fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

သားသားမီးမီးတို့ စားလိုက်တဲ့ အစားအစာတွေ အားလုံးကို ကောင်းစွာ ချေဖျက်ပြီး စုပ်ယူနိုင်ဖို့ ဆိုရင်

အစာချေခြင်းဆိုသည်မှာ စားသုံးလိုက်သောအစားအစာများကို သေးငယ်သောအစိတ်အပိုင်းများအဖြစ် ဖြိုခွဲလိုက်ခြင်းဖြစ်စဉ်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ သို့မှသာလျှင် စားသုံးလိုက်သော အစားအစာများတွင် ပါဝင်သောအာဟာရဓါတ်များကို ခန္ဓာကိုယ်ကအပြည့်အဝ စုပ်ယူအသုံးချနိုင်မည် ဖြစ်ပါသည်။

အစာချေခြင်းနှင့် ချေဖျက်ပြီးသော အာဟာရဓါတ်များကို စုပ်ယူသုံးစွဲနိုင်ခြင်းအပေါ် လွှမ်းမိုးသော အချက်များစွာရှိပါသည်။ အာဟာရဓါတ်ပြည့်ဝသော ကလေးတစ်ယောက်ဖြစ်ရန် အတွက် စားသုံးလိုက်သော အစာများကို ကောင်းမွန်စွာချေဖျက်နိုင်ရန်အရေးကြီးသကဲ့သို့ ချေဖျက်ပြီးသော အာဟာရဓါတ်များကို အပြည့်အဝစုပ်ယူနိုင်ခြင်းသည်လည်း အရေးပါသောအချက်တစ်ချက်ဖြစ်ပါသည်။ အစာချေဖျက်ခြင်းနှင့် အာဟာရဓါတ်များ စုပ်ယူခြင်းတိုးတက်စေရန် အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါသည်။

 

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို ကျွေးပါ

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများသည် ကလေးတို့၏ အစာချေခြင်းနှင့် အာဟာရဓာတ်များ စုပ်ယူခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ကူညီပေးနိုင်ပါသည်။ ထို့အပြင် အစာချေဖျက်ခြင်းကို မြန်ဆန်စေ၍ ဝမ်းချုပ်ခြင်းကို လျော့နည်းစေကာ အစာအိမ်နှင့် အူလမ်းကြောင်း၏ ကျန်းမာရေးကို ထိန်းသိမ်းပေးပါသည်။ ထို့အပြင် လေပွခြင်း၊ လေထိုးလေအောင့်ခြင်း နှင့် ဝမ်းလျှောခြင်းများကိုလည်း လျော့ချပေးနိုင်ပါသည်။

သတိပြုရန်မှာ အမျှင်ဓာတ်များသည် ရေကိုစုပ်ယူနိုင်စွမ်း ရှိပါသည်။ ထို့ကြောင့် အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများကို ကလေးများအား ကျွေးမွေးသောအခါတွင် ရေပမာဏကို ပိုမိုတိုက်ကျွေးရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ဝမ်းချုပ်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။

အစေ့အဆံများ၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး စသောအစားအစာများတို့တွင် အမျှင်ဓာတ်ကြွယ်ဝ ကြပါသည်။

ကလေးများအား အဆီနည်းသောအစားအစာများကို ကျွေးပါ။ အကြော်စာများကိုရှောင်ပါ

အဆီများသော အစားအစာများနှင့် အကြော်စာများသည် အစာအိမ်အတွင်းမှ အက်ဆစ်များ  အစာရေမျိုပြွန်အတွင်းသို့ လျှံတက်ထွက်လာခြင်းနှင့် ရင်ပူခြင်းများကို ဖြစ်စေနိုင်ပါသည်။ ထို့အပြင် အစာအိမ်၏ အစာချေဖျက်မှု စွမ်းဆောင်ရည်ကိုလည်း လျော့ကျသွားစေနိုင်ပါသည်။

 

ဒိန်ချဉ်တိုက်ကျွေးပါ

အစာအိမ်နှင့်အူလမ်းကြောင်းတွင် အစာချေခြင်းကို များစွာ အထောက်အကူပေးသော မိတ်ဆွေ ဘက်တီးရီးယားပိုးများ ရှိပါသည်။ ဒိန်ချဉ်ထဲတွင် ထိုကဲ့သို့ မိတ်ဆွေ ဘက်တီးရီးယားပိုးများ အများအပြားပါဝင်ပါသည်။ ထို့အပြင် ဒိန်ချဉ်သည် အစာအိမ်နှင့် အူလမ်းကြောင်းတွင် ရှိနှင့်ပြီးသော ကောင်းသော မိတ်ဆွေ ဘက်တီးရီးယားပိုးများ ကြီးထွား ပွားများခြင်းကိုလည်း အထောက်အကူပေးပါသည်။ ထို့ကြောင့် ကလေးများအား ဒိန်ချဉ်တိုက်ကျွေးခြင်းအားဖြင့် ကျွေးမွေးလိုက်သော အစားအစာများကို ကောင်းစွာချေဖျက်နိုင်သည့်အပြင် အာဟာရဓာတ်များကို ပြည့်ဝစွာ စုပ်ယူနိုင်ရန်လည်း အထောက်အကူပေးနိုင်ပါသည်။

 

ကလေးများအား အစားအစာကို ကောင်းမွန်ကျေညက်စွာ ဝါးစားတတ်စေရန် သင်ကြားပေးပါ။

အစာချေခြင်းဖြစ်စဉ်သည် ပါးစပ်အတွင်းရှိ အစားအစာများကို ကြိတ်ဝါးခြင်းမှ စတင်ပါသည်။ အစားအစာများကို ကောင်းမွန်ကျေညက်စွာ ကြိတ်ဝါးခြင်းသည် အစားအစာအပိုင်းအစများ၏ မျက်နှာပြင် ဧရိယာကိုများပြားလာစေပါသည်။ ထို့ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း အတွင်းရှိ အစာချေဖျက်သော အင်ဇိုင်းများနှင့် ပိုမိုထိတွေ့စေကာ အစားအစာများကို ကောင်းစွာချေဖျက်ခြင်းနှင့် အာဟာရဓာတ်များကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ရန် ကူညီပေးပါသည်။

 

အထက်ပါဖော်ပြပါ နည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် ကလေးများစားလိုက်သော အစားအစာများကို ကောင်းစွာ ချေဖျက်၊ စုပ်ယူ၊ အသုံးချနိုင်ကြပါစေကြောင်း …

Author : Dr. CK

ဆက်စပ် ဆောင်းပါးများ