လေနာရောဂါဟာ ကလေးငယ်လေးတွေမှာ အဖြစ်များလေ့ရှိတဲ့ ရောဂါတမျိုးဖြစ်ပါတယ်။
ခန့်မှန်းခြေအားဖြင့် ကလေးငယ် ၁၀ ယောက်မှာ သုံးယောက်လောက်ထိ လေနာရောဂါ ဖြစ်တတ်ပါတယ်။
ကလေးအသက် ၂ ပတ် ကနေစပြီးဖြစ်တတ်ပါတယ်။ တလကနေ သုံးလအတွင်းမှာ အဖြစ်များတတ်ပါတယ်။
အသက်အန္တရာယ်ထိခိုက်အောင် ထိဖြစ်တဲ့ရောဂါမဟုတ်ပေမယ့် အတော်ခံစားရခက်ပြီး အလွန်နာကျင်တတ်ပါတယ်။
ဒါကြောင့်လေနာခံစားရတဲ့ကလေးငယ်တွေဟာ ဂဏှာမငြိမ်ဖြစ်ပြီး ချော့မရခြောက်မရဘဲ မနားတမ်း မအိပ်တမ်း ငိုနေတတ်ပါတယ်။
သို့သော် ကလေးငယ်တွေ မနားတမ်း အသည်းအသန် ငိုတဲ့အခါတိုင်း လေနာ ရောဂါခံစားနေရတယ်လို့ အတိကျ ပြောမရပါ။
ဘာလို့လဲဆိုတော့ ကလေးငယ်လေးတွေဟာ စကားမပြောတတ်သေးတဲ့အတွက် သူတို့ဗိုက်ဆာတာ၊ သူတို့သေးစိုချီးစိုဖြစ်နေတာ စတဲ့ သူတို့ အဆင်မပြေတာ၊ မအီမသာ ဖြစ်တဲ့ကိစ္စ တခုခုရှိတိုင်း ငိုကြွေးခြင်း အဖြစ်နဲ့ပဲ ဖော်ပြနိုင်လို့ပါ။
ဒါ့အပြင် ကလေးငယ်လေးတွေရဲ့ သဘာဝအရ ဘာကိစ္စမှမရှိဘဲနဲ့လည်း ငိုတတ်ပါတယ်။
ဒါကြောင့် ငိုတာ တခုတည်းနဲ့ လေနာဖြစ်နေမနေကို အတိအကျခွဲခြားဖို့ခက်ပါတယ်။
သို့ပေမယ့်
– ကလေးက အကြောင်းရင်းမယ်မယ်ရရမရှိဘဲ ငိုနေတာ(ဥပမာ ဖျားလည်းမဖျား၊ နို့လည်းမဆာ၊ သေးစိုချီးစိုတာလည်းမရှိဘဲ ငိုနေတာ)
– စူးစူးဝါးဝါးငိုတာ
– လက်ခြေထောက်လေးတွေကို ဗိုက်ဆီကွေးထားပြီး ခပ်ကွေးကွေးလေးပုံစံနဲ့ငိုတာ
– နည်းနည်းကြီးတဲ့ကလေးတွေဆို ဗိုက်ကိုကိုင်ပြီး ငိုတာ
– ချော့မြူလို့လည်း အငိုမတိတ်တာ
– ကောင်းကောင်းမအိပ်တာ၊ မကြာခဏ သို့မဟုတ် နေ့တိုင်း အချိန်မှန်ငိုနေတာ
– နို့တိုက်ပြီး မကြာခဏ နို့အန်တာ စတဲ့အချက်တွေ ရှိရင်တော့ လေနာလို့ငိုတာဖြစ်နိုင်ခြေများပါတယ်။
ကလေးငယ်များမှာ လေထိုးခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့
– မိခင်နို့ သို့မဟုတ် နို့ဘူးစို့တဲ့အခါ ပုံစံမကျတဲ့အတွက် နို့စို့ရင်းနဲ့လေတွေပါ မျိုချမိတာ
– အချို့နို့ဘူးတွေရဲ့ နို့သီးခေါင်း ပေါက်က ကျယ်နေတာ
– နို့တိုက်ပြီး လေကောင်းကောင်းထုတ်မပေးတာ
– နို့မှုန့်ဘူးမှာပါတဲ့ ဓါတ်ပစ္စည်းတွေနဲ့ ဓါတ်မတည့်တာ
– ၆ လပြည့်လို့ဖြည့်စွက်စာစကျွေးချိန်မှာ နူးနပ်ပျော့အိတဲ့အစာတွေ ကျွေးရမယ့်အစား မာတဲ့အစာတွေကျွေးမိတာ သို့မဟုတ် ကျွေးတဲ့အစာနဲ့ဓါတ်မတည့်တာ
– အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြႆနာတွေရှိတာ
– အစာအိမ်နဲ့ အူလမ်းကြောင်းပိုးဝင်တာ စသဖြင့်ဖြစ်ပါတယ်။
ဒါ့အပြင်လမစေ့၊ ပေါင်မပြည့်ဘဲမွေးတာ၊ ဆေးလိပ်ငွေ့၊ ဖုန်၊မီးခိုးငွေ့တွေရှုမိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကလေးလေထိုးတဲ့အခါ သက်သာအောင် ကလေးကိုချီပြီး လမ်းလျှောက်ကာ ကလေးရဲ့ ကျောလေးကို အသာအယာပုတ်ပေးပါ။
ကလေးရဲ့ဝမ်းဗိုက်လေးကိုလည်း နာရီလက်တံလှည့်တဲ့ပုံစံအတိုင်း အသာအယာနှိပ်နယ်ပေးပါ။
လိုအပ်ပါက simethicone ပါတဲ့ ကလေးလေဆေးတမျိုးမျိုးတိုက်နိုင်ပါတယ်။
ကလေးလေထိုးတာ မကြာခဏဖြစ်နေပြီဆိုရင်တော့ နို့တိုက်တဲ့ပုံစံမမှန်လို့လား၊ နို့မှုန့်နဲ့မတည့်လို့လား၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာပြႆနာရှိလို့လား စသဖြင့် ဖြစ်ရတဲ့အကြောင်းရင်း သိရအောင် နီးစပ်ရာဆေးခန်းပြသကြည့်ဖို့ လိုပါတယ်။
ကလေးလေထိုးတာဖြစ်နိုင်ခြေနဲအောင် ကလေးနို့တိုက်တဲ့အခါ ပုံစံတကျတိုက်ပါ။ တိုက်ရမယ့်ပုံစံကိုသေချာမသိရင် နီးစပ်ရာ ဒေသန္တရဆေးခန်းတွေမှာ မေးမြန်းနိုင်ပါတယ်။
နို့တိုက်ပြီးတဲ့အခါတိုင်း လေထုတ်ပေးပါ။ လေဘယ်လိုထုတ်ရမယ်ဆိုတာကိုလည်း နီးစပ်ရာဒေသန္တရာဆေးခန်းတွေမှာ ပြသခိုင်းလို့ရပါတယ်။
Dr 528