ကျွန်တော်တို့ရဲ့ဦးနှောက်ဟာ အပူအအေးနာကျင်မှု
စတဲ့အာရုံတွေခံစားသိရှိတာ၊လှုပ်ရှားသွားလာတာ၊လေ့လာသင်ယူတွေးခေါ်တာ စသဖြင့်
အရေးကြီးတဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။
ဒီလိုအရေးကြီးတဲ့လုပ်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတဲ့ ဦးနှောက်ဟာ ကျန်းမာနေပြီး
အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့လိုပါတယ်။
ဒါမှသာ သင်ယူလေ့လာစရာတွေကိုအလွယ်တကူသင်ယူနိုင်ကာ ဆုံးဖြတ်ချက်အမှန်တွေချနိုင်ပြီး
ဘဝကိုသက်တောင့်သက်သာဖြတ်သန်းနိုင်မှာပါ။
ဦးနှောက်ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့စွမ်းအင်ကောင်းကောင်းသန့်သန့်လိုပါတယ်။
စက်ထဲကိုဆီကောင်းဆီသန့်ထဲမှ စက်ရဲ့စွမ်းဆောင်နိုင်စွမ်းကောင်းပြီး ကြာရှည်ခံမှာဖြစ်သလို
ဦးနှောက်ကလည်း စွမ်းအင်ကောင်းကောင်းသန့်သန့်ရမှ စွမ်းဆောင်နိုင်စွမ်းကောင်းပြီး
ကျန်းမာမှာဖြစ်ပါတယ်။
ဦးနှောက်အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့စွမ်းအင်ကိုကျွန်တော်တို့နေ့စဉ်စားသုံးတဲ့အစားစာတွေမှ
တဆင့်ရရှိပါတယ်။
ကျွန်တော်တို့တွေ အရည်အသွေးပြည့်မှီတဲ့အစာအာဟာရကို စားသုံးတဲ့အခါမှာ
ကျွန်တော်တို့ဦးနှောက်ဟာ စွမ်းအင်ကောင်းကောင်းရပြီး သူ့အလုပ်တာဝန်တွေကို
အကောင်ဆုံးစွမ်းဆောင်ပေးပါတယ်။
အရည်အသွေးပြည့်မှီတဲ့ အစာအာဟာရ ဆိုတာကတော့ဖက်တီးအက်စစ်(fatty
acid)၊အန်တီအောက်စီးဒန့်(Antioxidants)၊ဗီတာမင်(Vitamins)၊သတ္ထုဓါတ်(Minerals)
စတဲ့ဓါတ်တွေပါဝင်တဲ့အစားစာတွေပါ။
ဥပမာအနေနဲ့ဆိုရင်
ဆန်၊ဂျုံ၊ပြောင်း၊အစေ့အဆန်၊ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီ(မပြည့်ဝဆီ
) နဲ့ အဆီ(ငါးမှရသောအဆီ)တွေဖြစ်ပါတယ်။
ဒီလိုအရည်အသွေးပြည့်မှီတဲ့အစာအာဟာရတွေဟာ ဦးနှောက်ကို
စွမ်းအင်အထောက်အပံ့ကောင်းကောင်းပေးနိုင်သလို ဖရီးရက်ဒီကယ်လ်(Free radicals)တွေကြောင့်
ဦးနှောက်ထိခိုက်ပျက်စီးခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ဖရီးရက်ဒီကယ်လ်ဆိုတာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်(Metabolism)ရဲ့ဘေးထွက်ပစ္စည်း
အနေနဲ့ဖြစ်လာတဲ့ဓါတ်ပစ္စည်းတမျိုးဖြစ်ပါတယ်။ဥပမာ ဆဲလ်တွေအသက်ရှုခြင်းဖြစ်စဉ်၊
အစာချေဖျက်ခြင်းဖြစ်စဉ်၊အသည်းကစားသမျှအစားသောက်တွေကိုအဆိပ်ဖယ်ရှားပေးတဲ့ဖြစ်စဉ်
