မီးဖိုချောင်ကနေ ဓာတ်ခွဲခန်းတွေအထိ ခြေဆန့်သွားနေတဲ့ နနွင်း (သို့မဟုတ်) လူတိုင်းသိတဲ့နနွင်းရဲ့ လူတိုင်းမသိတဲ့ အံ့အားသင့်စရာကောင်းကျိုးများ
နနွင်းဆိုတာ အိမ်တစ်အိမ်အတွက် မီးဖိုချောင်တစ်ခုအတွက် မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ်လူတိုင်းသိကြပါတယ်။
ကြော်လှော် ချက်ပြုတ်ရာမှာ ဆီသတ်တဲ့နေရာမှာ အသုံးပြုကြသလို အသား..ငါးအစိမ်းတွေကို အညှီနံ့ပျောက်အောင် ဆား နဲ့အတူ နယ်ပြီးတော့ နှပ်တဲ့ နေရာမှာလည်း အသုံးပြုကြပါတယ်။
ဒါပေမဲ့ နနွင်းရဲ့ အသုံးဝင်မှုတွေက မီးဖိုချောင်ထဲမှာတင် ရပ်မနေပါဘူး။
အိန္ဒိယရိုးရာမှာ အသားအရေ လှပ သန့်စင်ဖို့အတွက် နနွင်းကို သောက်တာ..လိမ်းတာ ဟာဒီနေ့ ခေတ်အထိပဲ ဖြစ်ပါတယ်။
မြန်မာ့ရိုးရာမှာတော့ ကလေးမွေးဖွားပြီး မီးတွင်းကာလမှာ နနွင်းလိမ်းတာမျိုးတွေ တွေ့ရပါတယ်။
ဒီနေရာမှာ သတိထားဖို့လိုတဲ့ အချက်ကတော့ မွေးကင်းစကလေး အသားဝါပြဿနာ ဝင်နေပေမဲ့ အမေခန္ဓာကိုယ်က
နနွင်းအရောင်ကြောင့် သတိမထားမိဘဲ ဖြစ်နေတာမျိုးရှိတတ်ပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးတကယ်ဖြစ်မဖြစ်ကတော့ သုတေသနတွေမရှိသေးတာမို့ ကလေးမွေးပြီးစမှာ မလိမ်းတာပိုကောင်းတယ်လို့ပဲ ဆိုရပါမယ်။
အာယုဗေဒဆေးကျမ်းတွေမှာ ရာစုနှစ်ပေါင်းများစွာ နည်းမျိုးစုံနဲ့ အသုံးပြုခဲ့ကြတဲ့ နနွင်းဟာ ခုဆိုရင် အနောက်တိုင်းဆေးပညာရဲ့ ကင်ဆာဆေးထုတ်လုပ်တဲ့ သုတေသန ဓာတ်ခွဲခန်းတွေအထိတောင် ရောက်ရှိနေပြီဖြစ်ပါတယ်။
နနွင်းကို ဂျင်းအနွယ်ဝင် Tumeric အမြစ်ကနေ ထုတ်လုပ်ပြီး ရောင်ရမ်းမှုတွေကို လျော့ပါးစေတဲ့ Curcuminoid ပါဝင်မှုကြောင့် ဆေးဖက်ဝင်စေတာဖြစ်ပါတယ်။
ဒီ Curcumin ကို ယနေ့ခေတ်မှာတော့ Supplement လို့ခေါ်တဲ့ အားဖြည့်ဓာတ်စာတစ်ခုအနေနဲ့ ထုတ်လုပ် အသုံးပြုနေကြပြီဖြစ်ပါတယ်။
-
နနွင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ ??
-
စိတ်ကျရောဂါ
Curcumin နဲ့ တခြားပါဝင်ပစ္စည်းတွေက စိတ်ကျခြင်းကို သက်သာစေပြီး စိတ်ကျရောဂါအတွက် သောက်ရတဲ့ ဆေးတွေရဲ့ အစွမ်းကိုလည်း ပိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
-
ဆီးချိုရောဂါ
နနွင်းက သွေးတွင်းအချိုဓာတ်ကို ထိန်းညှိဖို့ အကူအညီပေးတဲ့အပြင် အမျိုးအစား(၂) ဆီးချိုသွေးချို မဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိတယ်လို့တောင် တချို့ သုတေသနတွေကဆိုပါတယ်။
-
တုပ်ကွေးနဲ့ အခြားသော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါများ
တုပ်ကွေးဖြစ်နေချိန် နနွင်းလက်ဖက်ရည်တစ်ခွက်ကြောင့် ပိုမိုသက်သာသွားစေနိုင်ပါတယ်။
နနွင်းမှာ ကိုယ်ခံအားတက်စေတဲ့ အာနိသင်အနည်းငယ်ရှိတယ်လို့ဆိုပါတယ်။
-
ရာသီမလာခင်ဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများ
အမျိုးသမီးတွေမှာ ဓမ္မတာမလာခင်ဖြစ်တဲ့ Premenstrual Syndrome လို့ခေါ်တဲ့ နာကျင်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း၊ စိတ်မကြည်လင်ခြင်း စတဲ့ ပြဿနာတွေကိုလည်း နနွင်းက သက်သာစေနိုင်ပါတယ်။
-
ကိုလက်စထရောလ်များခြင်း
