လှပတဲ့ကမ္ဘာကြီးဆက်လက်လှပနေဖို့ လူ၊ သတ္တဝါ၊ ရေမြေတောတောင် ၊ သက်ရှိသက်မဲ့တွေအားလုံး
တာဝန်ကျေကျေထိန်းသိမ်းစောင့်ရှောက် ပံ့ပိုးပေးရပါတယ်။
ဒီလိုပဲ ပိစိကွေးကလေးဘဝကနေ အဘိုးကြီး အဘွားကြီးဖြစ်တဲ့အထိ လူတစ်ယောက်ရဲ့ လှပတဲ့
အပြုံးတွေအတွက် မရှိမဖြစ်လိုတဲ့ လှပဖြူစင်ကျန်းမာတဲ့ သွားလေးတွေအတွက်တော့
သွားတိုက်တံလေးတစ်ချောင်းရယ် သွားတိုက်တံပေါ်ထည့်လိုက်မဲ့ သွားတိုက်ဆေးနဲ့
သွားတိုက်တံကိုင်မဲ့လူရဲ့ လက်တစ်စုံရယ်က အဓိကတာဝန်ရှိတဲ့ ပံ့ပိုးသူတွေပါပဲ။
ချစ်စရာသွားတိုက်တံလေး
ဒီခေတ်မှာတော့သွားတိုက်တံတစ်ချောင်းက လှပတဲ့သွားတွေဖြစ်ဖို့ အတွက် မရှိမဖြစ်ပါ။
ဒါပေမဲ့ မာကြောကြမ်းတမ်းတဲ့ သွားတိုက်တံတွေကလည်း သွားနဲ့ သွားဖုံးကျန်းမာရေးကို
ထိခိုက်စေနိုင်တာ သတိထားဖို့လိုပါတယ်။ မသန့်ရှင်းတဲ့ သွားတိုက်တံတွေကလည်း ရောဂါပိုးတွေ
သယ်ဆောင်ဖြန့်ချီပေးနိုင်တာမို့ သုံးလေးလတစ်ကြိမ် တာဝန်မှရပ်စဲပြီး အသစ်လဲပေးဖို့လိုပါတယ်။
သွားတိုက်တံအမျှင်လေးတွေ စတင်ပျက်စီးစပြုတာနဲ့ အသစ်လဲရပါမယ်။
အရည်အသွေးမြင့်တဲ့ သွားတိုက်ဆေး
သွားတိုက်ဆေးတစ်ခုရဲ့အခြေခံအကျဆုံး တာဝန်တွေကတော့
● သွားတွေကို သန့်ရှင်းစေဖို့
● ပြန်လည်ဖြူဖွေးလာစေဖို
● ခံတွင်းနံ့ဆိုးတွေ ပျောက်စေဖို့
● သွားဖုံးတွေကိုပါ သန့်ရှင်းစေဖို့
စတာတွေ ဖြစ်ပါတယ်။
တချို့သွားတိုက်ဆေးတွေမှာတော့ ဒီတာဝန်တွေထက်ပိုပြီး စွမ်းဆောင်နိုင်တာမျိုးလည်း တွေ့ရပါတယ်။
သွားရဲ့အပေါ်လွှာတွေ တဖြည်းဖြည်းပျက်စီးလာတဲ့အခါမှာ အတွင်းက
သွေးကြောအာရုံကြောလေးတွေကို ကောင်းကောင်းအကာအကွယ်မပေးနိုင်တော့ဘဲ သွားကျဉ်တာ၊
သွားတွေပိုပိုပျက်စီးယိုယွင်းလာတာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။
Potassium Nitrate၊ Strontium Acetate သို့မဟုတ် Strontium Chloride ၊ Stannous Fuloride
ပါတဲ့ သွားတိုက်ဆေးတွေက ဒီပြဿနာကို လျော့ပါးပျောက်ကင်းစေနိုင်ပါတယ်။
အဓိကဇာတ်ဆောင် လူသား
လှပတဲ့အပြုံးတွေဖြစ်ဖို့အတွက် လူတစ်ယောက်မှာတော့ တာဝန်နှစ်ခုရှိပါတယ်။
နံပါတ် တစ် အချက်ကတော့ ကြည်လင်သန့်ရှင်းတဲ့ စိတ်နဲ့ ရင်ထဲကပါ တကယ်ပြုံးဖြစ်ဖို့ပါ။
နံပါတ်နှစ်ကတော့ သွားလေးတွေကို ကိုယ့်ရင်သွေးလေးတွေလို သေချာစောင့်ရှောက် ထိန်းသိမ်းဖို့ပါပဲ။
လူမှန်ရင် ကိုယ်ရင်သွေးကို စောင့်ရှောက်တတ်ရသလိုပဲ မှန်ကန်တဲ့
ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုပုံစံကို သိထားသင့်ပါတယ်။ တကယ်လိုက်နာဖို့လည်း လိုပါမယ်။
● တစ်နေ့ကိုနှစ်ကြိမ်မဖြစ်မနေသွားတိုက်ရပါမယ်။နှစ်မိနစ်ကြာအောင် တိုက်ရပါမယ်။
● သွားတိုက်တဲ့အခါ သွားတိုက်တံကို ပါးစပ်နဲ့ ၄၅ ဒီဂရီ စောင်းထားရပါမယ်။ အရှေ့အနောက်
၊အတွင်းအပြင်၊ အပေါ်အောက် နေရာအနှံ့ထိမိအောင် တိုက်ရပါမယ်။
● တစ်နေ့တစ်ကြိမ် သွားကြားထိုးကြိုး နဲ့ Dental floss လုပ်ပေးဖို့လည်း လိုပါတယ်။
● အချိုပါတဲ့ အစားအစာတွေ အချိုရည်တွေကိုလည်း ထိန်းထိန်းသိမ်းသိမ်းစားသောက်ဖို့
စားပြီးရင် ခံတွင်းသန့်ရှင်းဖို့ လိုပါတယ်။
● သွားဆရာဝန်ဆီကိုလည်း ခြောက်လတစ်ကြိမ်သွားရောက်စစ်ဆေးပြီး
သွားနှင့်ခံတွင်းရောဂါတွေကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဖို့လိုပါတယ်။
ပိုလှတဲ့အပြုံးတွေနဲ့ ပိုလှတဲ့ကမ္ဘာကြီးဖြစ်ပါစေ..
Dr ဖြိုးဝေလင်း