စတဲ့ဇီဝဖြစ်ပျက်မှုဖြစ်စဉ်တွေရဲ့ဘေးထွက်ပစ္စည်းအနေနဲ့ဖြစ်ပေါ်လာကြတယ်။
ခန္ဓာကိုယ်ထဲပိုးဝင်တာ ခန္ဓာကိုယ်တနေရာရာမှာရောင်ရမ်းနေတာ စိတ်ဖိစီးမှုများတာ
စတဲ့အခြေအနေတွေမှာလည်း ဖရီးရက်ဒီကယ်တွေဖြစ်လာတတ်ပါတယ်။
လေထုညစ်ညမ်းတာ ဆေးလိပ်သောက်တာ အရက်သောက်တာ အလွန်အကျွံပင်ပန်းမှုတွေများတာ
ခရမ်းလွန်ရောင်ခြည်နဲ့အထိများတာ ဓါတ်ရောင်ခြည်တခုခုနဲ့အထိများတာ
ကင်ဆာဆေးတွေသောက်နေရတာ ဓါတုပစ္စည်းတွေပါတဲ့အစားသောက်တွေအစားများတာ
စတဲ့အခြေအနေများကလည်း ခန္ဓာကိုယ်ထဲတွင်ဖရီးရက်ဒီကယ်များကိုဖြစ်ပေါ်လာစေပါတယ်။
ဖရီးရက်ဒီကယ်တွေတအားများလာတဲ့အခါမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ရှိဆဲလ်တွေထိခိုက်ပျက်စီးပြီး
အယ်လ်ဇိုင်းမားရောဂါ(ဦးနှောက်ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ ပီသစွာ
စကားမပြောနိုင်တော့ခြင်းစသည်ဖြစ်ပွားစေသော ရောဂါတမျိူး)၊သတိမေ့တာ၊
ပါကင်ဆန်ရောဂါ၊ကင်ဆာရောဂါ၊သွေးတိုးရောဂါ၊နှလုံးရောဂါ၊
စတဲ့နာတာရှည်ရောဂါများဖြစ်ဖို့အတွက်ဖြစ်နိုင်ခြေတွေများလာပါတယ်။
အရွယ်မတိုင်ခင်လည်း အိုမင်းလာနိုင်ပါတယ်။
အရည်အသွေးပြည့်မှီတဲ့အစားအစာတွေကိုများများစားခြင်းဖြင့်ဖရီးရက်ဒီကယ်လ်တွေကြောင့်
ဦးနှောက်နဲ့ခန္ဓာကိုယ်ထိခိုက်ခြင်းမှကာကွယ်နိုင်ပါတယ်။
ဒါကြောင့်နေ့စဉ်စားသုံးတဲ့အထဲမှာ အရည်အသွေးပြည့်မှီတဲ့အစားအစာမျိုးတွေများများပါအောင်၊
အရည်အသွေးမပြည့်မှီတဲ့အစားအစာမျိုးတွေ တတ်နိုင်သလောက်မပါအောင်ဂရုစိုက်ရပါမယ်။
အရည်အသွေးမပြည့်မှီတဲ့အစားအစာတွေဆိုတာကတော့
တာရှည်ခံအောင်၊အထားခံအောင်၊အနံ့အရသာကောင်းအောင်
ပြုပြင်စီမံထားတဲ့အစားအသောက်မျိုးတွေဖြစ်ပါတယ်။
(ဥပမာအနေနဲ့ဆိုရင်
ရယ်ဒီမိတ်အစားစာတွေ၊စည်သွတ်အစားစာတွေ၊အသားခြောက်တွေ၊စသဖြင့်ပါ။)
အရည်အသွေးမပြည့်မှီတဲ့အစားစာတွေ စားသုံးတဲ့အခါမှာ ခန္ဓာကိုယ်အတွင်းရှိ
သကြားဓါတ်ပမာဏကိုမတည်မငြိမ်ဖြစ်စေတတ်ပါတယ်။
သကြားဓါတ်ပမာဏ အနိမ့်အမြင့်အတက်အကျ ပြောင်းလဲခြင်းများစွာဖြစ်ပါက
ဦးနှောက်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
အရည်အသွေးမပြည့်မှီတဲ့အစားစာမျိုးတွေစားခြင်းဖြင့်ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုကို ဖြစ်စေပြီး
ဖရီးရက်ဒီကယ်လ်ပမာဏကိုလည်း များလာစေနိုင်ပါတယ်။