အချို့သုတေသနတွေက လက်မခံပေမဲ့ သုတေသန တစ်ချို့မှာတော့ နနွင်းက မကောင်းတဲ့ ကိုလက်စထရောလ်အဆီတစ်မျိုးဖြစ်တဲ့ LDL ကိုကျဆင်းစေတယ်လို့ ဆိုပါတယ်။
သုတေသနတစ်ခုမှာဆိုရင် နှလုံးသွေးကြောပိတ်ခြင်းကြောင့် Bypass surgeryခွဲစိတ်မှုပြုထားရသူတွေမှာ နှလုံးပြန်မဖောက်အောင် နနွင်းက ကာကွယ်ပေးတယ်လို့ဆိုပါတယ်။
-
အလ်ဇိုင်းမားရောဂါ
ဦးနှောက်မှတ်ဉာဏ်နဲ့ စွမ်းဆောင်ရည်ကျဆင်းတဲ့ ကြောက်စရာရောဂါတစ်ခုဖြစ်ပါတယ်။
နနွင်းက ဒီရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။ သုတေသနတွေတော့ လိုအပ်နေဆဲပါ။
-
အဆစ်အမြစ်ရောင်ရောဂါ
နနွင်းမှာပါဝင်တဲ့ ရောင်ရမ်းမှုကျစေတဲ့ Curcumin က အဆစ်ရောင်ခြင်း၊ နာကျင်ခြင်းနဲ့ တောင့်တင်းခြင်းတွေကို သက်သာစေပါတယ်။
ပိုသက်သာစေဖို့ဆိုရင်တော့ ငရုတ်ကောင်းအနက်ကိုပါ တွဲဖက်မှီဝဲသင့်တယ်လို့ဆိုပါတယ်။
-
ကင်ဆာ
တိရစ္ဆာန်တွေနဲ့ လေ့လာထားတဲ့ သုတေသနတွေမှာတော့ နနွင်းက ကင်ဆာဆဲလ်တွေကို ဆက်မပွားအောင် တားနိုင်စွမ်းအပြင် အဆိပ်အတောက်ဖယ်ရှားတဲ့ အင်ဇိုင်းဓာတ်တွေရဲ့ လုပ်ဆောင်မှုကိုလည်း ပိုမြင့်စေတာ တွေ့ရပါတယ်။
ကင်ဆာဆေးသောက်နေရသူလူနာတွေမှာတော့ သုတေသနတွေ ပြုလုပ်နေဆဲဖြစ်ပြီး ဆေးနဲ့ဓာတ်ပြုမှုတွေရှိနိုင်တဲ့အတွက် ဆရာဝန်ညွန်ကြားချက်မပါဘဲ Curcumin supplement တွေကို မသောက်သင့်ပါဘူး။
-
Irritable bowel syndrome
ဗိုက်အောင့်ပြီး..ဝမ်းမကြာခဏ ပျက်စေတဲ့ နာတာရှည် အူရောင်ရမ်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
နနွင်းသောက်ခြင်းက သက်သာစေနိုင်တယ်လို့ဆိုပါတယ်။
-
ခေါင်းကိုက်ခြင်း
နနွင်းဟာ ဂျင်းအမျိုးအနွယ်ထဲကဖြစ်တဲ့အပြင် ဂျင်းလိုပဲ ခေါင်းကိုက်ပျောက်စေနိုင်စွမ်းရှိပါတယ်။
သိပ်ဆိုးတဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ Migraine ရောဂါကိုတောင် သက်သာစေနိုင်တယ်လို့ဆိုပါတယ်။
-
ဝက်ခြံပြဿနာ
နနွင်းကို မျက်နှာမှာ Mask လို အုပ်လိမ်းပေးတာ ဒါမှမဟုတ် သောက်ပေးတာက ပျောက်ခဲလှတဲ့ ဝက်ခြံတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
နနွင်းရဲ့ ပိုးသတ်ပေးနိုင်စွမ်းနဲ့ အရောင်ကျစေနိုင်စွမ်းတို့ကြောင့်ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
မသန့်ရှင်းခဲ့ရင် ဓာတ်မတည့်ရင်တော့ ပိုဆိုးလာနိုင်တာမို့ သတိထားလုပ်ဆောင်ဖို့တော့ လိုပါမယ်။
နိဂုံးချုပ်ပြောရရင်တော့ နနွင်းရဲ့ အကျိုးကျေးဇူးတွေက ဆေးတွေကို အစားထိုးနိုင်လောက်တဲ့ အထိ သုတေသနရလဒ်တွေက မခိုင်မာလှသေးပါဘူး။
ဒါပေမဲ့ လူကို အန္တရာယ်မဖြစ်စေမဲ့ ဓာတ်စာတစ်ခုဖြစ်လို့ အတိုင်းအတာတစ်ခုအထိတော့ အကျိုးပြုမှာအသေအချာပဲဖြစ်ပါတယ်။
အစာလည်းဆေး ဆေးလည်း အစာဆိုတဲ့သဘောမျိုးနဲ့ နနွင်းကို ရိုးရာမပျက် မှီဝဲအသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့လည်း ကိုယ့်ရောဂါဝေဒနာတွေအတွက် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကိုတော့ လုံးဝမပစ်ပယ်ပါနဲ့လို့ လေးလေးနက်နက် မှာချင်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း
(19.1.20)