံသို့ သွားရသည်။ တစ်ရက်လောက်ဆေးရုံ ကြိုတက်ရမလားလို့ မေးတော့ ဆေးရုံကြိုတက်စရာမလိုဟု ပြောသည်။ ခွဲစိတ်ပြီးပြီးချင်း အိမ်ပြန်ရမည်ဟု ပြောသည်။ နေနွယ်သဘောကတော့ ၁ ရက်လောက်တော့ ဆေးရုံတွင် နေလိုက်ချင်သည်။ အမေကလည်း သူ့တုန်းက ဆေးရုံတက်ရသည်။ ဘယ်နှစ်ရက်လဲ မမှတ်မိတော့ဘူးလို့ ပြောသည်။ ဆရာဝန်မကြီးကို ဆေးရုံတက်ချင်ကြောင်း သားအမိတွေဝိုင်းပြောကြသည်။
“ဆရာမတို့က လူနာတွေကို မလိုအပ်ပဲ ဆေးရုံမှာအကြာကြီး မတင်ထားချင်ဘူး။ ဆေးရုံဆိုတာ လူနာတွေ အများကြီး။ အများဆုံးကတော့ ရောဂါပိုးမွှားတွေပဲ။ ဒါကြောင့်လူနာကို ဆေးရုံမတင်တာပါ။ ဆရာမတို့ကလိုအပ်ရင် ဆေးရုံတင်ထားမယ်။ မခွဲခင်မှာလည်း လူနာကို ဆေးရုံက ရောဂါပိုးတွေဝင်မှာစိုးလို့ ဆေးရုံကို ကြိုမတက်ခိုင်းဘူး။ ခွဲပြီးရင် ညနေပိုင်းလောက်ကို ချက်ချင်းအိမ်ပြန်ခိုင်းတယ်။ ခွဲထားတဲ့ ဒဏ်ရာကို ရောဂါပိုးတွေကူးမှာစိုးတယ်။ အိမ်မှာဆိုရင် ဆေးရုံထက်စာရင်တော့ ရောဂါပိုး နည်းတယ်လေ။ လိုအပ်ရင် ဆရာမတို့က ဆေးရုံတက်ခိုင်းပါတယ်။ အခုက မလိုအပ်လို့ ဆေးရုံမတက်ခိုင်းတာပါ။ အခုခေတ်မှာ ဆေးဝါးတွေလည်း ကောင်းလာပါပြီ။ သောက်ဆေးတွေလည်း ပေးလိုက်မှာပါ။ အိမ်မှာနေပြီး ဆေးမှန်မှန်သောက်ပါ။ ရက်ချိန်းမှာ မှန်မှန်လာပြပါ။ ဒါဆိုရပါပြီ”
ဆရာဝန်မကြီးမှ စိတ်ရှည်လက်ရှည်ရှင်းပြပေးသည်။ အခုမှပဲ နေနွယ်တို့ သားအမိတွေ ဆရာဝန်မကြီးပြောတာကို သဘောပေါက်ကြသည်။ ဒါတောင် အမေကပြောလိုက်သေးသည်။
“ငါတို့ခေတ်နဲ့မတူတော့ဘူး”တဲ့။
ခွဲစိတ်ပြီးပြန်ထွက်လာတော့ ကုတင်ပေါ်နားနေရသေးသည်။ ညနေ ပိုင်းလောက် ဆရာဝန်မကြီးလာကြည့်ပြီး ဆေးရုံက ဆင်းခိုင်းသည်။ ၃ ရက်နေရင် ရက်ချိန်းလာပြခိုင်းသည်။ ကင်ဆာ မဖြစ်ပါစေနဲ့လို့ပဲ ကြိတ်ဆုတောင်းနေမိသည်။ ဆုတောင်းပြည့်ပါသည်။ ကင်ဆာမဟုတ်ပါ။ ရိုးရိုးအကျိတ်လို့ ပြောလိုက်သည်။ ဒီလိုအကျိတ်မျိုးတွေက အပျိုကြီးတွေမှာ အဖြစ်များသည်။ ကလေးမွေးထားသော မိခင်တွေမှာ အဖြစ်နည်းသည်ဟု ပြောလိုက်သည်။ အမေကတော့ နင်လည်း ယောကျ်ားယူတော့လို့ပြောသည်။ အမေကို ပြန်မေးလိုက်ချင်သည်။ သမီးကို ဘယ်သူက ယူမှာလဲလို့။။။
Author: Dr.စည်လှိုင်မိုး