ဒါတွေအပြင်အရည်အသွေးမပြည့်မှိတဲ့အစားစာတွေရေရှည်အစားများပါက
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမျှင်ဓါတ်နဲ့အကျိုးပြုဘက်တီးရီးယားတွေမရတဲ့အတွက်
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။
သုတေသနပညာရှင်တွေဟာ လေ့လာရင်းနဲ့ အစားအစာ နဲ့ စိတ်ခံစားမှုဟာ
ဆက်စပ်နေကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။
လေ့လာမှုတွေအရ Probiotics နဲ့Prebiotics တွေအစားများတဲ့သူတွေဟာ Probiotics နဲ့Prebiotics
မစားတဲ့သူတွေနဲ့ယှဉ်ရင်စိတ်ဖိစီးမှုဒဏ်၊စိုးရိမ်ပူပန်မှုဒဏ်၊ဝမ်းနည်းမှုဒဏ်တွေခံနိုင်ပြီး
စိတ်ဓါတ်ကျမှု၊စိတ်ကျရောဂါဖြစ်ပွားနိုင်မှုနည်းကြောင်းသိရပါတယ်။
ဒါဟာဘာဖြစ်လို့လဲဆိုရင်Probiotics နဲ့Prebiotics တွေက ခန္ဓာကိုယ်ကနေ ဆီရိုတိုနင်(Serotonin)
ဟော်မုန်းဓါတ်ကိုများများထွက်စေလို့ပါ။
ဆီရိုတိုနင်ဆိုတာဟာ အာရုံကြောဓါတုပစ္စည်းတမျိုးဖြစ်ပြီး သူများများထွက်ရင်
စားကောင်း၊အိပ်ကောင်းဖြစ်ကာ စိတ်ကျေနပ်မှု၊ပီတိဖြစ်မှုကိုခံစားရပြီး
စိတ်ဖိစီးမှု၊နာကျင်မှုတွေကိုပြေလျော့စေနိုင်ပါတယ်။ဒါ့အပြင်
စိတ်ကျရောဂါဖြစ်ပွားနိုင်မှုကိုလည်းလျော့နည်းစေပါတယ်။
ဆီရိုတိုနင်ကိုအူလမ်းကြောင်းကနေ အဓိကထုတ်ပေးပါတယ်။
Probiotics အစားစာတွေကတော့
အချဉ်ဖောက်ထားတဲ့ချဉ်ဖတ်တွေ၊ဒိန်ချဉ်၊နို့ချဉ်၊ကင်ချီ၊မီဆိုဟင်းရည်အစရှိတဲ့အစားစာတွေဖြစ်ပြီး
Prebiotics အစားစာတွေကတော့အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားစာတွေဖြစ်ပါတယ်။
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊မုယောစပါး၊ပဲအမျိုးမျိုး၊သစ်သီးဝလံအမျိုးမျိုး စသဖြင့်ပါ။
ဒါကြောင့်အဆုံးသတ်အနေနဲ့ အကြံပေးရရင်စက်ထဲကိုဆီသန့်ဆီကောင်းထည့်မှ
စက်စွမ်းဆောင်ရည်ကောင်းပြီးကြာရှည်ခံမှာဖြစ်သလို
ကျွန်တော်တို့ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကောင်းပြီး ကြာရှည်ခံဖို့အတွက်ဆိုရင်လည်း
စွမ်းအင်ကောင်းကောင်းလိုပါတယ်။
ဒါကြောင့်ကျွန်တော်တို့နေ့စဉ်အစာစားတဲ့အခါမှာ
ဆန်၊ဂျုံ၊ပြောင်း၊ဟင်းသီးဟင်းရွက်၊အစေ့အဆန်၊သစ်သီးဝလံ၊ဒိန်ချဉ်၊နို့ချဉ်၊မပြည့်ဝဆီ
စတဲ့အရည်အသွေးပြည့်မှီသော အစားစာတွေများများပါအောင်ဂရုစိုက်ဖို့နဲ့
ရယ်ဒီမိတ်အစားစာတွေ၊တာရှည်ခံအောင်ပြုလုပ်ထားတဲ့အစားစာတွေကို လျှော့စားကြဖို့
အကြံပေးချင်ပါတယ်။