မြန်မာနိုင်ငံရဲ့ မျက်စိရောဂါဖြစ်ပွားမှုအခြေအနေတွေကို ကိုယ်စားပြုနိုင်မယ့် မျက်စိကျန်းမာရေးစစ်တမ်းကို ဧပြီလနောက်ပိုင်းတွင် စတင်ကောက်ယူနိုင်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါမျက်စိကျန်းမာရေးစစ်တမ်းဟာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်တဲ့ ဧရိယာ ၁၁ ခုမှာ ကောက်ယူမှာဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ ကိုယ်စားပြုမယ့် မျက်စိကျန်းမာရေးစစ်တမ်းကို ၁၉၉၇ ခုနှစ်က ကောက်ယူခဲ့ပြီး နောက်ပိုင်း ထပ်မံကောက်ယူထားခြင်းမရှိတဲ့အတွက်ကြောင့် ခေတ်နဲ့အညီ မျက်စိရောဂါဖြစ်ပွားမှုအခြေအနေတွေကို သိရှိစေဖို့ ကောက်ယူတာဖြစ်တယ်လို့ သိရပါတယ်။
၁၉၉၇ ခုနှစ်စစ်တမ်းအရ မြန်မာနိုင်ငံတွင် မျက်မမြင်ဖြစ်ပွားမှုနှုန်းမှာ လူတစ်ထောင်မှာ ခြောက်ယောက်ခန့်ရှိပြီး မျက်စိ ရောဂါတွေအနက် အတွင်းတိမ်၊ ရေတိမ်၊ မျက်ကြည်လွှာမှာဖြစ်တဲ့ရောဂါ၊ အာရုံလွှာ မှာ ဖြစ်ပွားတဲ့ရောဂါတွေနဲ့ ထိခိုက်မှုကြောင့်ဖြစ်တဲ့ရောဂါတွေ အဖြစ်များတယ်လို့ ဆိုပါတယ်။ မျက်စိရောဂါတွေအနက် အတွင်းတိမ်ရောဂါမှာ အများဆုံးဖြစ်ပြီး အတွင်းတိမ်ဖြစ်ပွားမှုမှာ ၆ဝ ရာခိုင်နှုန်း၊ ရေတိမ်မှာ ဒုတိယအများဆုံးဖြစ်ကာ၂ဝ ရာခိုင်နှုန်း ခန့်ရှိသည်။ မြန်မာတစ်နိုင်ငံလုံးမှာ မျက်စိစင်တာပေါင်း ၇၄ ခုရှိပြီး ဗဟိုအဆင့်၊ ခရိုင်အဆင့်နဲ့ တိုင်းအဆင့်ဆေးရုံတွေမှာ တွဲဖက်ဖွင့် လှစ်ထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မျက်စိဝေဒနာရှင် လူနာပေါင်းတစ်သိန်းကျော်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။